တချို့သူတွေက အောင်မြင်မှုတွေရကြတယ်။ ချန်ပီယံတွေ ဖြစ်ကြတယ်။
သင်ကတော့ ရုန်းနေကန်နေရတုန်းပဲ၊
မအောင်မြင်သေးဘဲ ဖြစ်နေလို့တော့ သင်ဟာ ချန်ပီယံတစ်ယောက် မဖြစ်နိုင်ပါဘူးဆိုပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေ လျော့နည်းသွားစရာ မလိုပါဘူး။
တကယ်တော့ ချန်ပီယံစိတ်ဆိုတာ လူတိုင်းရဲ့ ရင်ထဲမှာ ရှိပါတယ်။
တချို့သူတွေမှာ တောက်ပနေတတ်ပြီး တစ်ချို့သူတွေမှာတော့ မှေးမှိန်ပျောက်ကွယ်နေတာပဲ။ ဒါပဲကွာပါတယ်။
ဒီတော့ သင့်ရင်ထဲမှာလည်း မှေးမှိန်နေတဲ့ ချန်ပီယံစိတ်ကို အတောက်ပဆုံးဖြစ်အောင် တောက်လောင်ပစ်လိုက်လို့ ရပါတယ်။
သင် သံသယဝင်နေတုန်းလား? ယုံကြည်လိုက်ပါ။
အောင်မြင်မှုနဲ့ ထိုက်တန်တဲ့ ချန်ပီယံစိတ်ဟာ သင့်ရင်ထဲမှာ ရှိပြီးသားပါ။
လှုပ်နှိုးပေးဖို့ပဲ လိုတာပါ။
ရပ်တန့်မနေပါနဲ့
သင်ယူမှုမှာပဲဖြစ်ဖြစ်၊ တိုးတက်မှုမှာပဲဖြစ်ဖြစ်။ ဘယ်အရာမှာမဆို ရပ်တန့်မနေပါနဲ့။ ချန်ပီယံတွေဟာ စဉ်ဆက်မပြတ် တိုးတက်နေဖို့ လိုပါတယ်။
ရှိသမျှနဲ့ ကျေနပ်တင်းတိမ်နေလို့ မရပါဘူး။
စာသင်ခန်းထဲမှာ ဒီလောက်ပဲသင်ပေးလိုက်တယ်ဆိုရင် ဒီထက်ပိုသိအောင်
အပြင်စာတွေမှာ လေ့လာရပါမယ်။
ဒီလောက် တတ်ရင် အလုပ်ဖြစ်ပြီဆိုရင် ဒီ့ထက်ပိုတတ်အောင် ကြိုးပမ်းနေရပါမယ်။
ဒီစိတ်ဟာ ယုံကြည်မှုတွေကိုလည်း တိုးပွားစေလာပြီး သင့်ရင်ထဲက ချန်ပီယံလေးကို လှုပ်နှိုးဖို့ အကောင်းဆုံးနည်းလမ်းပါပဲ။
သူများထက် ခေါင်းတစ်လုံးသာတယ်ဆိုတဲ့ အသိဟာ သင့်ကိုယ်ရောင်ကိုယ်ဝါတွေကို တောက်ပေစေပါလိမ့်မယ်။
ရည်မှန်းချက်တွေ ခိုင်ခိုင်မြဲပါစေ
အောင်မြင်တဲ့ ချန်ပီယံတိုင်းမှာ ရင်ထဲမှာ ရည်မှန်းချက်ကိုယ်စီရှိပါတယ်။
သင့်ရင်ထဲက ချန်ပီယံလေးကိုလည်း အောင်မြင်စေချင်တယ်ဆိုရင် ရည်မှန်းချက်တစ်ခုကို ပြတ်ပြတ်သားသားထားဖို့ လိုပါမယ်။
သင့် အားသာချက်တွေ၊ ဖြစ်ချင်စိတ်တွေ၊ ဝါသနာတွေကို တွက်ချက်ပြီး ချန်ပီယံတစ်ယောက်ရဲ့ ပန်းတိုင်ကို ချမှတ်ရပါမယ်။
