-->
×

Warning

JUser: :_load: Unable to load user with ID: 29


အီးနဲ့ အိပ်စ်ကြားမှာ မြားပုံစံ ပေါ်နေအောင် FedEx Logo ကို ဘယ်လိုဖန်တီးခဲ့တာလဲ

FedEx logo ကို ကြံဆဖန်တီးရာမှာ ဦးဆောင်ခဲ့သူ လင်ဒွန်  Lindon ရဲ့ ကိုယ်ပိုင်လုပ်ငန်းက Leader Creative ဖြစ်ပါတယ်။

လိုဂိုတွေကို ကြည့်ချင်တယ်ဆိုရင် http://www.leadercreative.com/work/ မှာ ၀င်ရောက် ကြည့်ရှုလို့ ရပါတယ်။ လင်ဒွန်ကို ဗျူးထားတဲ့ အင်တာဗျူးတစ်ခုကို ဖော်ပြအပ်ပါတယ်။

 

မေး။ FedEx လိုဂိုကို ဘယ်တုန်းက ဒီဇိုင်းဆွဲခဲ့ပါသလဲ။

 ၁၉၉၄ ခုနှစ် ဆန်ဖရန်စစ္စကိုမှာရှိတဲ့ Landor Associates မှာ Senior Design Director အဖြစ် လုပ်ကိုင်နေစဉ်မှာပါ။

 

မေး။ FedEx လိုဂိုအတွက် ဆုတွေ အများကြီး ဆွတ်ခူးခဲ့တယ် မဟုတ်လား။

ဟုတ်။ ကျွန်တော်သိသလောက်ပြောရရင် ကမ္ဘာတစ်လွှားမှာ ရတဲ့ ဆုအရေအတွက် ၄၀ ကျော်တယ်။ နောက်ထပ်လည်း ရနေဆဲ ဖြစ်ပါတယ်။ အထူးခြားဆုံးလို့ ပြောရမယ့် အသိအမှတ်ပြုခံရတာ တစ်ခုက ၂၀၀၃ခုနှစ်  မေလ ၁၅ ရက်မှာ ထုတ်တဲ့ Rolling Stone Magazine ကို ၃၅နှစ်မြောက် အမေရိကန်အိုင်ကွန် 35th Anniversary American Icon အတွက် ထုတ်ခဲ့တာမှာ FedEx လိုဂိုကို Apple, Coca-Cola, Nike, IBM, Starbucks, McDonald’s and Playboy တို့နဲ့အတူ ၃၅ နှစ်တာအတွင်း အကောင်းဆုံး လိုဂို ၈ စာရင်းမှာ ဖော်ပြခဲ့ပါတယ်။

 

မေး။ FedEx က ခင်ဗျား ဒီဇိုင်းလုပ်ခဲ့တာတွေထဲမှာ အကျော်ကြားဆုံးလား။

နေရာအနှံ့ လူသိများကျော်ကြားတာအရ ပြောရင် ဟုတ်ပါတယ်။ လုပ်ငန်းကျင်လည်ရာ နေရာအရ လူသိများ ကျော်ကြားတာတွေလည်း ရှိပါတယ်။ Ryder trucks, CIGNA, the NCAA, လက်တင်အမေရိကရဲ့ အကြီးမားဆုံး ဘဏ်ဖြစ်တဲ့  Banco Bradesco ( စွာပိုလိုမြို့တော် ဘရာဇီး ) တို့ ဖြစ်ပါတယ်။

 

မေး။ FedEx လိုဂိုကို ရေးဆွဲနေတုန်း ဘယ်တော့လောက်မှာ အက္ခရာတွေကြားက မြားကို ခင်ဗျား သတိပြုမိခဲ့ပါသလဲ။

ကျွန်တော်တို့ လိုဂိုကို အမျိုးမျိုး ဆွဲကြည့်ကြတာ ခုရေ ၂၀၀ ကျော်နေပြီ။ ဆွဲပြီးသားတွေကို ပြန်ကြည့်ပြီး သုံးသပ် ဆန်းစစ်ကြည့်ကြတယ်။ တချို့က အရင်လိုဂိုအဟောင်းကို ပြန်သထားတာတွေ။ တချို့က လန်ထွက်နေတယ်။ ဒါပေမဲ့ လိုဂိုတွေ အကုန်လုံးဟာ ကုမ္ပဏီရဲ့ စံထားချက် အရောင်နှစ်ရောင်ကိုတော့ ထိန်းသိမ်းထားကြပါတယ်။ အဲဒါ လိမ္မော်နဲ့ ခရမ်း။ ဒါပေမဲ့ အနီနဲ့ အပြာလို့ ထင်တဲ့သူတွေလည်း ရှိနေတယ်။အဲဒီ ဒီဇိုင်း ၂၀၀ ကျော်ထဲကနေ ၆ခုကို ဆီမီးဖိုင်နယ်အဖြစ် ရွေးလိုက်ကြတယ်။ အဲဒီ ၆ခုကို ထိပ်တန်းအရာရှိကြီးတွေကို တင်ပြမှာ ဖြစ်ပါတယ်။

