-->


Starbucks ကို ကျော်တက်သည့် Luckin Coffee အခင်းအကျင်း

Starbucks ကို ကျော်တက်သည့် Luckin Coffee အခင်းအကျင်း 

To Get Instant Update
https://t.me/Guid4U

JOIN THE CHANNEL 

တရုတ်နိုင်ငံသည် ရှေးယခင်ကတည်းက လက်ဖက်ရည်ကြမ်းကို နေ့ညမပြတ် သောက်သည့် ဈေးကွက်ဖြစ်သည်။ နို့၊ သကြား ထည့်ဖျော်သည့် လက်ဖက်ရည်ကို မသောက်ကြချေ။

ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်း ကော်ဖီသောက်သည့်ဓလေ့ ထွန်းကားလာသည်။ အထူးသဖြင့် မြို့ပြဧရိယာများနှင့် အသက်အရွယ် ပိုငယ်သည့်သူများအကြား ကော်ဖီသောက်သုံးသူ ပိုများလာသည်။ ကော်ဖီရောင်းအား မ‌ှန်တမ်းဖြင့် မြင့်တက်လာသည်။ 

 

တရုတ်နိုင်ငံသည် Starbucks အဖို့ အမေရိကန်ပြီးလျှင် Starbucks ၏ ဒုတိယအကြီးဆုံးဈေးကွက်ဖြစ်သည်။

 

တရုတ်ကုမ္ပဏီ Luckin Coffee သည် ဇွန်လတွင် တရုတ်နိုင်ငံမှာ ဖွင့်လှစ်ထားသည့် ကော်ဖီဆိုင်အရေအတွက် စုစုပေါင်း  ၁၀,၀၀၀ ကို ကျော်လွန်သွားသည်အထိ ကော်ဖီဆိုင်များ တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့သည်။ ကော်ဖီဆိုင်ခွဲများ လုပ်ငန်း Starbucks ထက် ဆိုင်အရေအတွက် အပြတ်အသတ် သာလွန်သွားသည်။ တရုတ်ပြည်၏ ဆိုင်အရေအတွက် အများဆုံး 'ကော်ဖီဆိုင်ခွဲများ brand' အဖြစ်သို့ ရောက်ရှိသွားသည်။ 

 

Luckin Coffee သည် ယခုနှစ်အတွင်း ဆိုင်ခွဲအရေအတွက် တိုးချဲ့ဖွင့်လှစ်ခြင်းကို တရုတ်ပြည်တလွှား လျင်မြန်စွာ အကောင်အထည်ဖော်ခဲ့သည်။

 

၂၀၁၇ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော Luckin Coffee သည် တရုတ်ပြည်မှ ကော်ဖီဆိုင် အခင်းအကျင်းတွင် ဈေးအမြင့်တန်းမှာ ရှိနေသည့် Starbucks ကို ထိပ်တိုက်မတိုးရန် ဈေးချိုသည့် ကော်ဖီဆိုင်အဖြစ် နေရာဝင်ယူသည်။ ထို့ပြင် ဆိုင်ကို လူမလာခင် မှာကြားနိုင်ရန်အတွက်လည်းစီစဉ်ပေးထားသည်။ 

 

ဆိုင်ချင်း ယှဉ်ကြည့်လျှင် Luckin က Starbucks ထက် ဈေးသက်သာသည်။ ဆိုင်အရွယ်အစားတွင် Luckin ဆိုင်ခွဲများက Starbucks ထက် ငယ်သည်။Starbucks က ဆိုင်အကြီးစား ခမ်းခမ်းနားနားများ ဖွင့်လှစ်လေ့ ရှိသည်။

 

Luckin Coffee သည် ဆိုင်ခွဲများကို အစွမ်းကုန် တိုးချဲ့ဖွင့်လှစ်ခဲ့ရာ ၂၀၂၃ ဇွန်လတွင် ဆိုင်ခွဲ စုစုပေါင်း ၁၀,၈၂၉ ဆိုင် ဖွင့်လှစ်ထားသည့် အခြေအနေသို့ ဆိုက်ရောက်သည်။ Starbucks သည်လည်း ဆိုင်ခွဲများ တိုးချဲ့ဖွင့်လှစ်ခဲ့သော်လည်း ဆိုင်ခွဲ စုစုပေါင်း ၆,၄၈၀ ဆိုင်အထိသာ ဖွင့်လှစ်နိုင်ခဲ့သည်။

 