Comfort Zone ကနေ ဖြည်းဖြည်းချင်းထွက်ပါ
Comfort Zone ဆိုတာ သင့်အတွက် အပန်းမကြီးတော့တဲ့ နယ်ပယ်တစ်ခုကိုပြောတာပါ။
ဥပမာပြောရရင် သင်ဟာ တစ်နေ့ကို စာတစ်အုပ်ဖတ်နိုင်တယ်ဆိုရင် ဒါဟာ သင့်ရဲ့ အပန်းမကြီးတော့တဲ့ comfort zone တစ်ခုပါ။
ဒီတော့ ဒီနယ်ပယ်ထဲက ဖြည်းဖြည်းချင်း ထွက်ရပါမယ်။
တစ်နေ့ကို တစ်အုပ်ဖတ်နိုင်တဲ့ စွမ်းရည်ကို နည်းနည်းချင်းစီ တိုးချဲ့ရပါမယ်။
ဒါဟာ ချန်ပီယံတစ်ယောက်ရဲ့ စွမ်းရည်ကို တိုးတက်စေနည်းဖြစ်သလို၊ ငြီးငွေ့ဖွယ်ကောင်းတဲ့ဘဝကိုလည်း စိန်ခေါ်ရာရောက်ပါတယ်။
တခြားသော ချန်ပီယံတွေ
ချန်ပီယံတစ်ယောက်ဟာ လူတိုင်းနဲ့ပေါင်းသင်းနိုင်ပါတယ်။
ဒါပေမယ့် သူ့အနားမှာတော့ တခြာသော ချန်ပီယံတွေနဲ့သာ ဝန်းရံထားပါတယ်။
အရှုံးသမားတွေနဲ့ အတူရှိတဲ့အခါမှာ သင့်ရဲ့ ချန်ပီယံစိတ်ဓါတ်ကို ထိခိုက်စေနိုင်ပါတယ်။
ဒီတော့ သင်သာ ချန်ပီယံတစ်ယောက်ရဲ့စိတ်ဓါတ်ရှိနေခဲ့ရင် တခြားသော ချန်ပီယံတွေဟာလည်း အလိုလျောက် သင့်အနားကိုရောက်လာမှာပါ။
မယုံမရှိပါနဲ့။ ပတ်ဝန်းကျင်ဟာ သင့်ရဲ့စွမ်းရည်အပေါ်မှာ အများကြီး သက်ရောက်မှုရှိပါတယ်။
အားသာချက်ကို ပျိုးထောင်ပါ
လူတော်တွေက သူတို့ရဲ့ အားနည်းချက်ကို ရှာပြီး ပြုပြင်ကြပါတယ်။
ဒါပေမယ့် တကယ့်ချန်ပီယံတွေကတော့ သူတို့ရဲ့အားသာချက်ကိုရှာပြီး ပိုအားကောင်းအောင် ပြင်ဆင်ကြပါတယ်။
ဒါဟာ ချန်ပီယံတစ်ယောက်ရဲ့ အရေးအပါဆုံး ခွန်အားပါပဲ။
အားနည်းနေတဲ့အရာကို သာမန်ဖြစ်အောင် ပြုပြင်မယ့်အစား အားသာချက်ကို ကြောက်စရာအကောင်းဆုံးအားအင်တစ်ခုဖြစ်အောင်အသွင်ပြောင်းယူတတ်တာပါ။
ဒီတော့ သင့်အားသာချက်ကရော ဘာဖြစ်မလဲ။
သင့်ရင်ထဲက ချန်ပီယံကရော ဘယ်လိုအားသာချက်မျိုးနဲ့ စွမ်းအားကြီးချင်လဲ။
အပြောင်းအလဲ
ချန်ပီယံတွေက တစ်စုံတစ်ခုကို ဆုပ်ကိုင်ထားလေ့မရှိပါဘူး။
ဘယ်အရာမှာ မြဲမနေဘူးဆိုတာလည်း သဘောပေါက်ပါတယ်။
ဒီတော့ တတ်နိုင်သမျှ ရှေ့ရောက်ဖို့ ကြိုးစားပါတယ်။ ရှေ့ကိုမှ သွားမနေဘူးဆိုရင် နောက်ပြန်ရောက်သွားနိုင်ပါတယ်။