အဲဒီ ၆ခုကို ကြည့်ရှုကြတာမှာ E နဲ့ xကြားမှာ မြားလိုလို ပုံပေါ်နေတာကို ကျွန်တော် စတင်တွေ့ရှိလိုက်ပါတယ်။ အဲဒါကို အသုံးချဖို့ စိတ်ကူးရပါတယ်။ မြားနဲ့ လုပ်ငန်းသဘာဝ ဘယ်လို ပတ်သက်ပေးနိုင်သလဲ။ မြားက ပြေးတယ်။ မြန်တယ်။ ပစ်မှတ်ကို ချိန်ရွယ်ပြီး ပစ်လွှတ်လိုက်တယ်။ တိကျတယ် ဘာဘာညာညာတွေ  ပြောလို့ရတယ်။ ချောပို့လုပ်ငန်းရဲ့ သဘာဝနဲ့ အပ်စပ်တယ်ပေါ့နော်။

ခုနက ပြောတဲ့ ခုရေ ၂၀၀ ကျော်ထဲမှာလည်း မြားနဲ့ ဖော်ပြထားတာတွေ ရှိနေတယ်။ ဒါပေမဲ့ ပေါ်တင်ကြီးတွေ ဖြစ်နေတယ်။ အမြင်ရိုင်းတယ်။ ပညာသား မပါဘူး။ လုပ်ပေးသင့်တာက မြားက တမင်ဆွဲမထည့်ဘဲ ပေါ်နေစေရမှာ။ ဒီတော့ စာလုံးမျက်နှာပေါက်တွေကို ပြင်ပေးလိုက်မှ ရမယ်။ ဒီတော့ အက္ခရာပုံပန်းတွေကို ကျွန်တော်တို့ ပြန်ပြင်လိုက်ကြတယ်။ E နဲ့ xကြားမှာ မြားဖြစ်အောင် ပြင်ပေးလိုက်ကြတယ်။

 

 မေး။ မြားပီသသွားအောင် ဖွန့်တွေကို ပြင်ပစ်တာပေါ့နော်။

ဟုတ်။ တကယ်ကြီး ပြင်လိုက်တာ။ အဲဒီတုန်းက ကျွန်တော် Univers 67 (Bold Condensed) နဲ့ Futura Bold တို့ကို လေ့လာတယ်။ မျက်နှာပေါက်တွေက လှတယ်။ လန်းတယ်။ ဒါပေမဲ့ FedEx ကို ဖော်ပြမယ့် မီဒီယာ အမျိုးအမည်က ထောင်ချီပြီး ရှိနေတာကို အကုန်လုံးအတွက် အဆင်ပြေမှာ မဟုတ်တဲ့  ကန့်သတ်မှုက ရှိနေတယ်။

ဆိုပါစို့။ ကုန်ပို့လွှာမှာ သုံးမယ်။ ယူနီဖောင်းရဲ့ ဦးထုပ်မှာ သုံးမယ်။ FedEx.com ၀က်ဘ်ဆိုဒ်မှာ သုံးမယ်။ ဆိုင်းဘုတ်မှာ သုံးမယ်။ အကြီးစား ဆိုင်းဘုတ်အဖြစ် လေယာဉ်ကိုယ်ထည်မှာလည်း သုံးဦးမှာ။ ကားကိုယ်ထည်မှာ၊ အဆောက်အဦမှာ စတာတွေမှာလည်း သုံးမှာ။

ဒီတော့ မြားကို လိုချင်ရင် လက်ရှိဖွန့်တွေက နေရာတိုင်းမှာ မြားဖြစ်နေအောင် ဖြည့်ဆည်းပေးနိုင်မှာ မဟုတ်ဘူး။ စာလုံးအလှကို အပျက်ခံပြီး လုပ်ပစ်လိုက်မှ ရမယ့်နေရာတွေ ရှိနေတယ်။ မျက်နှာပေါက် ပျက်မှာ။ တခြား နည်းပညာဆိုင်ရာ အခက်တွေလည်း ရှိနေတာ  ပြောမပြတော့ဘူး။ လိုရင်းကို ပြောရရင် အဲဒီ ဖွန့်နှစ်ခုကနေ အကောင်းဆုံးအဖြစ် အဆီလျော်ဖြစ်မယ့်ဟာတွေကို ကျွန်တော်တို့ ရွေးယူလိုက်တယ်။

