-->
×

Warning

JUser: :_load: Unable to load user with ID: 29


ကြော်ငြာလုပ်ငန်းအများစုက ဒစ်ဂျစ်တယ်ဘက်ကို သွားနေတယ်

ကြော်ငြာလုပ်ငန်းအများစုက ဒစ်ဂျစ်တယ်ဘက်ကို သွားနေတယ် google

ဒစ်ဂျစ်တယ်ခေတ်ကို ပြောင်းလဲလာတဲ့ ဒီကနေ့အချိန်အခါမှာ မြန်မာနိုင်ငံမှာရှိနေတဲ့ ကြော်ငြာဝန်ဆောင်မှု လုပ်ငန်းတွေရဲ့လားရာနဲ့ ရှေ့ဆက်ပြောင်းလဲလာနိုင်တဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး

Mandalay Advertising Group ရဲ့ CEO ဦးကျော်ဇေယျကို မြန်မာတိုင်း(မ်)သတင်းထောက် စောရည်နန္ဒာက တွေ့ဆုံမေးမြန်းထားတာတွေကို ဖော်ပြလိုက်ပါတယ်။ 

 

ကြော်ငြာလုပ်ငန်းတွေရဲ့အရွေ့က ဘယ်ကို ဦးတည်သွားနေပါသလဲ။

ကြော်ငြာလုပ်ငန်းအများစုက ဒစ်ဂျစ်တယ်ဘက်ကို သွားနေတယ်။ အရင်ကဆိုရင် အရမ်းရိုးရှင်းတယ်။ ပစ္စည်းတစ်ခုကို ဈေးကွက်ထဲမှာ ထိုးဖောက်မယ်ဆိုရင် တီဗီမှာ ကြော်ငြာလိုက်ရုံပဲ။ အခုကျတော့ မဟုတ်တော့ဘူး။ ဒစ်ဂျစ်တယ်ဘက်ကို ဘယ်လောက်သုံးမလဲ။ traditional ကို ဘယ်လောက်သုံးမလဲ။ ဒီလိုလုပ်မှ ကိုယ့်ရဲ့စားသုံးသူအသံတွေကို ပြန်ကြားရမှာ။ အရင်ကတော့ လမ်းကြောင်းက တစ်မျိုးတည်းပေါ့။ အခုကျတော့ အဲဒီလိုမဟုတ်ဘူး။ လမ်းကြောင်းက နှစ်မျိုးဖြစ်နေပြီ။ ဒစ်ဂျစ်တယ်ဘက်ကို ပိုပြီးတော့ အလေးပေးလုပ်လာကြတယ်။

 

ကြော်ငြာရှင်တွေရဲ့တောင်းဆိုမှုက လွန်ခဲ့တဲ့သုံးနှစ်နဲ့ ယှဉ်ရင် ဘယ်လိုတွေပြောင်းလဲလာပါသလဲ။

အဓိက သူတို့က ဝန်ဆောင်မှုကို ပိုပြီးတော့ လိုချင်လာတယ်။ ပွဲတွေလုပ်တဲ့အခါ ဘတ်ဂျက်တွေသာ လျော့တာ၊ ဝန်ဆောင်မှုကျတော့ အကောင်းဆုံး လိုချင်လာကြတယ်။ ဥပမာ အရင်ကဆိုရင် တီဗီမီဒီယာပိုင်းမှာဆိုရင် ရိုးရိုးပဲသွားတာ။ အခု အဲဒီလိုမဟုတ်တော့ဘူး။ သူတို့က ဘယ်လိုသွားချင်တာ။ သူတို့ရဲ့သဘောထားက ဘယ်ထိသွားချင်တာမျိုး အသေးစိတ်တောင်းဆိုလာကြတယ်။ ဖောက်သည်တွေက အကုန်နားလည်နေကြပြီ။ အရင်ကဆိုရင် ဖောက်သည်ကပေးတာ A4 တစ်မျက်နှာပဲရှိတယ်။ အခုကျတော့ လေးမျက်နှာလောက်ရှိတယ်။ သူတို့လိုချင်တာကို အသေးစိတ်ပေးတာ။ ဒီလိုမျိုးကို ကြိုဆိုတယ်။ ဒါမှလည်း သူတို့ ဘာလိုချင်တယ်။ ကိုယ်က ဘာပေးနိုင်တယ်ဆိုတာ သိမှာ။

