-->
×

Warning

JUser: :_load: Unable to load user with ID: 29


ကိုယ့်ကိုယ်ကို စမတ်ကျသူဖြစ်အောင် ဘယ်လိုနေမလဲ???

ကိုယ့်ကိုယ်ကို စမတ်ကျသူဖြစ်အောင် ဘယ်လိုနေမလဲ??? google.com

ကျွန်တော်တို့ နေ့စဉ်ဘ၀မှာ လုပ်ငန်းတာဝန်တွေ ရှင်သန်လှုပ်ရှား ဆောင်ရွက်ကြတဲ့နေရာမှာ ကိုယ့်ကိုယ်ကို စမတ်ကျအောင် နေထိုင်တတ်ဖို့ဟာ ဘ၀မှာ အောင်မြင်မှုတွေ ရရှိနိုင်ဖို့အတွက် အလွန်အရေးပါပါတယ်။

နေ့စဉ် လူမှုရေး၊ စီးပွားရေးလုပ်ငန်းတွေကို ဆောင်ရွက်ကြတဲ့နေရာမှာ

တစ်ယောက်နဲ့ တစ်ယောက် စတွေ့တွေ့ချင်းမှာ ဝတ်စားဆင်ယင်မှု၊ ရုပ်လက္ခဏာတွေနဲ့ ဆုံးဖြတ်လေ့ရှိကြတယ်။

စမတ်ကျန သပ်ရပ်မှုဟာ လူတစ်ဦးတစ်ယောက်စီရဲ့ ပင်ကိုရုပ်လက္ခဏာတွေနဲ့ သိပ်ပြီးမဆိုင်လှပါဘူး။

အဲဒါထက် လူတစ်ဦးစီရဲ့ ဝတ်စားဆင်ယင်မှု၊ ကိုယ်ဟန်အမူအရာ၊ ပြောပုံဆိုပုံ၊ နေပုံထိုင်ပုံတွေနဲ့သာ များစွာသက်ဆိုင်ပါတယ်။

ကဲ...စမတ်ကျအောင် နေထိုင်ပြုမူဖို့ ဘယ်လိုအချက်တွေကို သတိပြုရမယ်၊ ဘာတွေဆောင်ရွက်ကြရမယ်ဆိုတာ ကြည့်ကြရအောင်။

 

(၁) ဝတ်စားဆင်ယင်မှု(Dressing Style)

အနောက်တိုင်းဝတ်စုံပဲ ဝတ်ဝတ်၊ မြန်မာဝတ်စုံပဲ ဝတ်ဝတ်၊ ခေတ်ပေါ်လူငယ်စတိုင်ပဲ ဝတ်ဝတ်၊ ကိုယ်နဲ့ Fitting ကျပြီး သပ်သပ်ရပ်ရပ် စမတ်ကျအောင် ဂရုပြုဝတ်ဆင်ပါ။

ဥပမာ-ကိုယ်က ဝလွန်းရင် အကျီင်္က သိပ်သေးပြီး ကျပ်နေတာမျိုး၊ ကိုယ်ကပိန်လွန်းရင် အင်္ကျီက သိပ်ကြီးပြီးပွနေတာမျိုး မဖြစ်ပါစေနဲ့။

နောက်ပြီး ဝတ်ဆင်မယ့်အဝတ်အစားကို ရွေးချယ်တဲ့နေရာမှာ ကိုယ်သွားမယ့် ဌာန၊ ပွဲလမ်းသဘင်နဲ့ ကိုက်ညီတဲ့ ဝတ်စားဆင်ယင်မှုမျိုးကို ရွေးချယ်ဝတ်ဆင်တတ်ဖို့လိုပါတယ်။

ခေတ်ရှေ့ပြေးချင်တယ်၊ သူများထက်ထင်ပေါ်ချင်တယ်ဆိုပြီး မင်္ဂလာဆောင်လိုမျိုးကို ခေတ်လွန်သရုပ်ပျက် ဝတ်စားဆင်ယင်မှုမျိုးနဲ့ မတက်ရောက်ဖြစ်အောင် ဂရုပြုရပါမယ်။

 

(၂) ပြောပုံဆိုပုံ(Communication Style)

