၁၉၂၀ ၀န်းကျင်တုန်းက အမေရိကန်ကားဈေးကွက်ရဲ့ ထိပ်ဆုံးမှာဖို့ဒ်ကားရှိနေခဲ့တယ်။
ဂျီအမ်ကဒုတိယနေရာမှာ ရှိနေတယ်။
ဂျီအမ်ရဲ့အစုရှယ်ယာရှင်နှစ်ပတ်လည်ဆုံညီပွဲမှာဂျီအမ်ကို ပဲ့ကိုင်နေသူက ပိုက်ဆံအိတ် ဖောင်းဖောင်း မဖောင်းဖောင်း ဘာအတွက်ပဲ ကားစီးစီး ဂျီအမ်တစ်စီး ရှိနေစေရမယ်လို့ ကြေညာပြီး သူက လူလတ်တန်းစားကို ပစ်မှတ်ထားပြီး ကားမော်ဒယ်တွေ ထုတ်တယ်။
ဘာရောင်းကောင်းသလဲလို့ မမေးနဲ့။
ထိပ်ဆုံးမှာရှိနေတဲ့ ဖို့ဒ်ကို ဟွန်းမတီးဘဲ အပြတ်အသတ် ကျော်တက်သွားပြီး နံပါတ်(၁) နေရာကို ရောက်သွားတယ်။
နှစ်ပေါင်းများစွာ ကမ္ဘာ့နံပါတ် (၁)ဖြစ်နေခဲ့ပြီး တိုယိုတာက အထက်၊ အလယ်၊ အောက်အလွှာစုံအတွက် ထုတ်လုပ်ကာနံပါတ် (၁)နေရာကို ယူလိုက်တော့မှ ဂျီအမ်က နံပါတ်(၂) ဖြစ်သွားခဲ့ပါတယ်။
အခုအခါမှာ နိုင်ငံတကာပုံစံဖြင့်လုပ်ကိုင်နေကြတဲ့ ကော်ပိုရေးရှင်းကြီးတွေ ဂျီအမ်နည်းလမ်းကို ကျင့်သုံးနေကြတယ်။
ဂျီအမ်က အမေရိကန်လူလတ်တန်းစားကို ဦးတည်လုပ်ကိုင်ခဲ့တယ်။
အခု ကော်ပိုရေးရှင်းကြီးတွေကကမ္ဘာ့လူလတ်တန်းစားကို ဦးတည်ပြီး ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်ကြတဲ့အတွက် သူတို့ရဲ့ ကစားကွင်းက ပိုကျယ်တယ်။
ကစားကွက်က ပိုပညာသားပါတယ်။
အရွယ်ရောက်ပြီးသား လူလတ်တန်းစားဦးရေက ဘယ်လောက်တောင် များနေပါသလဲ။
၂၀၁၁ခုနှစ်မှာ အမေရိကန်၊ ဂျပန် နဲ့ ဥရောပတို့မှာ သန်း ၄၀၀ ကျော်ရှိနေပြီး ကျန်နိုင်ငံတွေမှာတော့ ဘယ်အဆင့်ကို လူလတ်တန်းစားလို့ သတ်မှတ်တယ်ဆိုတာ အပေါ် မူတည်ပြီး အနည်းအများ ကွာခြားပါလိမ့်မယ်။
ကမ္ဘာ့ဘဏ်ရဲ့ သတ်မှတ်ပုံကတော့ တိုင်းပြည်တစ်ပြည်ရဲ့ ယေဘုယျ ဆင်းရဲမွဲတေမှုမျဉ်း အထက်မှာ ရှိနေရင် လူလတ်တန်းစားလို့ ဆိုနိုင်ပါတယ်။
ဒီတော့ နိုင်ငံတစ်ခုရဲ့ လူလတ်တန်းစား ရရှိတဲ့ ပျမ်း မျှဝင်ငွေဟာ အခြားနိုင်ငံတစ်ခု ဥပမာဥရောပနိုင်ငံတစ်ခုမှာ ရရှိနေတဲ့ လူလတ်တန်းစားဝင်ငွေထက် နည်းနေမှာဖြစ်ပေမဲ့ သူ့တိုင်းပြည်မှာတော့ သူက လူလတ်တန်း စားဖြစ်နေတာကြောင့် ၀ယ်နိုင်ခြမ်းနိုင်သူ ဖြစ်နေမှာ ဖြစ်ပါတယ်။