 

ဘာကြောင့် ဒီလိုပြောင်းလဲလာတယ်လို့ထင်လဲ။

ဘာကြောင့် ပြောင်းလဲရတာလဲဆိုတော့ နံပါတ်တစ် ပိုပြီးထိထိရောက်ရောက်ဖြစ်ချင်တယ်။ ပြီးတော့ ဘာကို နားလည်သွားလဲဆိုတော့ အရင်တုန်းက ကျွန်တော်တို့ သတ်မှတ်ထားတဲ့ စားသုံးသူဆိုတာ ဈေးဝယ်တဲ့သူတွေ အားလုံးလို့ထင်တယ်။ အခုကျတော့ မဟုတ်တော့ဘူး။ သူတို့ဦးတည်တဲ့ စားသုံးသူက အသက် ၁၈ နှစ်ကနေ ၃ဝ ပတ်ဝန်းကျင်၊ ယောကျာ်းဆိုလည်း ယောကျာ်းသီးသန့် မိန်းကလေးဆိုလည်း မိန်းကလေးသီးသန့် အဲဒီလိုမျိုး ပုံစံဖြစ်လာတယ်။ တချို့ကျတော့ သူတို့ရဲ့ဦးတည်မှုဟာ တက္ကသိုလ်ကျောင်းသားသီးသန့် ဒါမျိုးတွေ ဖြစ်လာတယ်။ သူတို့ရဲ့ဦးတည်ချက်က ပြတ်လာတယ်။ သူတို့လိုချင်တာကိုလည်း ပိုသိလာသလို ဦးတည်ချက်ကို ပိုအသေးစိတ်လာတယ်လို့မြင်တယ်။

 

ဒီလိုပြောင်းလဲမှုနဲ့ လိုက်လျောညီထွေဖြစ်နိုင်ဖို့ ဘယ်လိုဆောင်ရွက်မှုတွေ လုပ်ဖို့လိုမလဲ။

ကျွန်တော်တို့ဘက်က လိုအပ်တဲ့သင်တန်းတွေ အများကြီးပေးရတယ်။ တစ်ခါတလေ လိုအပ်လို့ ပြည်ပမှာ တက်ရမယ်ဆိုရင်လည်း ပို့ပေးတယ်။ အခုကျွန်တော့်ဆီက လူငယ်တွေဆိုရင် တစ်နှစ်ကို တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် Staff Change လုပ်ရတယ်။ ဘန်ကောက်မှာ ရုံးထိုင်ခိုင်းပြီးတော့ အဲဒီမှာရှိတဲ့ Clients Meeting တွေကို တက်ခိုင်းရတယ်။ ဒီလိုမျိုးအတွေ့အကြုံသစ်တွေပါ ပေးရတယ်။ ဟိုဘက်မှာ နိုင်ငံတကာရဲ့ ဝယ်လိုအား ဘယ်လောက်ရှိတာလဲဆိုတာ ပါ သိအောင်လုပ်ရတယ်။

 

အနာဂတ်မှာ ကြော်ငြာရှင်တွေရဲ့တောင်းဆိုမှုက ဘယ်လိုပြောင်းလဲလာနိုင်မလဲ၊ ဒီပြောင်းလဲမှုအတွက် ဘာတွေပြင်ဆင်ထားလဲ။

ကျွန်တော်ထင်တယ်။ သူတို့ဒီထက်ပိုပြီး တောင်းဆိုမှုတွေ များလာမယ်။ ဒစ်ဂျစ်တယ်ဘက် ပိုဦးတည်လာမယ်။ သူတို့လိုချင်တာက ဥပမာ ဒီဂျစ်တယ်ဘက် သုံးပြီးသွားရင်ရော ဘယ်လောက်ထိ အကျိုးသက်ရောက်မှု ရှိနိုင်မလဲ။ Social Marketing သူတို့အကြောင်းကို လူတွေဘယ်လောက်ထိပြောနေလဲ။ ပိုပြီးတော့ အသေးစိတ်တောင်းဆိုလာကြမယ်လို့ ကျွန်တော်ထင်တယ်။ ဒါကြောင့် ကျွန်တော်တို့ ပြင်ဆင်ထားတယ်။ ကျွန်တော်တို့ဘက်ကလည်း ဘယ်လောက်အသေးစိတ် ဝန်ဆောင်မှုပေးနိုင် မလဲပေါ့။