အပြောင်းအလဲကို သဘောကျပြီး ရင်ဆိုင်နိုင်တာ ချန်ပီယံတစ်ယောက်ရဲ့စိတ်ဓါတ်ပါပဲ။
ဒီတော့ ချန်ပီယံတစ်ယောက် ဖြစ်ချင်တယ်ဆိုရင် အပြောင်းအလဲကို ရင်ဆိုင်တတ်ဖို့တော့ လိုပါမယ်။
အလေ့အကျင့်ကောင်းတွေ
ချန်ပီယံတိုင်းရဲ့ စာမျက်နှာမှာ စိတ်ဝင်စားစရာကောင်းတဲ့ အလေ့အကျင့်ကောင်းတွေ ပိုင်ဆိုင်ပါတယ်။
အိပ်ရာဝင်၊ အိပ်ရာထဆိုတဲ့ အသေးအဖွဲ အလေ့အကျင့်တွေကစပြီး ကြီးကြီးမားမားအလေ့အကျင့်တွေအထိ စိတ်ဝင်စားဖို့ကောင်းပါတယ်။
ဒီတော့ သင်လည်း ချန်ပီယံတစ်ယောက် လုပ်တော့မယ်ဆိုရင် ဒီအတိုင်း ပျင်းရိနေလို့မရပါဘူး။
အလေ့အကျင့်ကောင်းတွေကို မွေးမြူဖို့လိုပါမယ်။
သင်ယူမှုတွေ။
ဘယ်တော့မှ ဆုံးခန်းတိုင်သွားတယ်လို့မရှိတဲ့ သင်ယူမှုတွေကို ချန်ပီယံတိုင်း သင်ယူကြရပါတယ်။
လေ့လာခြင်းဆိုတာ အောက်ဆီဂျင်လိုပဲ ရပ်တန့်လိုက်လို့မရပါဘူး။
ဒါကို ချန်ပီယံတိုင်း သဘောပေါက်သလို သင့်ရင်ထဲက ချန်ပီယံလည်း သိဖို့လိုပါတယ်။
ကြာကြာမနားဘူး
ပန်းတိုင်ရှည်ကြီးကို လျှောက်နေတဲ့သူတွေအဖို့ အနားယူဖို့ဆိုတာလည်း လိုပါတယ်။
စိတ်နွမ်းနယ်လာတဲအခါ အပန်းဖြေမှုတွေလိုပေါ့။
ချန်ပီယံတစ်ယောက်အတွက်လည်း အနားယူဖို့လိုပါတယ်။
ဒါပေမယ့် အချိန်ကြာကြာမနားသင့်ပါဘူး။
နားချိန်ကြာသွားရင် စိတ်တွေထိုင်း မှိုင်းပြီး သွေးအေးသွားတတ်တာကို ချန်ပီယံတိုင်း သတိပြုသင့်ပါတယ်။
. ကဲ..မိတ်ဆွေ။ ဒီမှာပါတဲ့အချက်တွေက ကမ္ဘာကျော်အောင်အောင်မြင်မြင်တဲ့ ဒိတ်ဒိတ်ကြဲတွေပဲ လုပ်လို့ရတာမဟုတ်ပါဘူး။
သင်လည်း လုပ်လို့ရတယ်။ ကျွန်တော်လည်း လုပ်လို့ရတယ်။
ပြောရရင် ချန်ပီယံဖြစ်ချင်တဲ့သူတိုင်း လုပ်လို့ရပါတယ်။
ဒီတော့ ဒီစာလေးကို ပြန်ပြန်ဖတ်ပြီး သင့်ရင်ထဲက ချန်ပီယံလေးကို လှုပ်နှိုးလိုက်ရအောင်ဗျာ...
Recommended for you-ဘဝမှာအောင်မြင်ဖို့ အလိုအပ်ဆုံး အရည်အချင်း တစ်ခု!
Ref: MG
Source; Focus Youth E-magazine