အက္ခရာတွဲ (ligatures) တွေကိုလည်း ကျွန်တော်တို့ ယူလိုက်တယ်။ (ligatures အကြောင်း စာလုံးပုံစံသုံးစွဲမှု ပညတ်တော် ၀၂၅ - ၀၂၆ တွင် ဖော်ပြပြီး) x-height ကိုဖြစ်ဖြစ်၊ စာလုံးသေး (lower-case lettre) တွေရဲ့ အရွယ်အစားကို ဖြစ်ဖြစ် တိုးပေးလိုက်ပြီး စာလုံးကြီး (upper-case letter) နဲ့ ချိန်ညှိပေးလိုက်တယ်။ အဲဒီလို ချိန်ညှိတာမှာ မြားက တမင်လုပ်ထားတာ မဖြစ်တော့ဘဲ နေရာမှန်  အံဝင်တဲ့အထိ လိုတိုးပိုလျှော့ လုပ်ပေးတယ်။

 

မေး။ ဘာလို့ မြားကို သိမ်သိမ်မွေ့မွေ့ အရမ်းလုပ်ကြရတာလဲ။ အဲဒီလို လုပ်ရတဲ့အတွက် အတော်ကို အကန့်အသတ် အချုပ်အချယ်တွေ ဖြစ်နေရတယ် မဟုတ်လား။ FedEx က ပုဂ္ဂိုလ်တွေက ပိုထင်ရှား သိသာအောင် လုပ်ခိုင်းသေးလား။ ကောက်ကြောင်းဖော်ခိုင်းတာတို့၊ မတူတဲ့အရောင် မျဉ်းအနားသတ် ထည့်ပြီး မြားကို သိသာအောင် လုပ်ခိုင်းတာတို့ လုပ်ခိုင်းသေးလား။

မေးဖို့ကောင်းတဲ့ မေးခွန်းပဲ။ ကျွန်တော် မကြာခဏ အမေးခံရတဲ့ မေးခွန်းပဲ။ မြားဆိုတာက ကမ္ဘာသုံးဂရပ်ဖစ်ပုံ ဖြစ်နေတယ်။ အမြင်အားဖြင့် အသိပေး ဆက်သွယ်ပြောဆိုဖို့ သုံးကြတယ်။ ဒီတော့ မြားကို လုပ်ငန်းအမှတ်တံဆိပ်အဖြစ် အသုံးပြုရင် ဘာထူးမှာလဲ။ နေရာတကာမှာ တွေ့နေရတာ မဟုတ်လား။ ၁၉၉၄ ခုနှစ်မှာ အမှတ်တံဆိပ် ထွက်ပေါ်မလာခင်မှာ FedExရဲ့ လူထုဆက်ဆံရေးအေဂျင်စီက မြန်ဆန်တိကျမှုအတွက် သင်္ကေတအဖြစ် မြားကို သုံးဖို့၊ ဒုတိယနေရာမှာ ထားရှိသုံးစွဲဖို့ ဆိုတာတွေ ချမှတ်ထားပြီးသား ဖြစ်နေတယ်။

မြားကို သုံးပြီး အမွှမ်းတင်ဖို့ ရှိနေတယ်။ ဒီတော့ သူတို့ဘက်က မြားကို ဒုတိယအသားပေးနေရာမှာ ထားပေးဖို့  ပြောတယ်။ ကျွန်တော် ခပ်ပြတ်ပြတ် ငြင်းပစ်လိုက်တယ်။ ဘယ်လိုနည်းနဲ့မှ လုပ်မပေးဘူး။ ၀ှက်ထားတဲ့မြားမှာ ၀ှက်ထားတဲ့ အပိုဆုကြေးတန်ဖိုး ရှိနေတယ်လေ။ မြင်ရတွေ့ရတာကို ပြောင်းပြန်ကြည့်လိုက်မှ မြင်ရတွေ့ရတဲ့ အရာဖြစ်ပြီး အကောင်းဘက်မှာ ရှိနေတယ်။ positive-reverse optical ဖြစ်နေတယ်။

