-->
×

Warning

JUser: :_load: Unable to load user with ID: 29


ထိအောင် ထိုးပါ

ထိအောင် ထိုးပါ၊ အားပါပါ ထိအောင် ထိုးလိုက်စမ်းပါ။ အားမနာစတမ်း ထိုးပါ။ ထိုးရမလား မထိုးရဘူးလား ချီတုံချတုံ မဖြစ်နဲ့၊ ထိုးသာ ထိုးလိုက်ပါ။

ရောင်းအားတက်အောင် လုပ်တဲ့အခါ လူသိပိုများအောင် လုပ်တဲ့အခါ စသည်စသည်များမှာ အချိန်တိုင်းလိုလို လက်သီးထိုးနေရမယ်။

ခြေလှမ်းတွေ သွက်ကြတယ်။ အပြိုင်အဆိုင် ကြမ်းတယ်။ အသည်းအသန်တွေ ဖြစ်နေတယ်။ လက်ဝှေ့တော်တဲ့သူလို လက်သီးကောင်းကောင်းတွေ ထိုးတတ်ဖို့ လိုတယ်။
အရောင်းမြှင့်တင်ရေးမှာပဲဖြစ်ဖြစ် လူသိပိုများအောင် လုပ်တာမှာပဲဖြစ်ဖြစ် ထိုးနှက်ချက်တွေ ကောင်းဖို့ လိုတာကို လက်ဝှေ့အားကစားနဲ့ တင်စားပြီး ပြောကြတာ သိပ်အဓိပ္ပာယ် ရှိတယ်။
လက်ဝှေ့သမားတစ်ဦးက ကြိုးဝိုင်းထဲမှာ ပြဋ္ဌာန်းထားတဲ့ စည်းကမ်းတွေနဲ့အညီ လက်သီးတွေ ပြိုင်ဘက်ကို ထိုးခွင့် ရှိတယ်။ ကြော်ငြာသမားတစ်ဦးကလည်း ဆိုရှယ်မီဒီယာမှာ လူကျင့်ဝတ်၊ ကြော်ငြာကျင့်ဝတ် စတဲ့ စာတဲ့ရေးသားပြဋ္ဌာန်းခြင်း မရှိတဲ့ ကျင့်ဝတ်တွေနဲ့အညီ ထိုးသတ်ခွင့် ရှိတယ်။ အလဲထိုးတဲ့ ထိုးချက်၊ ပင့်လက်သီး၊ ဝိုက်လက်သီး စသဖြင့် ထိုးခွင့် ရှိတယ်။
အောင်မြင်တဲ့ ဆိုရှယ်မီဒီယာကမ်ပိန်းတစ်ခုအတွက် အသက်သွေးတမျှ အရေးပါတာက ထိုးနှက်ချက်တွေ ဖြစ်ပါတယ်။ ပြိုင်ဘက်ကို နောက်ကောက်ကျစေမယ့် ထိုးချက်၊ ဟင့်အင်းလို့ ငြင်းနေတဲ့ ဝယ်ယူသုံးစွဲသူ ယိုင်သွားစေမယ့် ထိုးချက်၊ အဲဒီလို ထိုးချက်ကောင်းကောင်းနဲ့ ချက်ကောင်းကို ထိုးချနိုင်ဖို့ ဖြစ်ပါတယ်။
ချက်ကောင်းကို ထိတဲ့ အပြင်းစား ထိုးချက်တွေကို နှစ်တိုင်း Cannes Cyber Lions Awards ချီးမြှင့်ပေးနေတယ်။ ဘယ်လိုတွေတောင် ထိုးချလိုက်တာလဲဆိုတာ အဲဒီဆုပေးပွဲမှာ လေ့လာနိုင်တယ်။
အပြင်းစားထိုးချက်နဲ့ ထိအောင် ထိုးနိုင်ရင် ကုန်ရကျိုးနပ်တဲ့ ရလဒ်တွေ ရမယ်။ အရင်းပြန်ရခြင်း ROI ကောင်းတယ်။ ထိအောင် မထိုးနိုင်ရင် ထိတော့ထိတယ် အားမပါတော့ မထိမထိဖြစ်နေရင် ပြစရာရလဒ်ကောင်းတွေ ပေါ်ထွက်လာမှာ မဟုတ်ဘူး။

