-->
×

Warning

JUser: :_load: Unable to load user with ID: 29


လုပ်ငန်းခွင် ၀င်ကြမယ့် လူငယ်တိုင်း အင်တာဗျူး ဖြေဆိုရင် သိထား သင့်သည့် အချက်များ

လုပ်ငန်းခွင်ကို ဝင်ရောက်ကြမယ့် လူငယ်တိုင်း အင်တာဗျူးနဲ့ ကြုံတွေ ကြရမှာ သေချာပါတယ်။

ဒီအချက်လေးတွေကို သတိထားပြီး ကြိုတင်ပြင်ဆင်ထားမယ် ဆိုရင်

သင်အင်တာဗျူးဖြေဖို့ အဆင်ပြေနိုင်ပါလိမ့်မယ်။

(၁) ကြိုတင်လေ့လာပါ

ကိုယ် အင်တာဗျူးဖြေမယ့် လုပ်ငန်းအကြောင်း ကို ကြိုတင်လေ့လာထားပါ၊ ဆောင်ပုဒ်၊ ရည်မှန်းချက်၊ လုပ်ငန်းစဉ်၊ လုပ်ငန်းလည်ပတ်ပုံ၊ ဝန်ထမ်းဖွဲ့စည်းပုံ၊ သက်တမ်း စတာတွေကို

အတတ်နိုင်ဆုံး ပြည့်ပြည့်စုံစုံ ကြိုတင်လေ့လာထားပါ၊ ဒီနေ့ခေတ်မှာ လုပ်ငန်းတော်တော်များများမှာ website တွေ facebook fan page တွေ ရှိကြပါတယ် ။

တစ်ချို့ website တွေ fan page တွေက အရမ်းကြီး update မဖြစ်ပေမယ့် အခြေခံ အချက် တွေလောက်တော့ သိနိုင်ပါတယ် ။နောက်တစ်ခုက လုပ်ငန်းရဲ့လိပ်စာကို သိပေမယ့် သွားရမယ့် လမ်းကြောင်း ကြာချိန်တွေကို ကြိုတင်လေ့လာထားပါ။

သွားတဲ့နေမှာ လမ်းကြောင်းမကျွမ်းကျင် လို့ အချိန်နောက်ကျတာမျိုးတွေ ဖြစ်တတ်လို့ပါ။ ဘာကြောင့်လဲဆိုတော့ အင်တာဗျုးမှာ အချိန်မီ ရောက်ဖို့ ကလည်း အရေးကြီးတဲ့ အချက်တစ်ခု ကြောင့်ပါ။

(၂)လေ့ကျင့်ပြင်ဆင်ပါ

Practice makes perfect ဆိုတဲ့ စကားလိုပဲ လေ့ကျင့်ကျွမ်းကျင် အောင်ပွဲဆင်နိုင်ပါတယ် ။ မေးနိုင်တဲ့ မေးခွန်းတွေကို ကြိုတင်လေ့ကျင့်ပြင်ဆင်ထားပါ။

အထူးသဖြင့် ကိုယ့်ရဲ့ cover letter နဲ့ CV ကို သေသေချာချာ ပြန်ဖတ်ပါ၊ CV ရေးထားတဲ့ အချက်တွေကို တစ်ချက်ချင်း ကိုယ့်ကိုယ်ကို မေးခွန်းထုတ်ပြီး ပြန်ဖြေကြည့်ပါ။

အများဆုံးမေးလေ့ရှိတဲ့ မေးခွန်းတစ်ခုက ကိုယ့်အကြောင်းပါ ။ အရမ်း အများကြီး ပြောဖို့ မလိုပါ ကိုယ့်နာမည်၊ မိသားစု၊ ပညာရေး၊ လုပ်ငန်း၊ တတ်ကျွမ်းတဲ့အရာ (skill) လောက်ကိုပဲ အတိုချုပ် ပြောပါ။

အင်တာဗျူး တော်တော်များများ မှာ ဒါဟာ အဖွင့်မေးခွန်းလို ဖြစ်နေတဲ့အတွက် သေသေချာချာ ပြင်ဆင်ထားပါ။

ကျန်တဲ့ မေးတတ်တဲ့ မေးခွန်းတွေကိုတော့ အွန်လိုင်းမှာ common interview questions လို့ ရှာလိုက်ရင် အများကြီး တွေ့နိုင်ပါတယ် ။

 နောက် ကျွန်တော်တို့ ဖြေရခက်တတ်တဲ့ မေးခွန်းတစ်ခုက ကိုယ့်ရဲ့ အားသာချက် (Strength)၊ အားနည်းချက် (Weakness) ကို မေးတဲ့ မေးခွန်းပါ ။ ဒီမေးခွန်း ကိုလည်း ကြိုတင်ပြင်ဆင်ထားဖို့လိုပါတယ်။

မေးခွန်းတွေကို ဖြေတဲ့အခါမှာ ဘာကြောင့် ဒီအလုပ်ကို လျှောက်ချင်တယ် ဆိုတာရယ် ၊ ကိုယ့်ရဲ့အရည်အချင်းနဲ့ ဒီအလုပ်နဲ့ ကိုက်ညီတယ် ဆိုတာကို ပေါ်လွင်အောင် ပြောနိုင်ဖို့ ပြင်ဆင်ထားပါ ။

