-->
×

Warning

JUser: :_load: Unable to load user with ID: 29


လူတွေက ကြော်ငြာကို မကြည့်ချင်ကြဘူး။ ဒီတော့ ဘယ်လိုလုပ်ကြသလဲ။

ကြော်ငြာတွေက နေရာတကာမှာ ၀င်ဝင်ပါနေတယ်။ မီဒီယာတွေ အဖို့မှာလည်း ကြော်ငြာမှ ရတဲ့ ၀င်ငွေပေါ်မှာ အမှီသဟဲ ပြုထားရတော့ ကြော်ငြာတွေ ပြနေကြတယ်။

ဒါပေမဲ့ လူတွေက ကြော်ငြာတွေကို မကြည့်ချင်ကြဘူး။ အဲဒီတော့ ကြော်ငြာကို ကျော်သွားဖို့ skip လုပ်ဖို့ အားသန်နေတယ်။ ဒီတော့ ကြော်ငြာအေဂျင်စီတွေက ဘယ်လို လုပ်ကြသလဲ။

ငွေ ကြေး အကုန်အကျများတဲ့ ကြော်ငြာ campaign အကြီးစားတွေကို လုပ်ကြတာမှာ ပါဝင်ဖန်တီးပေးရတဲ့ advertising creative တွေဟာ လိုအပ်တဲ့ ဒေတာအချက်အလက်တွေကို ရယူပြီး သုံးသပ်တယ်။ ဘယ်လို အကွက်ချပြီး လုပ်မရမလဲဆိုတာ အကွက်ဆင်တယ်။ နည်းပညာတွေ ထည့်သုံးတယ်။ ပြီးမှ မီဒီယာတွေပေါ်မှာ ပျံ့နှံ့နှုန်း မြင့်မားမယ့် နည်းလမ်းဖြင့် စဖြန့်တယ်။ အဲဒီလို လုပ်မယ်ဆိုရင် ပုံပြောကောင်းဖို့ လိုတယ်။ လှုပ်လှုပ်ရှားရှား အက်ရှင်တွေ အဆက်မပြတ် စီးဆင်းနေဖို့ လိုတယ်။ ကြည့်တဲ့သူ အသက်ရှူဖို့ မေ့နေရာမှ အသက်ရှူဖို့အတွက် အငြိမ်စက္ကန့်ပိုင်းတွေလည်း ထည့်ပေးကြတယ်။ ကြည့်ရှုသူ တွေ့ကြုံခံစားရမှာတွေကိုလည်း ထည့်သွင်းတွက်ချက် သုံးစွဲတယ်။

Creative လုပ်ငန်းစဉ်က ပြောင်းလဲနေတယ်။ ခေတ်နဲ့အညီ အမီလိုက်ပြီး နည်းပညာတွေ မီဒီယာတွေမှာ ကြော်ငြာကို တင်ကြတယ်။ ဗီဒီယို အတိုတစ်စ ရိုက်ကူးတည်းဖြတ်ပြီး တင်လိုက်ရုံနဲ့ မပြီးတော့ဘူး။

Nike ရဲ့ LDNR ကြောငြာ ဗီဒီယို

****************

Londener လန်ဒန်မြို့နေ တို့ကို ရည်ညွှန်းတဲ့ LDNR အတိုကောက်ဖြင့် လန်ဒန်မြို့နေတို့ကို စည်းရုံးတဲ့ ကြော်ငြာ ဗီဒီယိုဟာ အချိန် ၃ မိနစ် ကြာတယ်။ ရုပ်လုံးဖော်ချက် craft က အတော်ကောင်းတယ်လို့ ပြောကြတယ်။ လှီးဖြတ်ပြီး ဖောက်ထွက်သွားပုံက လှတယ်လို့ ဆိုကြတယ်။ အဲဒီကြော်ငြာဗီဒီယိုက Modular storytelling ခေါင်းစဉ်အောက်မှာ ရှိတဲ့ အမျိုးအစား ဖြစ်ပါတယ်။ ဖော်ပြချက်တစ်ခုကို ဖန်တီး လိုက်တာမှာ အပိုင်းအကန့်တွေ အပိုင်းပိုင်း ဖြတ်တောက်ပြီး ရည်ရွယ်ချက် အမျိုးမျိုးအတွက် တစ်ဖန်ပြန်သုံးလို့ရတာမျိုးဖြစ်ပါတယ်။ အဲဒီနည်းလမ်းကို သုံးလာခဲ့ကြတာ ကြာပါပြီ။ ဒါပေမဲ့ များသောအားဖြင့် ကြိုတင် ကြံစည်ထားတာမျိုး မဟုတ်ဘူး။ ဟေ့ ဒီဇာတ်ကြောတစ်ခုကို ရိုက်ကူးတည်းဖြတ်ထားပြီးပြီ။ အဲဒီအထဲမှာ ဟိုအပိုင်းကို ပြန်ယူပြီး သုံးမယ် ဆိုတာမျိုးကို လုပ်ခဲ့ကြတာ များပါတယ်။