social media marketer တွေ လူမှုကွန်ရက်တွေပေါ်မှာ ထိုးနေကြတယ်။ Facebook, Twitter, Instagram, နဲ့ YouTube, Tiktok စတဲ့ လူသုံးလည်း များတယ်၊ သုံးစွဲတဲ့ ကြာချိန်လည်း များတယ်၊ နေ့တိုင်မသုံးရင်တောင် နေ့စဉ်လိုလို သုံးဖြစ်နေကြတဲ့ လူမှုမီဒီယာတွေပေါ်မှာ ထိုးချက်တွေနဲ့ထိုးနေကြတယ်။

မနေ့တစ်နေ့က ဂျပန်နိုင်ငံ တိုကျိုအိုလံပစ်ပွဲမှာ ဖြစ်ပွားခဲ့တဲ့ ထိုးချက်တစ်ခုကို တင်ပြလိုပါတယ်။

ထမင်းထုပ် ပုစ္ဆာ ဖြေပြပေးတဲ့ 7-Eleven

တိုကျိုမြို့ဟာ စားကောင်းသောက်ဖွယ်နဲ့ ပတ်သက်ရင် ထိပ်တန်းမြို့တော်တွေထဲမှာ ပါဝင်တယ်။ ဂျပန်အစားအစာကောင်းကောင်းတွေ စားဖို့ စူရှီကနေ ခေါက်ဆွဲအထိ ရှိတယ်။

တိုကျိုအိုလံပစ်ပွဲတော် ကျင်းပနေချိန်မှာ ဂျပန်နိုင်ငံရဲ့ ၂၄ နာရီပတ်လည် ဖွင့်တဲ့ စတိုးဆိုင်တွေ ဖွင့်လှစ်ထားတယ်။ အများစုက ဟိုတယ်နဲ့ တွဲပေးထားတယ်။ အဲဒီစတိုးဆိုင်တွေမှာ စားစရာ သောက်စရာ အမျိုးမျိုး ရောင်းချပေးတယ်။
ဂျပန်နိုင်ငံရဲ့ ၂၄ နာရီပတ်လည် စတိုးဆိုင်လုပ်ငန်း 7-Eleven မှ ဖွင့်ထားတဲ့ စတိုးဆိုင်တစ်ဆိုင်က နာမည်ကြီး သွားတယ်။


အိုလံပစ် အားကစားပွဲတော်ကို တက်ရောက်တဲ့ ကနေဒါမှ သတင်းမီဒီယာ CBC network မှ သတင်းထောက် အမျိုးသမီး Anastasia Bucsis က တွစ်တာမှာ အကူအညီ တောင်းခံလိုက်တာကို 7-Eleven မှ ကူညီပေးခဲ့တယ်။
သတင်းထောက် အမျိုးသမီးက ဂျပန် ထမင်းထုပ် အထုပ် onigiri ကို နည်းမှန်လမ်းမှန်ဖြင့် ဖွင့်တတ်ချင်တယ်။ သင်ပေးမယ့်သူ ရှိရင် သင်ပေးဖို့ အကူအညီတောင်းခံခဲ့တယ်။
အထုပ်အပြင်ဘက်မှ အကြည်သားကို ဖယ်ရှားတဲ့အခါ ထမင်းထုပ်ထားတဲ့ ပင်လယ်ရေမှော်ကို မထိခိုက်အောင် onigiri ကို ဘယ်လို အထုပ်ဖြေရမလဲ။ သူလုပ်တာ မအောင်မြင်ပုံကို ဗီဒီယို ရိုက်ပြီး တင်လိုက်တာ like က 82.2k ဖြစ်သွားတယ်။ အာတီ retweeted က 34.6k ရှိတယ်။ အဲဒါ ဇူလိုင်လ ၂၇ ရက်မှာ ဖြစ်ပါတယ်။

 


