-->
×

Warning

JUser: :_load: Unable to load user with ID: 29


Bling နဲ့ Brand

Bling က စည်းစိမ်ပြ ထုတ်ကုန် Brand တွေမှာ ပါဝင်နေတဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်ပါတယ်။

Bling ဘလင်းခ် ဆိုတဲ့ ဝေါဟာရမှာ ဈေးကြီးခြင်း၊ ဝင့်ကြွားခြင်း၊ ပြစားခြင်း၊ လူရှိန်ခြင်းစတဲ့ အနက်အဓိပ္ပာယ်တွေ ပေါင်းစပ် ပါဝင်နေတာကို ဂုဏ်သတ္တိတစ်မျိုးအဖြစ် Brand တွေက အသုံးချကြပါတယ်။ ထိုသို့ အသုံးချနိုင်ဖို့အတွက် ဘလင်းခ်ကို Brand ရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ထည့်သွင်းပေးထားကြတယ်။

McKinsey ရဲ့ သုတေသနအရ တရုတ်ဈေးကွက်ထဲမှာ အသက်ငယ်ရွယ်တဲ့ စားသုံးသူတွေက စည်းစိမ်ဂုဏ်ဒြပ်ပြပစ္စည်း luxury တွေကို အသစ်အဆန်း ဖြစ်နေကြတယ်။ သူတို့က luxury ဆိုတဲ့ ပစ္စည်းတွေနဲ့ အတူကြီးပြင်းခဲ့ကြရသူတွေ မဟုတ်ကြောင်း တွေ့ရတယ်။ သူတို့အထဲမှ ၁၃% ကသာ luxury ပစ္စည်းတွေ သုံးပြီး ကြီးပြင်းခဲ့ကြတယ်။

ဘလင်းခ်က ယေဘုယျအားဖြင့် ရုပ်ဝတ္ထု စည်းစိမ်ဂုဏ်ဒြပ်ပြပစ္စည်းတွေကို လူအများအာ ပြသခြင်းနဲ့ ဆက်နွှယ်နေတယ်။ အရင်က လူလုံးထွက်ပြဖို့ လိုခဲ့တယ်။ အခုတော့ ဆိုရှယ်မီဒီယာပေါ်မှာ ဓာတ်ပုံတွေ ဗီဒီယိုတွေ တင်ပြပြီး ဝင့်ထည်လို့ ရနေပြီဆိုတော့ ဘလင်းခ် အသုံးကျတဲ့တန်ဖိုး တက်သွားတယ်။ ပရိသတ်က ပိုကျယ်ပြန့်သွားတယ်။ လူတွေ အများကြီး မြင်အောင် ပြသလို့ ရသွားတယ်။

ဘလင်းခ် ဂုဏ်သတ္တိဝင်းတောက်နေတဲ့ brand တစ်ခုက အဲမက်စ် Hermès ဖြစ်ပါတယ်။ ဝင်းလက်တောက်ပ brand လို့ သတ်မှတ်ထားကြတယ်။ အဲမက်စ်က ထုတ်လုပ်တဲ့ လက်ကိုင်အိတ် Birkin နဲ့ Kelly တို့က ဈေးကြီးရုံမျှမက ဝယ်လို့ရဖို့ကလည်း ခဲယဉ်းနေတယ်။ ထုတ်ကုန်ရှားပါးခြင်းဆိုတဲ့ ဂုဏ်ကို ပိုက်ဆံတတ်နိုင်တဲ့သူပဲ ကိုင်နိုင်တာ ဆိုတဲ့ ဂုဏ်ဒြပ်မှာ ပေါင်းထည့်ပေးထားတယ်။

‘Bling’ ဆိုလိုချက်က လူတစ်ယောက်နဲ့တစ်ယောက် တူချင်မှ တူလိမ့်မယ်။ များသောအားဖြင့် အသုံးအဖြုန်းကြီးနိုင်သူဖြစ်ခြင်း၊ ထင်ရှားခြင်း၊ တမင်ပြသ ဝင့်ကြွားခြင်းစတဲ့ ဆိုလိုချက်တွေ သိမ်သိမ်မွေ့မွေ့ဖြင့် ပေါင်းစပ်ပေးထားတယ်။ ငွေကြေးတတ်နိုင်သူတွေ ရှိနေရုံနဲ့ မပြီးဘူး။ ပိုင်ဆိုင်တဲ့သူ ဖြစ်လိုခြင်းဆိုတဲ့ ဆန္ဒရှိကြတဲ့သူတွေ အများအပြား ကြေးရေတတ်တွေကြားမှာ ရှိနေမှလည်း ဘလင်းခ်က တန်ဖိုးရှိတယ်။