တစ်ဦးနဲ့တစ်ဦး အပြန်အလှန်စကားပြောဆို ဆက်ဆံကြတဲ့နေရာမှာလည်း ကာလဒေသအလိုက် တိုးတိုးတစ်မျိုး၊ ကျယ်ကျယ်တစ်ဖုံ ပြောဆိုတတ်ရပါမယ်။

ကိုယ်က စကားကျယ်ကျယ်အော်ပြောလိုက်လို့ အနှောက်အယှက်ဖြစ်မယ့်နေရာမျိုး ဥပမာ-Library လိုမျိုးမှာဆိုရင် စကားကျယ်ကျယ်မပြောမိအောင် အထူးဂရုပြုရပါမယ်။

နောက်တစ်ခါ စမတ်ကျလိုသူတိုင်း သတိပြုရမှာက အခေါ်အဝေါ်ပါ။

လူပေါင်းစုံ အသက်အရွယ်ပေါင်းစုံနဲ့ ဆက်ဆံဆောင်ရွက်ကြတဲ့နေရာမှာ အသက်အရွယ်အဆင့်အတန်းအလိုက်

ဦးလေးတန်သည်၊ အစ်ကိုတန်သည် ယဉ်ကျေးစွာ ပြောဆိုဆက်ဆံ ဆောင်ရွက်ကြခြင်းအားဖြင့် ပိုမိုစမတ်ကျပြီး ကိုယ့်ရဲ့အဆင့်အတန်း(Life Standard) ကိုပါမြင့်တက်စေပါတယ်။

 

(၃) ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပါ(Self Confidence)

ဘယ်နေရာပဲသွားသွား၊ ဘာပဲလုပ်လုပ်၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိနေဖို့က အရေးကြီးပါတယ်။

ကိုယ့်ကိုယ်ကို မယုံရဲဖြစ်နေသူ၊ ရှက်ကိုးရှက်ကန်းဖြစ်နေသူတစ်ယောက်ဟာ ဘယ်လိုမှ စမတ်မကျနိုင်ဘူးဆိုတာကတော့ အသေအချာပါပဲ။

 

(၄) အက်တစ်ကတ်များကို လိုက်နာပါ(Etiquette)

လောကမှာ လိုက်နာရမယ့် ကျင့်ဝတ်(Ethic) တွေနဲ့ အက်တစ်ကတ် (Etiquette) တွေဆိုတာရှိပါတယ်။ Ethic ဆိုတာကတော့ ရှင်းပါတယ်။

ဆရာတစ်ယောက်က ကျောင်းစိမ်းဝတ်ပြီး အရက်၊ ဆေးလိပ်မသောက်သင့်တာမျိုးပါ။

နောက် မင်းသားမင်းသမီးတွေအနေနဲ့ ဆယ်ကျော်သက်ပရိတ်သတ် လူငယ်လူရွယ်တွေ အတုယူ၊ အတုခိုးမှားစေနိုင်မယ့် အပြုအမူတွေကို မလုပ်ပြသင့်တာမျိုးပါ။

အက်တစ်ကတ်(Etiquette) ဆိုတာကတော့ အက်သစ်(Ethic) လောက်မပြင်းထန်ပါဘူး။

ဥပမာ-ထမင်းစားပွဲဝိုင်းမှာ ချောင်းမဆိုးသင့်တာမျိုး၊ ညစာစားပွဲမှာ လက်ဆုံစားရင် ဇွန်းသံခက်ရင်းသံ ကျယ်ကျယ်လောင်လောင် မထွက်သင့်တာမျိုးပါ။

ဒါကြောင့်မို့ English Dictionary က Etiquette ဆိုတဲ့ စကားလုံးကို 'The Code of ethical behavior regarding professional practice or action' "လူကြီးလူကောင်း ပရော်ဖက်ရှင်နယ်များ လိုက်နာရန် လူမှုစည်းကမ်းများ " လို့ ဖွင့်ဆိုထားခြင်းပါ။

စမတ်ကျလိုသူတိုင်း သက်ဆိုင်ရာ လူအဖွဲ့အစည်းရဲ့ Ethic and Etiquette စည်းမျဥ်းများကို လိုက်နာကြရပါမယ်။

 

(၅) နားထောင်တတ်အောင်သင်ယူပါ(Learn for Listening)