မတွေ့လို့ မမြင်တော့လည်း ဘာအရေးလဲ။ လိုဂိုက အားမယုတ်သွားပါဘူး။ ထင်းထင်းလုပ်လိုက်မှ လိုဂို ဟန်ချက်နဲ့ မျှတမှု ပျက်စီးမယ်။ တွေ့လို့ မြင်သွားခဲ့ရင် တစ်သက် မမေ့တော့ဘူး။ ပြီးတော့ တခြားသူတွေကိုလည်း သူတွေ့တာ ပြောပြမယ်။ လိုဂိုကို ပြပြီး ဘာထူးခြားတာ တွေ့သလဲဆိုပြီး ပဟေဠိလုပ်ကြတဲ့သူတွေအများကြီးပဲ။ အတင်းမလုပ်ရဘူး။ သိမ်သိမ်မွေ့မွေ့ ဖြစ်ရမယ်။ ကြည့်လိုက်စမ်းဆိုပြီး မဖြစ်ရဘူး။ ကြည့်ကြည့်ပါဦး။ ဘာတွေ့လဲ ဆိုတာမျိုးပဲ ဖြစ်ရမယ်။

 

မေး။ လိုဂို အသစ်ပြန်ဆွဲဖြစ်တာ မှတ်မိသလောက် ပြောပြလို့ ရမလား။

ဟုတ်။ identity ကို ဖန်တီးပြီး ကုမ္ပဏီကို ပေးသွင်းဖို့ဆိုတာ စီအီးအိုနဲ့ အဆင်ချောဖို့ လိုတယ်။ စီအီးအို ဖရက်စမစ် က ဈေးကွက်တင်တာမှာ အင်မတန် လူရည်လည်တဲ့သူ။ အမှတ်တံဆိပ် ထူထောင်ခိုင်မြဲစေဖို့  ဒီဇိုင်းပညာရှင် အရေးပါတာ သူသိတယ်။ သူက တစ်နှစ်လောက် ကမ္ဘာတစ်လွှားမှာ အမှတ်တံဆိပ် မဟာဗျူဟာတွေကို စူးစိုက်လေ့လာပြီးတော့မှ အားပြန်ဖြည့်ပြီး လန်းဆန်းအောင် လုပ်ဖို့ သူ ဆုံးဖြတ်တယ်။

ကုမ္ပဏီကို လူတွေ ဆက်သွယ်ပြောဆိုရတဲ့ အမည် Federal Express က အခုခေတ်မှာ ရှည်လျားနေတယ်။ ခေတ်က အတိုနဲ့ တုပ်တဲ့ခေတ် မဟုတ်လား။ သူက FedEx လို တိုတိုတုပ်တုပ် လုပ်လိုက်တယ်။ FedEx ဖြစ်ဖို့ ဂရပ်ဖစ် လိုနေတယ်။ ကျွန်တော်တို့ကို graphic identity လုပ်ခိုင်းတယ်။ သူက ထိုးနှက်ချက်တွေ ချပေးတယ်။

၁) ခင်ဗျားက ပြန်လာပြီး ကျွန်တော်တို့ရဲ့ စံထားချက် အရောင်တွေဟာ ပန်းနုနဲ့ အစိမ်း ဖြစ်ရမယ်လို့ ပြောမယ်ဆိုရင် ကျွန်တော့်ကို အဲဒီလို ပြောင်းသင့်ကြောင်း အင်မတန်ကောင်းတဲ့ အကြောင်းပြချက် ပေးပါ။

၂) ကျွန်တော် လမ်းဘေးပလက်ဖောင်းပေါ် မတ်တတ်ရပ်ပြီး လှမ်းကြည့်တော့ ၅ ဘလောက် ဝေးတဲ့နေရာမှာ လာနေတဲ့ ထရပ်ကားကိုယ်ထည်ပေါ်က တံဆိပ်ကို လှမ်းတွေ့တာနဲ့ FedEx လို့ တန်းပြီး သိလိုက်ချင်တယ်။

 

၁၉၉၄ ဧပြီလ ၂၃ မှာ ကျွန်တော်တို့ ဒီဇိုင်း ၅ခု တင်ပြလိုက်တယ်။ ကျွန်တော်တို့က လိမ္မော်ကို လိမ္မော် ပိုသန်းသွားအောင် လုပ်ထားပြီး ခရမ်းကိုတော့ အပြာလျှော့ပေးထားလိုက်ကြတယ်။ ဒီဇိုင်းတွေကို ကြည့်ရှုကြတဲ့သူ ၁၂ ယောက်မှာ မြားကို တွေ့လိုက်တဲ့သူဆိုလို့ စမစ် တစ်ယောက်ပဲ ရှိပါတယ်။

 

မြန်မာနိုင်ငံမှာရှိတဲ့ ဒီဇိုင်းလုပ်ငန်းများကို အောက်ကလင့်ခ်မှာ ၀င်ရောက် ကြည့်ရှုနိုင်ပါတယ်။

https://bit.ly/2RnoUZ6  

https://bit.ly/2CX2J6H

 

Read times
Rate this item
(1 Vote)