Bling ပေါင်းထည့်ထားတဲ့ luxury brand တွေမှာ ထိပ်တန်း brand တွေက ကာလရှည်ကြာတည်တံ့ခဲ့ကြတာမှာ ကြေးရေတတ် မျိုးဆက် တစ်ဆက်ပြီး တစ်ဆက် ပိုင်ဆိုင်တဲ့သူ ဖြစ်လိုခြင်းဆိုတဲ့ ဆန္ဒရှိကြတဲ့သူတွေ အမြဲရှိနေခဲ့တယ်။ သူဌေးအသစ်တွေက ဝယ်ယူသူအသစ်တွေ ဖြစ်လာကြတယ်။ ဖက်ရှင်လောက၊ ကားလောကတို့မှာ ဘလင်းခ်သက်သက်အတွက် luxury brand တွေ ရေရှည်တည်တံ့ခဲ့ကြတာ သူဌေးအသစ်တွေကြောင့်ဟာ အကြောင်းတစ်ချက် ဖြစ်ပါတယ်။

သူဌေးအသစ်တွေ ဘီလျံနာအသစ်တွေ အများအပြား ထွက်ပေါ်တဲ့ တရုတ်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ McKinsey ရဲ့ သုတေသနမှာ ငယ်ရွယ်တဲ့ စားသုံးသူတွေက Bling ပေါင်းထည့်ထားတဲ့ luxury brand တွေကို အစိမ်းသက်သက် ဖြစ်နေကြပြီး သူတို့ကို ပစ္စည်း ဝယ်ဖြစ်အောင် လိုဂိုရဲ့ အစွမ်းသတ္တိဖြင့် ဆွဲငင်ကြတယ်။ ဘာလို့ ဈေးကြီးတာတွေ ရွေးချယ်ဝယ်ယူပြီး သုံးစွဲဖြစ်သလဲဆိုတဲ့ မေးခွန်းကို ဖြေဆိုတဲ့ အကြောင်းပြချက်တွေထဲမှာ brand ကြောင့် ဆိုတာက ထိပ်ဆုံးမှာ ရှိနေတယ်။ အဲဒီ brand က ဘလင်းခ် ဖြစ်တယ်ဆိုရင် ဝယ်ဖို့ ဆုံးဖြတ်လိုက်တယ်။

ကား၊ အိတ်၊ နာရီ စသဖြင့် ဘလင်းခ် ဖြစ်တဲ့ brand တွေကို ဝယ်သုံးပြီး ဓာတ်ပုံ ဗီဒီယို ရိုက်ပြီး လူမှုကွန်ရက်မှာ တင်ပြတယ်။ ကိုယ်တိုင် ရိုက်ပြီး တင်ပြတာ ရှိသလို တခြားသူတွေက သတင်းအတင်းအဖြစ် ရိုက်ပြီး တင်ပြကြတာတွေလည်း ရှိတော့ လိုရင်းဖြစ်တဲ့ လူသူအများအပြား မြင်တွေ့ခြင်းကို ရရှိစေတယ်။

Brand ဝင်းတောက်စေဖို့ bling ကို သုံးစွဲတာမှာ ကုန်ပစ္စည်းကိုသာမက ဝန်ဆောင်မှုမှာလည်း bling ဖြစ်တဲ့ Brand ဖြစ်အောင် လုပ်ထားကြတာတွေ ရှိတယ်။ ဥပမာအားဖြင့် ရှန်ဟိုင်းမှာ Bvlgari Hotel Shanghai တကယ့်ကို စည်းစိမ်ရှိရှိ အတွေ့အကြုံရရှိစေတဲ့ ဝန်ဆောင်မှုတွေ ပေးအပ်တယ်။ Bvlgari Hotel Shanghai ကို ရောက်တဲ့အခါ လူမှုကွန်ရက်မှာ check in တင်လိုက်ရင် ဝင့်ကြွားပြီးသား ဖြစ်တယ်။


brand က bling ဖြစ်ကြောင်း လူအများသိအောင် စဲလီတွေကို သုံးစွဲတယ်။ စဲလီတွေ ကိုယ်တိုင်ကလည်း bling ဖြစ်တဲ့ brand တွေနဲ့ ပွဲတက်တယ်။ အဲဒီအတွက် သူတို့မှာ ဂုဏ်တက်တယ်။ brand နဲ့ စဲလီတို့အကြား bling က အပြန်အလှန် အကျိုးပြုပေးနေတယ်။

