-->
×

Warning

JUser: :_load: Unable to load user with ID: 29


၄၂ နှစ် သက်တမ်းရှိပြီဖြစ်တဲ့ Apple ကုမ္ပဏီရဲ့ ပြောင်းလဲလာတဲ့ နည်းဗျူဟာ

၄၂ နှစ်  သက်တမ်းရှိပြီဖြစ်တဲ့ Apple ကုမ္ပဏီရဲ့ ပြောင်းလဲလာတဲ့ နည်းဗျူဟာ google

ကယ်လီဖိုးနီးယားမှာ ကျင်းပတဲ့ နည်းပညာသစ် မိတ်ဆက်ပွဲအခမ်းအနားမှာ Apple ကုမ္ပဏီရဲ့ ကြီးမားတဲ့ မဟာဗျူဟာတွေပြောင်းလဲလာတာကို တွေ့ရမှာပါ။

Apple ရဲ့ CEO တင်မ်ကွတ်က ဒီပွဲဟာ ထုတ်ကုန်သစ်တွေ မိတ်ဆက်ဖို့မဟုတ်ဘဲ ဝန်ဆောင်မှုအသစ်တွေကို ပြသဖို့ ဖြစ်တယ်လို့ပြောထားပါတယ်။ တကယ်လည်း iDeviceတွေ၊ Mac ကွန်ပျူတာ အသစ်တွေထက် Apple ရဲ့ ခေတ်ရေစီးကြောင်း ဈေးကွက်ထဲ ဝင်ရောက်ယှဉ်ပြိုင်မယ့် Live Streaming ရုပ်မြင်သံကြား ဝန်ဆောင်မှုတွေ၊ အကြွေးဝယ်ကတ်တွေနဲ့ Gaming ပလက်ဖောင်း ပုံစံသစ်တွေကိုပဲ ပွဲထုတ်ပြသခဲ့တာ ဖြစ်ပါတယ်။

Apple ဌာနချုပ်မှာ ကျင်းပတဲ့ အခမ်းအနားကို ဂျနီဖာအန်နစ္စတန်၊ စတီဗင်စပီးလ်ဘာ့ဂ်နဲ့ အော်ပရာဝင်းဖရေးတို့လို နာမည်ကျော် အနုပညာကြယ်ပွင့်တွေပါ တက်ရောက်အားပေးတာကို တွေ့ရပါတယ်။ သက်တမ်း ၄၂ နှစ်ရှိတဲ့ ကုမ္ပဏီရဲ့ အရေးပါတဲ့ အလှည့်အပြောင်းကာလမှာ မိတ်ဆက်လာတဲ့ ဝန်ဆောင်မှုအသစ်တွေကတော့

Apple TV+

အွန်လိုင်းကနေ ရုပ်ရှင်နဲ့ စီးရီးတွေ တိုက်ရိုက်ကြည့်ရှုနိုင်မယ့် App အသစ်ကို စပီးလ်ဘာ့ဂ်က တာဝန်ယူမိတ်ဆက်ပေးခဲ့ပါတယ်။ App အသစ်ကို ဆောင်းဦး ပေါက်ကာလလောက်မှာ စတင်အသုံးပြုနိုင်မယ်လို့ Apple က ဆိုပါတယ်။

Apple အနေနဲ့ Amazon၊ Netflix ဗီဒီယို Streaming နယ်ပယ်ထဲ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ခိုင်ခိုင်မာမာခြေလှမ်းစတင်လာတာ ဖြစ်ပါတယ်။ Apple TV+ မှာ Hulu နဲ့ HBO လို ကုမ္ပဏီတွေက ရိုက်ကူးပြသနေတဲ့ ဇာတ်ကားတွေကိုပါ ကြည့်ရှုနိုင်မှာပါ။

ထူးခြားမှုတစ်ခုကတော့ Apple ဟာ သူတို့ တီထွင်ထားတဲ့ App ကို တခြားပြိုင်ဘက်ကုမ္ပဏီတွေရဲ့ ထုတ်ကုန်တွေမှာပါ ပထမဆုံးအကြိမ် ထည့်သွင်းအသုံးပြုခွင့်ပေးလိုက်တာပါ။ ဒါကြောင့် Samsung၊ LG၊ Sony နဲ့ Vizio စမတ် TV တွေ၊ Amazon ရဲ့ Firestikc နဲ့ Roku တို့လိုကိရိယာတွေမှာပါ Apple TV+ ဝန်ဆောင်မှုကို ချိတ်ဆက်နိုင်ပါလိမ့်မယ်။