နောက်တစ်ချက်က ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့ ပုံစံထက် ဘဝင်မြင့်တာမျိုး မဖြစ်စေဖို့လည်း လိုပါတယ် ။

(၃)ဝတ်စားဆင်ယဉ်မှု ကို ဂရုပြုပါ

တောင်းမှာ အကွတ်၊ လူမှာ အဝတ်ဆိုတဲ့ စကားလိုပဲ ဝတ်စားဆင်ယင်မှုကလည်း အရေးကြီး ပါတယ်၊ အင်တာဗျူးမယ့်သူက ကိုယ့်ကိုမြင်တာနဲ့ ကိုယ့်ကိုယ့်ကိုယုံကြည်မှုရှိတဲ့ ပုံပေါ်လွင်နေဖို့ လိုပါတယ်။

ကိုယ်လုပ်မယ့် လုပ်ငန်းအပေါ်မူတည်ပြီး အနောက်တိုင်း ဝတ်စုံဖြစ်စေ ၊ မြန်မာဝတ်စုံဖြစ်စေ အပြည့်အစုံ ဝတ်ဖို့လိုပါတယ် ။ ဒါ့အပြင် ဆံပင်၊ မုတ်ဆိတ်၊ နှုတ်ခမ်းမွှေး၊ လက်သည်း၊ ခြေသည်း က အစ သပ်သပ်ရပ်ရပ် ဖြစ်ပါစေ ။

အနောက်တိုင်းဝတ်စုံ ဝတ်မယ်ဆိုရင် ရှပ်အင်္ကျီလက်ရှည် အဖြူရောင် (သို့မဟုတ်) အရောင်ဖျော့ဖျော့ကို ရွေးချယ်ပါ၊ အပေါ်ဝတ် ကုတ်လို့ခေါ်တဲ့ suit ကိုတော့ အရောင်ရင့်ရင့် နဲ့ နက်ကတိုင်ကို တစ်ရောင်တည်းဗြောင် ကိုရွေးချယ်ပါ ။

နက်ကတိုင်စည်းတဲ့အခါ အရမ်းမကျပ်စေဘဲ ပုံမှန် (formal) ပုံစံသာ စည်းပါ။ နောက်တစ်ခုက ရှုးဖိနပ်နဲ့ ခါးပတ်ကလည်း လိုက်ဖက်ညီမှု ရှိဖို့လိုပါတယ် ။ ရှုးဖိနပ်ကလည်း ကြိုးပါတဲ့ ဖိနပ်ဖြစ်သင့်ပြီး အနက်ရောင်ကိုသာ ရွေးသင့်ပါတယ်။

အမျိုးသမီးများ အနေဖြင့် မိတ်ကပ်ကို အရမ်းကြီး သုံးစရာမလိုဘဲ သင့်တင့်ရုံသာ လိမ်းချယ်သင့်ပါတယ် ။ လက်သည်းကိုလည်း အရောင်ဖျော့ဖျော့ပဲ ဆိုးသင့်ပါတယ် ။

ပြီးတော့ လက်သည်းအလှဆင်တာ (nail art) မျိုးကိုလည်း အင်တာဗျူး ဝင်တဲ့အချိန်မှာ ရှောင်သင့်ပါတယ် ။ စကတ်ဖြစ်စေ ၊ ဘောင်းဘီရှည်ဖြစ်စေ ဝတ်ဆင်နိုင် ပါတယ် ။

စကတ်ဝတ်ဆင်ပါက မီနီစကတ်ဖြစ်ရပါမယ် ။ အပေါ်က ဝတ်တဲ့ suit နဲ့ ဘောင်းဘီဖြစ်စေ ၊ စကတ်ဖြစ်စေနဲ့ အရောင်တူညီဖို့ လိုပါတယ် ။ ဖိနပ်ကလည်း ရှုးဖြစ်စေ ၊ ဒေါက်ဖြစ်စေ စီးနိုင်ပါတယ် ။

နောက်တစ်ခုက ဒေါက်အမြင့်ကြီး မစီးပါနဲ့ ။ ဒေါက်နဲ့ စီးလေ့စီးထ မရှိရင်လည်း ဖိနပ် မပေါက်အောင် လမ်းလျှောက်တာ အဆင်ပြေပြေဖြစ်အောင် ကြိုတင် လေ့ကျင့်ထားပါ ။

(အသေးအဖွဲ့ လို့ ထင်ရပေမယ့် ဖိနပ်အသစ်စီးပြီး ဖိနပ်ပေါက်လို့ လမ်းလျှောက်တဲ့အခါ အဆင်မပြေတာမျိုး ကြုံရတတ် ပါတယ် ။

(၄)တည်ငြိမ်ငြိမ် ဖြစ်ပါစေ

အင်တာဗျူးဖြေနေတဲ့ အချိန်မှာ တည်တည်ငြိမ်ငြိမ် ဖြေဆိုနိုင်ဖို့လိုပါတယ် ။ ခါးကို မတ်မတ်ထိုင်ပြီး လက်ဟန်အနေအထားကိုလည်း သင့်တင့်လျောက်ပတ်အောင် နေတတ်ပါစေ ။