Bling ကို နောက်တစ်မျိုး သုံးတဲ့နည်းက brand ကို bling မဖြစ်အောင် တမင်လုပ်ထားတာ ဖြစ်ပါတယ်။ ဆန့်ကျင်ဘက်ကို လုပ်ပေးထားတာ ဖြစ်ပါတဘ်။
Bottega Veneta က အီတလီ မီလန်မြို့မှ စည်းစိမ်ပြ ဖက်ရှင်တိုက် တစ်ခု ဖြစ်ပြီး ဖက်ရှင်ပစ္စည်းတွေ ထုတ်လုပ်ရောင်းချတယ်။ သူ့မှာ လိုဂို မရှိဘူး။ သူထုတ်လုပ်တဲ့ ပစ္စည်းတွေမှာ လိုဂိုတံဆိပ် မပါဘူး။ အကြောင်းသိသောသူများသာ ဆိုတဲ့ Bling အမျိုးအစား ဖြစ်ပါတယ်။ တစ်မျိုးတစ်မည် ဖြစ်နေတာတော့ အမှန်ပဲ။ ဒါပေမဲ့ လိုဂိုကင်းမဲ့နေခြင်းကြောင့် ဆိုရှယ်မီဒီယာမှာ ပုံတွေ တင်ကြတာလည်း နည်းတယ်ဆိုပေမဲ့ သူ့မှာ အမာခံ ပရိသတ်တွေ ရှိတယ်။ အမာခံပရိသတ်အသစ်တွေလည်း ရနေတယ်။

Bling ဖြစ်တဲ့ brand ကို ငွေတတ်နိုင်တဲ့သူတိုင်း ဝယ်သုံးလို့ ရနေတာကို နောက်ထပ် တစ်ရစ်ထပ်တိုးတဲ့အခါ အရေအတွက် အကန့်အသတ်ဖြင့်သာ ထုတ်လုပ်တယ်။ အထက်မှာ ဆိုခဲ့တဲ့ Hermès က အရေအတွက် အကန့်အသတ်ဖြင့် လက်ကိုင်အိတ်တွေကို ထုတ်လုပ်တယ်။ အသစ်ကျပ်ချွတ် ဝယ်လို့ရဖို့ အတော်ခက်ခဲတယ်။ Bling ဖြစ်တဲ့ brand ကို လိုချင်တဲ့ဆန္ဒကို ရှားရှားပါးပါး ဆိုတာနဲ့ တွဲပေးလိုက်တော့ ဘလင်းခ် ပိုဖြစ်သွားစေတယ်။ ဒီတော့ Bling အဖို့ ရေပန်းစားမှု ဆိုတာထက် လိုချင်မှုက ပိုအရေးပါတယ်။

ဒီတော့ brand ကို ဈေးကြီးတဲ့ brand ဆိုတဲ့ ဂုဏ်ရိပ်ဖော်ကျူးမယ်ဆိုရင် Bling ကို brand ထဲမှာ ဘယ်လို ပေါင်းထည့်ပြီး brand ကို ထူထောင်ရမလဲ။ brand ကို ရေရှည်တန်ဖိုးဆက်နေအောင် ဘယ်လိုလုပ်မလဲ စတဲ့ မဟာဗျူဟာ၊ နည်းဗျူဟာ ချမှတ်ဆောင်ရွက်ကြရတယ်။ ကာလရှည်ကြာ သားစဉ်မြေးဆက် ကျင့်သုံးသွားမယ့် မူ၊ လုပ်ထုံးလုပ်နည်း စတာတွေလည်း ချမှတ်ပြဋ္ဌာန်း ထားရတယ်။ သာမန်ကာ လျှံကာမျှ အပေါ်ယံ လျှပ်ပြီး ဖန်တီးလို့ မရဘူး။

Read times
Rate this item
(0 votes)