Apple Card

နွေရာသီမှာ Apple ရဲ့ အကြွေးဝယ်ကတ်စနစ်ကို အမေရိကန် ပြည်ထောင်စုအနှံ့ စတင်အသုံးပြုနိုင်ပါလိမ့်မယ်။ ဒီကတ်က iPhone ထဲမှာထည့်ထားတဲ့ App တစ်ခုအနေနဲ့ရော တကယ့်လက်ဆုပ်လက်ကိုင် ယူ ဆောင်လို့ရတဲ့ ကတ်ပုံစံနဲ့ပါ နှစ်မျိုးအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Apple ကတ်အတွက် နောက်ကျကြေး၊ နှစ်စဉ်ကြေးနဲ့ နိုင်ငံတကာ လှည့်လည်အသုံးပြုဖို့ သီးခြားကောက်ခံမှုတွေရှိမှာ မဟုတ်ကြောင်း Apple Pay ဌာနခွဲရဲ့ ဒုတိယအကြီးအကဲ ဂျနီဖာဘိုင်လီက ပြောပါတယ်။

Apple Card ကို ဖန်တီးရာမှာ Goldman Sachs နဲ့ MasterCard တို့ရဲ့ အကူအညီတွေ ရယူခဲ့ပါတယ်။

မိမိလုပ်ငန်းတိုးချဲ့ဖို့အတွက် ရင်းနှီးမြှုပ်နှံမှုတွေ ရအောင် ဘယ်လိုလုပ်ရမလဲ

Apple News+

Apple က သတင်းစာနဲ့ ဂျာနယ်တွေကို ဒစ်ဂျစ်တယ် Format နဲ့ စုစည်းမှာယူနိုင်မယ့် News+ ဝန်ဆောင်မှုကိုလည်း မိတ်ဆက်ခဲ့ပါတယ်။ ဒီဝန်ဆောင်မှုကတော့ Apple TV+ နဲ့မတူဘဲ ကုမ္ပဏီရဲ့ ထုတ်ကုန် Device တွေမှာပဲ အသုံးပြုနိုင်မှာပါ။

Marie Claire၊ Vogue၊ New Yorker၊ Esquire၊ National Geographic နဲ့ Rolling Stone တို့အပါအဝင် မဂ္ဂဇင်း ၃၀၀ ကျော် လောက်ကို ဒီဝန်ဆောင်မှုမှာ စုစည်းပေးထားမှာ ဖြစ်ပါတယ်။ Los AngelesTimes နဲ့ Wall Street ဂျာနယ်လို သတင်းမီဒီယာတွေလည်း ဒီပလက် ဖောင်းမှာ လာရောက်ပူးပေါင်းထားပါတယ်။ Apple News+ အသုံးပြုဖို့ အတွက် လစဉ်ကြေး ၉ ဒသမ ၉၉ ဒေါ်လာ ပေးသွင်းရမှာပါ။

အမေရိကန်နဲ့ ကနေဒါတို့မှာ ဒီဝန်ဆောင်မှု စသုံးလို့ရနေပြီဖြစ်ပေမယ့် ဥရောပမှာတော့ အခုနှစ်နှောင်းပိုင်းလောက်မှ စတင်လည်ပတ်လာ မယ်လို့ ဆိုပါတယ်။

Apple Arcade

Apple ရဲ့ Gaming သီးသန့်ဝန်ဆောင်မှုပေးမယ့် ပလက်ဖောင်း အသစ်ပါ။ Google က မကြာသေးခင်ကမှ ကြေညာလိုက်တဲ့ Stadia နဲ့ အဓိကကွဲပြားတာကတော့ Apple ရဲ့ ဝန်ဆောင်မှုက Game တွေကို Offline အနေအထားမှာပါ ကစားနိုင်ခြင်းဖြစ်ပါတယ်။

Apple Arcade မှာ အထူးဖန်တီးထားတဲ့ Game အမျိုးအစား ၁၀၀ ကျော်ပါဝင်ပြီး ဆောင်းဦးပေါက်ကာလကျရင် နိုင်ငံပေါင်း ၁၅၀ လောက်မှာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ လစဉ်ကြေး သတ်မှတ် ချက်ကိုတော့ မထုတ်ပြန်သေးပါဘူး။

Gaming နယ်ပယ်ဟာ Apple ရဲ့ အဓိကဝင်ငွေရင်းမြစ်တွေနဲ့ ဆက်စပ်နေပါတယ်။ ၂၀၁၈ တုန်းက iOS သုံး ကိရိယာတွေပေါ်မှာ အခြေတည်တဲ့ Gaming စီးပွားရေး တန်ဖိုးဟာ ဒေါ်လာ ၃၃ ဒသမ ၅ ဘီလီယံ လောက်ထိ မြင့်မားခဲ့ပါတယ်။


Ref: BBC, CNet

Credit -7daydaily

Myanmar Advertising Directory

Read times
Rate this item
(1 Vote)