-->
×

Warning

JUser: :_load: Unable to load user with ID: 29


သိထားသင့်တဲ့ Disney နောက်ကွယ်မှ အကြောင်းအရာများ

ကမ္ဘာပေါ်မှာရှိတဲ့ ကလေးငယ်တိုင်း နှစ်သက်ကြတဲ့ ကာတွန်းကားတွေကို ဖန်တီးထုတ်လုပ်နေတဲ့ ဝေါ့လ်ဒစ်စနေ ကုမ္ပဏီကို တည်ထောင်ခဲ့သူ ဝေါ့လ်ဒစ်စနေကို ၁၉၀၁ ခုနှစ်၊ ချီကာဂို မြို့ မှာ မွေးဖွားခဲ့ပါတယ်။ငယ်စဉ်ကလေးဘဝ ကတည်းက ကာတွန်းရုပ်တွေကို စိတ်ဝင်စားခဲ့တဲ့ ဝေါ့လ်ဒစ်စနေဟာ သူ့ရဲ့ အားလပ်ချိန်တိုင်းမှာ ကာတွန်းရုပ်တွေ ရေးဆွဲပြီး အချိန်ကုန်ခဲ့သူဖြစ်ပါတယ်။ သူ့ရဲ့ မိဘတွေဟာ ငွေကြေးပြည့်စုံသူတွေ မဟုတ်တဲ့အတွက် အသက် ၂၀ မတိုင်ခင်ကတည်းက ဝေါ့လ်ဒစ်စနေဟာ သူ့အသက်မွေးဝမ်းကြောင်းအတွက် အလုပ်မျိုးစုံလုပ်ခဲ့ရပါတယ်။

 

အဲ့ဒီနောက် ကမ္ဘာစစ်ဖြစ်လာချိန်မှာ အမေရိကန်စစ်တပ်ထဲကို ဝင်ရောက်ဖို့ လျှောက်ထားခဲ့ပေမယ့်လည်း ငြင်းပယ်ခံခဲ့ ရပါတယ်။ ဒါကြောင့် သူဟာ ကြက်ခြေနီအဖွဲ့ထဲကို ဝင်ရောက်ခဲ့ပြီး ပြင်သစ်နိုင်ငံက အော်ပရေးရှင်းတွေမှာ လူနာတင်ကား မောင်းခဲ့ပါတယ်။ အဲဒီနောက် အမေရိကားကို ပြန်လာတော့ အလုပ်တစ်ခုရဖို့အတွက် အလုပ်ရှာရာမှာ အလွယ်တကူ ရှာမရခဲ့ပါဘူး။၁၉၁၉ ခုနှစ်မှာတော့ ပန်းချီရုပ်ပုံဒီဇိုင်းတွေ ရေးဆွဲတဲ့ စတူဒီယိုတစ်ခုမှာ အလုပ်သင်အဖြစ် အလုပ်ရခဲ့ပေမယ့်လည်း လအနည်းငယ်အတွင်းမှာပဲ အလုပ်ဖြုတ်ခံခဲ့ရပါတယ်။ သူက သရုပ်ဆောင် လုပ်ဖို့လည်း ကြံလိုက်ပါသေးတယ်။ နောက်တော့ သတင်းစာတွေအတွက် တစ်ကွက်ကာတွန်းလေးတွေ ဆွဲဖို့ကြိုးစားခဲ့ပေမယ့်လည်း မဖြစ်မြောက်ခဲ့ပါဘူး။

 