စကားပြောတဲ့အခါ အဲဒီလက်က တော်တော်လေး ထားရခက်တာမျိုးကို ကြုံဖူးကြမှာပါ။ မေးခွန်းဖြေတဲ့အခါ မေးခွန်းမေးသူနဲ့ မျက်နှာခြင်းဆိုင်ပြီး ပြောပါ (ဆိုလိုတာက မျက်နှာကို ကြည့်ပြီး ပြောစေချင်တာပါ ။)

တကယ်လို့ မေးခွန်းမေးသူက ၃ ဦး/ ၅ ဦး ဖြစ်နေရင်လည်း မေးတဲ့သူကို ကြည့်ပြီး ဖြေပါ … မေးခွန်းတွေကို ဖြေနေတဲ့အခါ ကိုယ့်ရဲ့အသံက ပီသပါစေ … ဖြေးဖြေးနဲ့မှန်မှန်ပြောပါ ။

အင်္ဂလိပ်လို ဖြေရရင် အသံထွက်တွေကို ဂရုစိုက်ပါ so … so … that’s why … that’s why … actually … actually … စသည်ဖြင့် စကားညပ်တွေ မထပ်မိအောင် သတိထားပါ။

နောက်တစ်ခု အရေးကြီးတဲ့ တစ်ချက်က အခန်းထဲကို ဝင်ကတည်းက ပြုံးပြဖို့ မမေ့ပါနဲ့ ။ ဒီနေရာမှာ အမူအရာနဲ့ ပတ်သက်လို့ နည်းနည်း ပြောပါဦးမယ် အခန်းထဲဝင်တဲ့အခါ တံခါးကိုပြန်ပိတ်ဖို့ မမေ့ပါနဲ့ ။

ထိုင်ခုံမှာ ထိုင်တဲ့ အခါ ခွင့်တောင်းပါ။ အင်တာဗျူးပြီးလို့ ပြန်ထွက်တဲ့အခါ ချက်ချင်းမလှည်ပဲ နောက်ကို တစ်လှမ်း နှစ်လှမ်း ဆုတ်ပြီး မှ လှည့်ထွက်ပါ ။ တံခါးကို ပြန်ပိတ်ပါ ။ အသေးဖွဲ့လေးတွေလို့ ထင်ရပေမယ့် သတိထားရမယ့် ကိစ္စ တွေပါ ။

(၅) မေးခွန်းပြန်မေးပါ

ကျွန်တော်တို့တွေက အင်တာဗျူးတဲ့သူက မေးတဲ့ မေးခွန်းတွေ ဖြေနိုင်ရင် ပျော်နေပြီးတော့ ပြန်မေးဖို့ မေ့နေတတ်ပါတယ် ။ဘာတွေမေးရမလဲ ? ကိုယ့်ရဲ့ လုပ်ငန်းတာဝန်၊ လစာ၊

အလုပ်ချိန်၊ ပိတ်ရက်၊ အချိန်ပို ပုံစံ၊ ဆုကြေးစနစ်၊ အခြားခံစားခွင့်၊ စသည်စသည်ဖြင့် ပြန်မေးဖို့လိုပါတယ် ။ ဆိုလိုတာက လုပ်ငန်းတာဝန်၊ အလုပ်ချိန် နဲ့ လစာ ဟာ အချိုးကျပါတယ် ။

ဆိုလိုတာက တစ်ချို့ အလုပ်တွေက လုပ်ငန်းတာဝန် နည်းလို့ လစာနည်းတာမျိုး ၊ အလုပ်ချိန်နည်းပေမယ့် လုပ်ငန်းတာဝန်များ တာမျိုးတွေ့ရ တတ်ပါတယ် ။

အချိန်ပို သတ်မှတ်ပုံတွေ ၊ ဆုကြေး(bonus) သတ်မှတ်ပုံတွေ လုပ်ငန်း တစ်ခု နဲ့ တစ်ခု မတူညီတတ်ပါဘူး ။ ဒါကြောင့် အဲဒါတွေ ကို သေသေချာချာ မေးဖို့လိုပါတယ် ။

နောက်တစ်ခုက အထူးသဖြင့် နိုင်ငံတကာနဲ့ ဆက်စပ်နေတဲ့ အင်တာဗျူးတွေဆိုရင် Thank you letter လို့ ခေါ်တဲ့ အင်တာဗျုးခေါ်တဲ့အတွက် ကျေးဇူးတင်ကြောင်း စာကို ပြန်ပို့ပေးသင့်ပါတယ် ။

အင်တာဗျူးဝင်မယ့် သူတွေအတွက် အတိုင်းအတာ တစ်ခုတော့ အသုံးဝင်မယ် လို့ ယုံကြည်ပါတယ်။

Read-၂၁ရာစုတွင် သင့်မှာရှိသင့်တဲ့ အရည်အချင်း (၃)ခု

Credit; Aung Ko Oo(UMK)

Read times
Rate this item
(1 Vote)