Nike ရဲ့ LDNR ကြောငြာ ဗီဒီယိုကျတော့ နဂိုကတည်းက အပိုင်းတွေ ထုတ်ယူပြီး အပိုင်းအကန့်တစ်ခုချင်းအဖြစ် သုံးဖို့ ကြံစည်ထားတဲ့ Modular storytelling ဖြစ်ပါတယ် ။ အချိန် ၃ မိနစ်ကြာမြင့်တဲ့ ဗီဒီယိုကို အပိုင်းတွေ အများကြီး ခွဲလို့ ရအောင် ကြံစည်ထားတာ တွေ့ကြရတယ်။ ဆိုရှယ်မီဒီယာတွေမှာ တင်ဖို့အတွက် ရည်ရွယ်ချက်ဖြင့် လန်ဒန်မြို့နေ လူငယ် ၂၅၀ ကို ပါဝင်သရုပ်ဆောင်စေခဲ့တယ်။

campaign မစခင် တစ်ရက်အလိုမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ လူငယ်တွေအသီးသီးကို သူတို့ ပါဝင်တဲ့ အခန်း အပိုင်းအဖြတ်ကို ပေးအပ်ပြီး သူတို့ သုံးစွဲလျက် ရှိတဲ့ ဆိုရှယ်မီဒီယာတွေမှာ တင်ခွင့် ပေးတယ်။ ကိုယ်ပါဝင်တဲ့ အပိုင်းကို ကိုယ်သုံးတဲ့ ဆိုရှယ်မီဒီယာတွေဖြစ်တဲ့ Facebook, Tik Tok, Instagram တို့မှာ တင်လိုက်ကြတယ်။ ရှယ်ကြတယ်။ ဆိုရှယ်မီဒီယာပေါ်မှာ ရည်စူးထားတဲ့ ပရိသတ်ဖြစ်တဲ့ လူငယ်တွေအကြား ပျံ့နှံ့ပြီး လူသိများသွားစေခဲ့တယ်။ campaign ကို စလုံးရေ မစရသေးခင်မှာ နာမည်ကြီးပြီးသား ဖြစ်နေနှင့်တယ်။ campaign စတဲ့အခါ အပိုင်းအစကိုသာ ကြည့်ထားတဲ့သူတွေက အစအဆုံးကို ပြန်ကြည့်ကြတယ်။

Modular storytelling နည်းလမ်းကို သုံးတဲ့အခါ အလုပ်ဖြစ်ဖို့အတွက် အခုလို အပိုင်းပိုင်း ဖြတ်စတွေကို အသေးစား ဇာတ်လမ်းဇာတ်ကွက်တွေအဖြစ် အသုံးပြုနိုင်ရင် မူရင်း ၃ မိနစ် ဇာတ်လမ်းအပြင် အပိုင်းပိုင်းတွေကို ပျံ့နှံ့အောင် စီမံတဲ့အခါ ထိရောက်စွာ ဆောင်ရွက်ဖို့ လမ်းပွင့်နေအောင် ကြံဆ ဆောင်ရွက်ကြတယ်။ လူတွေ မကြည့်ချင်တဲ့ ကြော်ငြာ ဗီဒီယိုကို မကြည့်မနေရ ပြသတဲ့ အဖြစ်ကို ရှောင်လွှဲပြီး လူတွေ စိတ်လိုလက်ရဖြင့် ကြည့်ဖြစ်အောင် လုပ်ကြတယ်။

Nike ရဲ့ LDNR ကို ကြည့်ရှုလေ့လာနိုင်အောင် တင်ပြအပ်ပါတယ်။ မတူခြားနားတဲ့ အားကစား အမျိုးမျိုး အဖုံဖုံတို့ဖြင့် campaign ကို ခင်းကျင်းထားတာမှာ သူတို့ လုပ်ကြရတဲ့ လေ့ကျင့်ရေးတွေ ဘယ်လိုတွေ ပြင်းထန်တယ်ဆိုတာကိုလည်း ထင်ဟပ်ပေးထားတယ်။ လူမှုကွန်ရက် တွန်းအားအပြည့် ရခဲ့တဲ့ အဲဒီ ကြော်ငြာ campaign ဟာ ကြော်ငြာတွေအတွက် အကယ်ဒမီပွဲလို့ ဆိုကြရတဲ့ Cannes Lions မှာလည်း ဆုတွေ အများကြီး ရရှိခဲ့ပါကြောင်း တင်ပြအပ်ပါတယ်။

Advertising Guide

Read times
Rate this item
(0 votes)