-->
×

Warning

JUser: :_load: Unable to load user with ID: 29


USP ကို သုံးစွဲ၍ ကြော်ငြာခြင်း

လူတွေက ကြော်ငြာတွေနဲ့ ထိတွေ့နေတယ်။ ကြော်ငြာတွေကလည်း မျိုးစုံတယ်။

စီးပွားရေးလုပ်ငန်း အမျိုးစုံရဲ့ ကြော်ငြာတွေကို တစ်ချိန်လုံး ကြော်ငြာနေကြတတယ်။ မကြော်ငြာတဲ့နေ့ မကြော်ငြာတဲ့နာရီ မကြော်ငြာတဲ့ မိနစ် မကြော်ငြာတဲ့ စက္ကန့် မရှိဘူး။ စက္ကန့်မလပ် ကြော်ငြာတွေကို ကြော်ငြာနေတယ်။

အခု ခင်ဗျားက ကြော်ငြာတစ်ခုကို ဖန်တီးရတော့မယ်ဆိုရင် အဲဒီ ကြော်ငြာ အနန္တထဲမှာ ခင်ဗျားရဲ့ ကြော်ငြာကို ၀င်ပြိုင်စေရတော့မှာ ဖြစ်တယ်။ ခင်ဗျား ကြော်ငြာမယ့် ထုတ်ကုန်ပစ္စည်းတွေဖြစ်ဖြစ်၊ ၀န်ဆောင်မှုတွေဖြစ်ဖြစ် ၀ယ်မယ်လို့ မျှော်လင့်ထားတဲ့သူတွေက ခင်ဗျားဆီမှာ ၀ယ်အောင် ကြော်ငြာရမှာ ဖြစ်ပြီး ခင်ဗျားရဲ့ ပြိုင်ဘက်တွေဆီ ရောက်မသွားအောင် ဆွဲဆောင်ရမယ့်အပြင် ခင်ဗျားရဲ ပြိုင်ဘက်ဆီမှာ ၀ယ်နေတဲ့သူတွေ ခင်ဗျားဆီကို ရောက်လာအောင် ဆွဲငင်ရမှာလည်း ဖြစ်တယ်။ အဲဒီ ရည်မှန်းချက် ပေါက်မြောက်အောင် ဘယ်လို ကြော်ငြာမလဲဆိုတာ အကြံထုတ်ရမယ်။ စူးစိုက်ရမယ်။ ဘာလို့ ခင်ဗျားရဲ့ဟာကို ၀ယ်ယူသူက ရွေးချယ်ရမှာလဲ။ နံပါတ် ၁ အဖြစ် ရွေးရမှာလဲ။ ပြိုင်ဘက်ရဲ့ဟာတွေကို သူတို့ စဉ်းစားနေဖို့ မလိုရမှာလဲ။
ဒီအချက်ကို အပြည့်အ၀ ရာနှုန်းပြည့် ပေးနိုင်တဲ့ ကြော်ငြာတစ်ခုကို ဖန်တီးပေးဖို့ဆိုတာ တကယ်ကို မလွယ်တာပါ။ ဒီတော့ အနည်းဆုံး ၇၀ ရာခိုင်နှုန်းတော့ ပြည့်မီစေရမယ်လို့ ရည်မှန်းချက်ထားပြီး လုပ်ဆောင်ပါ။
အဲဒီအတွက် သုံးကြတာက USP ဖြစ်ပါတယ် USP ဆိုတာက “Unique Selling Proposition” ကို ဆိုလိုပါတယ်။
Rosser Reeves က သူရေးသားတဲ့ Reality in Advertising စာအုပ်မှာ USP ကို အခုလို ပြောပြထားတယ်။
ကြော်ငြာတိုင်းသည် ၀ယ်ယူသူကို ကမ်းလှမ်းချက်တစ်ခု မဖြစ်မနေ ပြုပေးရမည်။ စကားအရာမျှသာ မဖြစ်စေရ။ ရောင်းသည့်အရာကို လွန်လွန်ကျူးကျူး မဟုတ်တမ်းတရား ပြောပြနေခြင်း မဖြစ်စေရ။ လမ်းသွား လမ်းလာတို့ မြင်စေရန် ဆိုင်မျက်နှာစာ မှန်နံရံနောက်မှာ ပြထားသည့်သဘောမျိုး မဖြစ်စေရ။
ကြော်ငြာတိုင်းသည် ကြော်ငြာကို ဖတ်ရှုသူတိုင်း၊ ကြည့်ရှုသူတိုင်းကို မဖြစ်မနေ ပြောကိုပြောပြရမည်မှာ “ဒီဟာကို ဟောဒီ အကျိုးကျေးဇူးအချက်တွေ အတွက် ၀ယ်ပါ”
ပစ္စည်း သို့မဟုတ် ၀န်ဆောင်မှုကို တိတိပပ ပြောပြရမည်။ ၀ယ်ယူသည့်အတွက် ရရှိမည့် အကျိုးကျေးဇူးကိုလည်း တိတိကျကျ ပြောပြရမည်။ ကိုယ့်စကားကို အာမခံနိုင်ရမည်။
ထိုမျှဖြင့် မပြီးချေ။ အဆိုပါ ကမ်းလှမ်းချက်သည် မည်သည့်ပြိုင်ဘက်ကမှ မပေးနိုင်သည့်အရာ အကျိုးကျေးဇူး ဖြစ်ရမည်။ တစ်မူထူးပြီး အခြားမရှိ unique ဖြစ်ရမည်။
ထိုမျှဖြင့် မပြီးချေ။ ထို တစ်မူထူးပြီး အခြားမရှိသော အကျိုးကျေးဇူး ကမ်းလှမ်းချက်သည် လူအများတို့ စိတ်မှာ တိမ်းညွှတ်ပြီး ၀ယ်ယူအောင် အားကောင်းသောအရာ ဖြစ်ရမည်။ မိတ်ဟောင်းများသာမက မိတ်သစ်များကိုပါ ဆွဲငင်နိုင်ရမည်။
USP ကို အရင်ရအောင် ပြုလုပ်ပြီးမှ ကြော်ငြာကို ဖန်တီးပါ။