အဲ့ဒီနောက်သူဟာ “အက်ဒ်ဝင်” ဆိုသူ ရေးသားတဲ့ “Animated Cartoons” စာအုပ်ကို ဖတ်ခဲ့ပြီးတဲ့နောက်မှာတော့ ကာတွန်းရုပ်ရှင်တွေကို သိပ်စိတ်ဝင်စားသွားခဲ့ပါတယ်။ ဒါကြောင့်သူဟာ ကင်မရာ တစ်လုံးကို ငှားရမ်းပြီး သူ့ရဲ့ အိမ်နောက်ဖေးကွက်လပ်မှာ ကာတွန်းရုပ်ရှင်လေးတွေကို စမ်းသပ် ရိုက်ကူးကြည့်ခဲ့ပါတယ်။ဒီလိုနဲ့ သူဟာ ကာတွန်းရုပ်ရှင်လေးတွေ ဖန်တီးတဲ့ ကိုယ်ပိုင်လုပ်ငန်းတစ်ခု စတင်ဖို့ သူ့ရဲ့ သူငယ်ချင်း ကာတွန်းရေးဆွဲသူ တစ်ယောက်နဲ့အတူ ကုမ္ပဏီတစ်ခုတည်ထောင်ခဲ့ပါတယ်။ သူတို့ရဲ့ ကုမ္ပဏီကို ကာတွန်းရုပ်ရှင်တွေ ဖန်တီးဖို့အတွက် ရည်ရွယ်ခဲ့ပြီးတော့ ကင်းဆပ်စီးတီးမြို့ မှာ အခြေစိုက်ခဲ့ပါတယ်။ လုပ်ငန်းစတင်စဉ်မှာတော့ နယူးယောက်မြို့ မှာရှိတဲ့ ရုပ်ရှင်ဖြန့်ချီရေး ကုမ္ပဏီတစ်ခုအတွက် ကာတွန်းတွေ ရေးဆွဲပေးဖို့ စာချုပ်ချုပ်ဆိုနိုင်ခဲ့ပါတယ်။

 

ဒါပေမယ့် မကြာခင်မှာပဲ အလုပ်အပ်သူတွေ မရှိတဲ့အတွက် ကုမ္ပဏီပျက်လုနီးနီး အခြေအနေရောက်ခဲ့ပြီး တစ်ခါမှာတော့ ရုံးခန်းငှားခတောင် မပေးနိုင်တဲ့အထိဖြစ်ခဲ့ရပါတယ်။ သူဟာ ထမင်းဝယ်စားဖို့အတွက်တောင်ငွေမရှိလို့ ခွေးစာဗူးတွေပဲဝယ်စားနေရတဲ့အထိ အခြေအနေက ဆိုးရွားခဲ့ပါတယ်။ သူတို့ဟာ “Laugh-O-Grams” ဆိုတဲ့ ကာတွန်းကားကလေးတွေကို ဖန်တီးရောင်းချ နိုင်ခဲ့ပြီး ဝင်ငွေအချို့ရရှိခဲ့ပေမယ့်လည်း မကြာခင်မှာ လုပ်ငန်းရပ်ဆိုင်းသွားခဲ့ပါတယ်။

 

၁၉၂၃ ခုနှစ်မှာတော့ သူဟာ ဟောလိဝုဒ်ကို သွားရောက်ခဲ့ပြီးနောက် အလုပ်တစ်ခုရရှိဖို့ ကြိုးစားရှာဖွေခဲ့ပေမယ့်လည်း အလုပ်မရခဲ့ပါဘူး။ ဒါပေမယ့် မကြာခင်မှာ ရုပ်ရှင်ထုတ်လုပ်သူတစ်ယောက်က သူ့ကို ကာတွန်းရုပ်ရှင်ဇာတ်လမ်းတွဲ လေးတွေအချို့ ကို ရိုက်ကူပေးဖို့ အခွင့်အရေးပေးလာခဲ့ပါတယ်။ ဒါကြောင့်သူဟာ သူ့ရဲ့ အစ်ကိုဖြစ်သူ ဒေးဗစ်နဲ့အတူ “Disney Brothers Studio” ကို တည်ထောင်ခဲ့ပြီးတော့ အဲ့ဒီကုမ္ပဏီဟာ နောက်ပိုင်းမှာတော့ နာမည်ကျော်ကြားတဲ့ “Walt Disney Company” ဖြစ်လာခဲ့ပါတယ်။

 