နည်းပညာသုတေသနကုမ္ပဏီ Momentum Works ၏တည်ထောင်သူနှင့် စီအီးအို Jianggan Li က  " Luckin မှာ ကော်ဖီတခွက်ကို ၂ ဒေါ်လာ၊ ၂ ဒေါ်လာအောက် ဈေးနှုန်းနဲ့ ရောင်းတဲ့အပြင် အခါအားလျော်စွာ အကြီးအကျယ် ဈေးချပေးပြီး လျှော့ဈေးနဲ့ ရောင်းတယ်။ Luckin က ဆိုင်အရေအတွက် တိုးချဲ့တာကို အပြင်းအထန် လုပ်ဆောင်တယ်" ဟု ပြောကြားသည်။

 

၂၀၂၃ ခုနှစ် မေလမှ ဇွန်လအထိ ဒုတိယသုံးလပတ်တွင် Luckin Coffee ဆိုင်သစ် ၁,၄၈၅ ဆိုင် ဖွင့်လှစ်ခဲ့သည်။ ပျမ်းမျှချကြည့်လျှင် တရက်လျှင် ဆိုင်သစ် ၁၆ ဆိုင် ဖွင့်သည်။ 

 

Luckin Coffee ၁၀,၈၂၉ ဆိုင်တွင် Luckin ကိုယ်တိုင် လုပ်ကိုင်သည့်ဆိုင် ၇,၂၈၁ ဆိုင် ပါဝင်သည်။ ကျန်သည့် ၃,၆၄၈ ဆိုင်သည် Luckinနှင့် စီးပွားဖက် ပြုထားသူများက ဖွင့်လှစ်ထားသည့် franchise ဆိုင်များ ဖြစ်သည်။ ကိုယ်တိုင် အကုန်အကျခံပြီး ဖွင့်လှစ်သည့်ဆိုင်နှင့်  franchise ဆိုင်ဟူ၍ ပုံစံ ၂မျိုး အပြိုင်တိုးချဲ့သည်။ 

 

အမေရိကန် အခြေစိုက် Starbucks ၏ ဆိုင်များ အားလုံးသည် ကုမ္ပဏီပိုင်သည့် ဆိုင်များချည်း ဖြစ်သည်။ franchise ပုံစံ မကျင့်သုံးချေ။ ဆိုင်ခွဲဖွင့်ရန် လိုင်စင်ချပေးသည့်ပုံစံကို ကျင့်သုံးသည်။ 

 

ဒုတိယ ၃ လပတ်တွင် Starbucks သည် ဆိုင်သစ် ၅၈၈ ဆိုင် ဖွင့်လှစ်ခဲ့သည်။  Luckin ဖွင့်လှစ်သည့် ဆိုင်သစ် အရေအတွက်၏ ၄၀% ခန့်သာ ရှိသည်။

 

franchise ပုံစံ ကျင့်သုံးသဖြင့် Luckin အဖို့ ဆိုင်သစ်ဖွင့်ဖို့ စိုက်ထုတ်ရသည့် အရင်းအနှီး သက်သာသည်။ အရင်းအနှီးကြောင့် တိုးချဲ့ဖို့ အကန့်အသတ် ဖြစ်နေရခြင်း မရှိတော့ချေ။

 

Luckin Coffee ဆိုင်များတွင် ဝယ်သူ ဦးရေ စုစုပေါင်း သန်း ၁၇၀ ကျော် ရှိသည်။ ဒုတိယသုံးလပတ်တွင် လစဉ်ပျမ်းမျှ ဝယ်သူ ဦးရေ  ၄၃.၀၇ သန်း ရှိသည်။ 

 

Luckin သည် လူအများအပြားတို့ တတ်နိုင်သော ဈေးအနိမ့်ဖြင့် ရောင်းသည်။ အရည်အသွေးက ဈေးအနိမ့်တန်းမှ brand များထက် သာလွန် ကောင်းမွန်သည်။

ဆိုင်ခွဲများကို  လုပ်ပိုင်ခွင့် ပေးပြီး ဖွင့်သည့် ပုံစံ franchise သုံးသဖြင့် Luckin သည် အရင်းအနှီး ဝန်ထုပ်ဝန်ပိုး မများဘဲ ဆိုင်ခွဲများ တိုးချဲ့နိုင်သည်။ ကုမ္ပဏီတွင် ပိုင်ဆိုင်မှု လေးလံနေခြင်းလည်း မရှိတော့ချေ။ သို့ဖြစ်ရာ လုပ်ငန်းစတင်ပြီးနောက် အရင်းကြေသည့်အဖြစ်သို့ ရောက်ဖို့ မြန်သည်။ 

 

Luckin က အက်ပ်ဖြင့်လည်း ရောင်းချသည်။ ဝယ်ယူသူက အက်ပ်မှာ မှာကြားထားပြီး မှာထားသည်ကို ဆိုင်မှာ လာယူနိုင်သည်။ 

Starbucks က ဆိုင်မှာ လူကိုယ်တိုင် လာပြီး မှာဖို့ လိုအပ်သည်။ လူမှုဝန်းကျင်တစ်ခု ဖန်တီးသည်။ 