ကျွန်တော်ပြောချင်တာ နှစ်ချက်ရှိတယ်။ ပထမတစ်ချက် နည်းပညာပဲ။ နည်းပညာတွေကို နားလည်အောင် လုပ်ရမယ်။ နံပါတ်နှစ် သတင်းအချက်အလက်တွေ သိအောင် လုပ်ရမယ်၊ ဘယ်လိုအချက်အလက်တွေလဲဆိုရင် ဘယ် Clients က ဘယ်နိုင်ငံမှာ ဘယ်လိုပရောဂျက်တွေလုပ်သွားလဲ၊ ဘယ်လိုကမ်ပိန်းတွေ လုပ်သွားလဲဆိုတဲ့ သတင်းတွေရဖို့ လိုမယ်။ ပြီးတော့ ပြောင်းလဲလာတဲ့ နည်းပညာတွေကို သိကိုသိထားရမယ်၊ ဒီနှစ်ချက်တော့ ပြင်ဆင်ထားရမယ်လို့ ကျွန်တော်ထင်တယ်။

 

ဘယ်လိုအကြောင်းအရာမျိုးတွေက မြန်မာလူထုအကြား ရေပန်းအစားဆုံးဖြစ်မလဲ။ ဘယ်လိုအကြောင်းအရာ ပလက်ဖောင်းတွေကို လူကြိုက်များလဲ။

လူငယ်တွေ ပိုကြိုက်တာက သူတို့ဖန်တီးနိုင်စွမ်းရှိတဲ့အရာတွေကို ပိုကြိုက်ကြတယ်။ အခုခေတ်လူငယ်တွေ အားလုံးက သူတို့မှာ အင်တွေအားတွေရှိကြတယ်။ လုပ်ချင်တယ်။ ဘယ်လိုလုပ်ရမလဲ၊ ဘယ်က စလုပ်ရမလဲ၊ ဘယ်လိုဆက်သွယ်ရမလဲဆိုတာ မသိကြဘူးဖြစ်နေတယ်။ သူတို့ကို စေ့ဆော်နိုင်မယ့် Talk show တွေ များများလုပ်ပေးနိုင်မယ်ဆိုရင် သူတို့ပိုစိတ်ဝင်စားကြမယ်။

 

မိုဘိုင်းဖုန်းတွေ ပိုသုံးလာတဲ့အခါမှာ မီဒီယာတွေ၊ မားကက်တင်း အေဂျင်စီတွေအနေနဲ့ ဒီအခြေအနေကနေ ဘယ်လိုအကျိုးအမြတ်ရအောင် လုပ်နိုင်မလဲ။

မိုဘိုင်းဖုန်းကို ပိုသုံးလာလေ ကျွန်တော်တို့အတွက် အကျိုးအမြတ်ရအောင် လုပ်လို့ရလေပဲ။ ပြောချင်တာက သူတို့များများသုံးလေ ကျွန်တော်တို့ပေးချင်တဲ့ မက်ဆေ့ခ်ျကို ခဏခဏရောက်လေပေါ့။ ကျွန်တော်တို့ပေးချင်တဲ့ မက်ဆေ့ခ်ျကို မိုဘိုင်းကလည်း သွားတယ်၊ တီဗီကလည်း သွားတယ်။ ကွန်ပျူတာကလည်း သွားတယ်။ အပြင်ရောက်တဲ့အချိန်မှာဆိုရင် ဘတ်စ်ကားမှာ ကြော်ငြာတွေ ကပ်ထားတယ်။ Billboard တွေ ထောင်ထားမယ်။ ဒီလိုမျိုးတွေနေရာစုံက အကုန်ပေးနိုင်ရင် ကျွန်တော်တို့ပေးချင်တဲ့ မက်ဆေ့ခ်ျကို မြန်မြန်နဲ့ များများရောက်မယ်။ ကျွန်တော်တို့အေဂျင်စီတွေအတွက်လည်း အကျိုးကျေးဇူးတွေ ပိုရှိနိုင်ပါတယ်။

 

Source; The Myanmar Times

Myanmar Advertising Directry


Read More...Customer တွေရဲ့ ယုံကြည်မှုရရှိအောင် ခိုင်မာတဲ့ ဆက်ဆံရေးတစ်ခု တည်ဆောက်ပါ

Read times
Rate this item
(1 Vote)