ဝေါ့လ်ဒစ်စနေဟာ သူ့ရဲ့ ကာတွန်းရုပ်ရှင်ရိုက်ကူးရေးလုပ်ငန်း အောင်မြင်ဖို့အတွက် အခက်အခဲပေါင်းများစွာ ဖြတ်ကျော်ခဲ့ရပါတယ်။ ၁၉၂၇ ခုနှစ်မှာ သူ့ရဲ့ မစ်ကီမောက်စ် ကာတွန်းရုပ်ရှင်ကို ဖြန့်ချီဖို့ ကြိုးစားရာမှာလည်း ရုပ်ရှင်ဝေဖန်သူတွေက “ဒီကြွက်ကြီး ပိတ်ကားပေါ်မှာ ပြေးနေလို့ကတော့ မိန်းကလေးတွေ လန့်ကုန်ကြတော့မှာပဲ” လို့ အပြောခံရပြီး အလုပ်ဖြစ်မှာ မဟုတ်ဘူးလို့ပဲ ယူဆခဲ့ကြပါတယ်။ အခြားတစ်ခုဖြစ်တဲ့ ဝက်ကလေးသုံးကောင် ကာတွန်းရုပ်ရှင်ဟာလည်း ဇာတ်ကောင် ၄-ခုပဲ ပါတဲ့ အကြောင်းပြချက်နဲ့ ရုပ်ရှင်ဖြန့်ချီရေးလုပ်ငန်းတွေက ငြင်းခဲ့ကြပါတယ်။ အဲ့ဒီခေတ်အခါက ကာတွန်းရုပ်ရှင်ဆိုတာ ဇာတ်ကောင်များလေ ကောင်းလေလို့ ယူဆခဲ့ကြတာပါ။

 

ဒီလိုနဲ့ ၁၉၃၂ ခုနှစ်မှာ သူ့ရဲ့ “Flowers and Trees” ဇာတ်ကားဟာ အကယ်ဒမီဆု ရရှိခဲ့ပြီးတဲ့နောက်မှာတော့ သူဖန်တီးတဲ့ ရုပ်ရှင်ကားတွေဟာ ဆက်တိုက်အောင်မြင်မှုတွေ ရရှိခဲ့ပါတယ်။ အစောပိုင်းက ရိုက်ကူးခဲ့တဲ့ ဝက်ကလေးသုံးကောင် ကာတွန်းရုပ်ရှင်ဟာလည်း နောက်ပိုင်းမှာတော့ ကြောက်ခမန်းလိလိမျှ အောင်မြင်ခဲ့ပါတယ်။အဲ့ဒီနောက် ၄-နှစ်ကြာအောင်ရိုက်ကူးခဲ့ရတဲ့ စနိုးဝှိုက် နဲ့ လူပုလေး ၇-ယောက် ဇာတ်ကားကြောင့် သူ့ရဲ့အောင်မြင်မှုဟာ အမြင့်ဆုံးကို ရောက်ရှိခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ သူ့ရဲ့ Disney အမှတ်တံဆိပ်ကို ကလေးအသုံးအဆောင် ပစ္စည်းတွေထုတ်လုပ်ရာမှာ အခပေး၍ထုတ်လုပ်ခွင့်ပြုခဲ့ပြီး၊ အများပြည်သူတွေ အပန်းဖြေတဲ့ ကစားကွင်းကြီး တွေကိုလည်း တည်ထောင်နိုင်ခဲ့ပါတယ်။

 

“မင်းလိုချင်တဲ့အရာတစ်ခုကို စိတ်ကူးထဲမှာ ပုံဖော်နိုင်စွမ်းရှိတယ်ဆိုရင် အဲ့ဒီအရာကို ရယူနိုင်ဖို့ နည်းလမ်းတွေကို ရှာဖွေနိုင်မှာပဲပေါ့” လို့ ပြောကြားခဲ့တဲ့ ဝေါ့လ်ဒစ်စနေရဲ့ အလျော့မပေးစတမ်း ကြိုးစားနိုင်စွမ်းကတော့ စံနမူနာ ယူလောက်စရာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အနေနဲ့ အဆင်မပြေမှုတွေ၊ မအောင်မြင်မှုတွေနဲ့ ကြုံတွေ့လာခဲ့ရင် သူ့ရဲ့ ရုန်းကန်ကြိုးစားမှုတွေကို သတိရပြီး ဆက်လက်ကြိုးစားသင့်တဲ့အကြောင်း တိုက်တွန်းလိုက်ပါတယ်။

Read times
Rate this item
(1 Vote)