စမတ်ကျလိုသူတွေဟာ နေရာတကာမှာ သူတို့ချည်းပဲ စကားကို လုပြောလေ့မရှိပါဘူး။

သူတစ်ပါးပြောဆိုနေတာကို စိတ်ဝင်တစားနားထောင်တတ်ခြင်းဟာလည်း စမတ်ကျခြင်းရဲ့ ဝိသေသလက္ခဏာတစ်ရပ်ပါ။

ကမ္ဘာကျော် စကားပြောအကောင်းဆုံးဆိုတဲ့ ပုဂ္ဂိုလ်တွေဟာ တစ်ချိန်တည်းမှာပဲ နားအထောင်ဆုံးပုဂ္ဂိုလ်တွေ ဖြစ်တယ်ဆိုတာကိုလည်း သတိပြုသင့်ပါတယ်။

သင်လည်း စမတ်ကျအောင် နားထောင်ကြည့်လိုက်ပါ။

 

(၆) လမ်းလျှောက်ရင် မတ်မတ်လျှောက်ပါ(Working Style)

စမတ်ကျတဲ့သူတွေဟာ ကုတ်ချောင်းကုတ်ချောင်း ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိတဲ့ပုံစံနဲ့ ဘယ်တော့မှ လမ်းမလျှောက်တတ်ကြပါဘူး။

ဒါပေမယ့် စမတ်ကျကျ လမ်းလျှောက်တဲ့နေရာမှာ ဆောင့်ကြွားဆောင့်ကြွားပုံစံမျိုး ဖြစ်မနေအောင်လည်း အထူးသတိပြုသင့်ပါတယ်။

ကိုယ့်ရဲ့ ခြေလှမ်းတိုင်းဟာ ကိုယ့်ရဲ့ယုံကြည်မှုနဲ့ Personality ကို ဖော်ပြနေတယ်ဆိုတာကို အမြဲသတိရပါ။

 

(၇) တစ်ကိုယ်ရည် သန့်ရှင်းမှုရှိပါ(Personal Hygiene)

တစ်ကိုယ်ရည် ကျန်းမာသန့်ရှင်းမှုကလည်းစမတ်ကျဖို့အတွက် များစွာ အရေးပါပါတယ်။

ခြေသည်းလက်သည်း၊ မုတ်ဆိတ်မွှေး၊ နှုတ်ခမ်းမွှေးကအစ စမတ်ကျကျ သန့်ရှင်းနေဖို့ လိုအပ်ပါတယ်။

နောက်အရေးကြီးတာက ခံတွင်းနံ့ပါ။ ဥပမာ-ကိုယ်က ကော်ဖီလိုမျိုး ခံတွင်းနံ့ဆိုးစေတဲ့ အစားအစာမျိုးတွေကို ကြိုက်နှစ်သက်တယ်ဆိုရင် ပီကေ၊ ငုံဆေး စတာမျိုးတွေကို ဆောင်ထားသင့်ပါတယ်။

 

(၈) ကြင်နာတတ်တဲ့ နှလုံးသားကို မွေးမြူပါ(Kind Heart)

စမတ်ကျပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့သူတွေဟာ ကြင်နာတတ်တဲ့ နှလုံးသားတွေကိုလည်း ပိုင်ဆိုင်တတ်ကြပါတယ်။

နေ့သစ်တစ်ခု အစပြုတာနဲ့ တတ်နိုင်သလောက် ကိုယ်နဲ့ဆက်ဆံရမယ့်သူတွေအပေါ် ကြင်နာပါ။

မေတ္တာထားပါ။ သွားရင်းလာရင်း သက်ကြီးရွယ်အို၊ မသန်စွမ်းသူတွေကို တွေ့ရင် တတ်အားသမျှ ကူညီရိုင်းပင်းပါ။

ကြင်နာတတ်တဲ့ နှလုံးသားတွေဟာ Personality နဲ့ စမတ်ကျနမှုတွေကို ဆောင်ကြဉ်းပေးနိုင်တယ်ဆိုတာ သင်တွေ့လာရပါလိမ့်မယ်။

Read-ဒီနေ့ပဲ ယုံကြည်မှုကို သင့်အိတ်ထဲ ထည့်ပြီး အောင်မြင်မှုကို ရယူလိုက်ပါ

Credit; လင်းသိုက်ညွန့်(မြန်မာမြေ)

Read times
Rate this item
(2 votes)