 

ဈေးနှုန်းမဟာဗျူဟာတွင်လည်း Luckin နှင့် Starbucks တို့ ကွဲပြားသည်။ 

 

Luckin တွင် ကော်ဖီတခွက် ယွမ် ၁၀ မှ ၂၀ အထိ  ကျသင့်သည်။ (1.40 မှ $2.75 အထိ ကျသင့်သည်)

Starbucks ကော်ဖီတခွက် ယွမ် ၃၀ နှင့်အထက် ကျသင့်သည်။ (အနည်းဆုံး $4.10 ကျသင့်သည်)

 

Luckin သည် ပစ္စည်းအသစ်အဆန်း ဖန်တီးရန် အခြား brand များနှင့် ပူးပေါင်းလုပ်ကိုင်သည်။ 

တရုတ်ပြည်မှ ထိပ်တန်းယမကာလုပ်ငန်း Kweichow Moutai နှင့် ပူးပေါင်းပြီး မော်ထိုင်း ဆန်အရက်ဖြူ မဆိုစလောက်ပါသည့် ကော်ဖီကို ရောင်းချသည်။ 

စတင်ရောင်းချသည့် ပထမဆုံးနေ့တွင် ခွက်ရေ ၅.၄၂ သန်း ရောင်းချနိုင်ခဲ့သည်။ ကော်ဖီ ပရိသတ်အပြင် မော်ထိုင်း ပရိသတ်ကိုပါ ရောင်းချနိုင်ခဲ့ခြင်း ဖြစ်သည်။ 

ဒိန်ခဲကော်ဖီ၊ အုန်းနို့ကော်ဖီ အစရှိသည့် ကော်ဖီအမျိုးအမည်များကိုလည်း ရောင်းချခဲ့သည်။

 

Luckin သည် ပြိုလဲလုနီးနီး ဖြစ်ခဲ့ဖူးသည်။

Luckin သည် ၂၀၁၉ မေလတွင် အမေရိကန်မှ Nasdaq စတော့အိပ်ချိန်းတွင် စာရင်းဝင်ခဲ့ပြီး ရှယ်ယာများ ရောင်းချရာ ရှယ်ယာဈေးနှုန်းမျိား မြင့်တက်ခဲ့ပြီး စုစုပေါင်းတန်ဖိုး ကန်ဒေါ်လာ ၃ ဘီလီယံအထိ ရောက်ရှိခဲ့သည်။ 

၂၀၂၀ ဇွန်လတွင် အရောင်းဝင်ငွေ စာရင်းလိမ်ပြထားသဖြင့် စာရင်းဝင်အဖြစ်မှ ရုပ်သိမ်းခံရသည်။

ကုမ္ပဏီတွင်း စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့သည်။ လုပ်ငန်းလည်ပတ်မှု အရာရှိချုပ် Jian Liu သည် ၂၀၁၉ ခုနှစ်တွင် ရောင်းအားကို ယွမ် ၂.၂ ဘီလီယံဟု စာရင်းလိမ်ပြခဲ့သည်။ Jian Liu နှင့် စီအီးအို Jenny Zhiya Qian တို့ကို တာဝန်မှ ရပ်စဲလိုက်သည်။ စာရင်းလိမ်ပြပြီး ရှယ်ယာ ဈေးကို ထိန်းသည့်အတွက် U.S.  Securities and Exchange Commission က ချမှတ်သည့် ဒဏ်ကြေး ကန်ဒေါ်လာ သန်း ၁၈၀ ပေးဆောင်ရသည်။

စီအီးအို အသစ် Guo Jingyi ကို ၂၀၂၀ ပြည့်နှစ် ဇူလိုင်လတွင် ခန့်အပ်သည်။ 

ငွေစာရင်း အရှုပ်တော်ပုံဂယက်ကြောင့် Luckin ယိမ်းထိုးနေခဲ့သည်။ 

၂၀၂၁ ဖေဖော်ဝါရီလတွင် Luckin သည် နယူးယောက် တရားရုံးတွင် ဒေဝါလီခံပြီး လူမွဲ အကာအကွယ်ယူခဲ့ရသည်။ 

၂၀၂၂ ခုနှစ်တွင် ပထမဆုံးအကြိမ်အဖြစ် အမြတ် ရရှိခဲ့သည်။ 

 

Luckin သည် ပြည်ပသို့ တိုးချဲ့ရာ၌ စင်ကာပူကို ရွေးချယ်ခဲ့သည်။ စင်ကာပူတွင် Luckin Coffee ၁၄ ဆိုင် ဖွင့်လှစ်ထားသည်။ 

 

Source cnbc


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read times
Rate this item
(0 votes)