ဘယ်အရာတွေက သင့်ရဲ့ဟာကို တခြားမျိုးတူတွေနဲ့ ကွဲပြားနေစေသလဲ။ တခြားဘယ်သူမှာမှ မရနိုင်တာ သင့်မှာ ဘာရှိသလဲ။ အဲဒီဟာ ရဖို့ ၀ယ်ယူသူတွေက စိတ်ဝင်စားသလား။ အဲဒီဟာ ရတဲ့အတွက် ၀ယ်ယူသူတွေ လက်တွေ့အကျိုးကျေးဇူးတွေ ရမှလား။
အစရှိတာတွေကို အဖြေရှာရမှာ ဖြစ်ပါတယ်။
စိတ်ထဲ သိထားဖို့အချက်က USP တစ်ခုမှာ မရှိတာထက်စာရင် ဘယ်လို USP ဖြစ်ဖြစ် ရှိထားတာ ပိုကောင်းတယ်ဆိုတာပဲ ဖြစ်ပါတယ်။ အဲဒီ အချက်ကို အားမလိုအားမရ ဖြစ်နေပေမဲ့ ကြော်ငြာမှာ သုံးကြည့်လိုက်လို့ အဆင်ပြေရင် ပိုမိုကောင်းမွန်အောင် မွမ်းမံပြီး သုံးစွဲလို့ ရမယ်။ အဆင်မပြေရင် နောက်ထပ် USP တစ်မျိုးကို ကြော်ငြာမှာ ပြောင်းလဲသုံးစွဲရမှာ ဖြစ်ပါတယ်။
တစ်မျိုး လုပ်လို့ရတာက ဘာလဲဆိုတော့ ပြိုင်ဘက်မှာလည်း ရရှိနိုင်တဲ့ USP ကို ပြိုင်ဘက်က မကြော်ငြာဘူး။ ဂရုမထားဘူး။ အဲဒီလို USP ကို ကိုယ်က ပွဲထုတ်ပြီး ကြော်ငြာလို့ ရတယ်။ လက်ဦးမှု ရယူတဲ့ မဟာဗျူဟာဖြင့် ၀ယ်ယူသူတွေကို ဆွဲယူသိမ်းသွင်းဖို့တော့ လိုမယ်။

Read times
Rate this item
(1 Vote)