.
တုံ့ပြန်မှု ပေးတဲ့အနေဖြင့် 7-Eleven Japan က အထုပ်ကို ဘယ်လို ဖြေရမလဲဆိုတာ တွစ်တာမှာ တင်ပြပေးတယ်။ ဆရာမပြ နည်းမကျ ဖြစ်နေတာကို နည်းမှန်လမ်းမှန် ဘယ်လိုလဲဆိုတာ ပြသပေးတယ်။

 

“ပင်လယ်ရပ်ခြားမှ ဂျပန်ကို အလည်ရောက်နေတဲ့ စားသုံးသူတွေအတွက် ထမင်းထုပ်ရဲ့ ထုပ်ပိုးဖလင်သားအကြည်ကို ဘယ်လို ဖွင့်ရသလဲဆိုတာ ကျွန်တော်တို့ ဒီနေ့ မိတ်ဆက်ပေးပါရစေ”
ဆိုပြီး တွစ်တာမှာ တင်ပြပေးတယ်။

 

 

အိုလံပစ်အားကစားပွဲ ရောက်ရှိနေတဲ့ နိုင်ငံခြားသားများ အကြားမှာ 7-Eleven က အခုလို တလေးတစား ဂရုတစိုက်ဖြင့် သင်ပြပေးတာကို သဘောကျနှစ်ခြိုက်ကြတယ်။ လူမှုကွန်ရက်တွေမှာ တင်ပြကြတယ်။ သူတို့ကိုယ်တိုင်လည်း သူတို့ တည်းနေတဲ့ ဟိုတယ်မှာ တွဲလျက် ဖွင့်ထားတဲ့ 7-Eleven ဆိုင်ကို သွားဝယ်ကြရင်း ဓာတ်ပုံတွေ ဗီဒီယိုတွေ ရိုက်ပြီး လူမှုကွန်ရက်မှာ 7-Eleven ဆိုင်ကို တင်ပြကြတယ်။ ချီးကျူးကြတယ်။

သတင်းမွှေးကြိုင်ပြီး ဟိုးလေးတကျော် ဖြစ်သွားတယ်။  သတင်းမီဒီယာတွေမှာ ဖော်ပြခံရတယ်။

အခုလို ပြန်ရလိုက်ဖို့ ဗီဒီယိုကားတိုတစ်ခုကို အလျင်အမြန် အားချင်းရိုက်ပြီး တွစ်တာမှာ တင်ပေးလိုက်တဲ့ ဆောင်ရွက်ချက် ဖြစ်ပါတယ်။ ထိုးစရာရှိတာက အမြန်ထိုးမှ ရမယ်ဆိုရင် ထိုးချလိုက်ဖို့က လိုရင်းဖြစ်ပါတယ်။ လက်ထဲ ရှိတဲ့ ဖုန်းနဲ့ပဲ ဗီဒီယိုရိုက်ပြီးတင်မလား၊ ထုတ်လုပ်ပြီးတဲ့ အကြမ်းအဆင့်ရောက်ဖို့ အနည်းဆုံး တစ်ပတ်လောက်တော့ ကြာမယ့် ကြော်ငြာဗီဒီယိုတစ်ခု ထုတ်လုပ်ဖို့ လိုအပ်တဲ့ အဆင့်ဆင့်ကို လုပ်မလား။

နောက်တစ်မျိုး စဉ်းစားကြည့်မယ်။ 7-Eleven ဆိုင်က သင်ပြတဲ့ ဗီဒီယိုကို တင်လိုက်ပေမဲ့ အခုလို ကြီးမားတဲ့ အောင်မြင်မှုတစ်ခု ဖြစ်မလာခဲ့ပါဘူး ဆိုပါတော့။ ထိုးလိုက်တဲ့ ထိုးချက်အတွက် ဘာများ ကြီးကြီးမားမား ပေးဆပ်လိုက်ရပါသလဲ။ ထိုးချိန်တန်နေချိန်မှာ ထိုးချက်နဲ့ ထိုးလိုက်တဲ့အကျင့်ကောင်းကို ပြုလိုက်တာကိုက အမြတ်ဖြစ်နေပါပြီ။

 

myanmarAdvertisingGuide

 

Read times
Rate this item
(1 Vote)