ထုတ်ကုန်တွေကို ဖြစ်ဖြစ်၊ ၀န်ဆောင်မှုတွေကို ဖြစ်ဖြစ် သူ သုံးစွဲနေနိုင်မှာ ဖြစ်ပါတယ်။
သူ့ထက် ၀င်ငွေသာတဲ့ နိုင်ငံမှ လူလတ်တန်းစား ထက်တောင် သူက ချောင်ချောင်လည်လည်ဖြင့် ၀ယ်ခြမ်းနေနိုင်မှာ ဖြစ်ပါတယ်။
တိုင်းပြည်တွေ ပွင့်လန်းစည်ပင်လာပြီး စီးပွားတက်လာတဲ့အခါ လူလတ်တန်းစားတွေ များလာတယ်။
အခြား လူတန်းစားတွေထက် အရေအတွက် သိသိသာသာ ပိုများသွားတယ်။
မြို့ပြနေထိုင်သူတို့ရဲ့ အသုံးအဆောင်တွေကို ၀ယ်သုံးကြရ တယ်။
အဲဒီလူတွေအတွက် ကုန်စည်တွေ၊ ၀န်ဆောင်မှုတွေနဲ့ ဆက်သွယ်ရေးလို အခြေခံအဆောက်အအုံတွေ ရောင်းချတဲ့ ဈေးကွက်က အကြီးမားဆုံးဈေးကွက် ဖြစ်သွားတယ်။
အဲဒီဈေးကွက်ကို လူလတ်တန်းစားဈေးကွက်လို့ သတ်မှတ်ထားကြတယ်။
လုပ်ငန်းတစ်ခုအနေဖြင့် လူလတ်တန်းစား ဈေးကွက်မှာ ဝေစုရဖို့ လုပ်ကိုင်ကြရတယ်။
အနေအထားတစ်ခု ရဖို့ လုပ်ကိုင်ကြရတယ်။
လူလတ်တန်းစားဈေးကွက်ဟာ ၂၁ ရာစုမှာ အလုပ်အဖြစ်ဆုံးဈေးကွက် ဖြစ်နေတယ်။
ဒီတော့ ကမ္ဘာလုံးဆိုင်ရာ လူလတ်တန်းစားဈေးကွက်ကို ဦးတည်ပြီး ကုန်စည်တွေကို ထုတ်လုပ်ကြတယ်။
ဝန်ဆောင်မှုတွေ ရောင်းချကြတယ်။ အခြေခံ အဆောက်အအုံတွေ ထူထောင်ကြတယ်။
ဟိုင်းအော်လုပ်ငန်းစု
ဟိုင်းအော်အုပ်စုဖြစ်လာမယ့် လုပ်ငန်း ဟာ ရေခဲသေတ္တာ ထုတ်လုပ်တဲ့လုပ်ငန်း အဖြစ် လုပ်ကိုင်ခဲ့ရာမှ ၁၉၈၅ခုနှစ်မှာ ဒေ၀ါလီခံရကိန်း ဆိုက်ရောက်ခဲ့ပါတယ်။
အခုအခါ ဟိုင်ရာလုပ်ငန်းစုရဲ့ စီအီးအို ဖြစ်သူ ကျန်းယုမင်ဟာ အဲဒီတုန်းက အထွေထွေ မန်နေဂျာအဖြစ် လုပ်ကိုင်နေသူဖြစ်ပါတယ်။
လုပ်ငန်း အခြေမလှ ဖြစ်ရတာဟာ ထုတ်ထားတဲ့ ရေခဲသေတ္တာတွေ အရည်အသွေး ညံ့ဖျင်းနေလို့ ဖြစ်ပါတယ်။
သူက ချို့ယွင်းချက်တွေ ရှိနေတဲ့ ရေခဲ သေတ္တာ ၇၆ လုံးကို စီတန်းပြီး နေရာချခိုင်း တယ်။
အလုပ်သမားတွေကို ကျောက်ခွဲတဲ့ တူအကြီးစားတွေ ပေးပြီး ရေခဲသေတ္တာ တွေကို တစ်ယောက်တစ်လှည့် ထုရိုက် ဖျက်ဆီးခိုင်းတယ်။
အဲဒီတုန်းက သုံးစွဲခဲ့တဲ့ တူကြီး တစ်လက်ကို အခုထိ သူ့ ရုံးခန်းထဲမှာ အမှတ်တရအဖြစ် ထားရှိပြီး ပြသထားပါတယ်။
အခုအခါ ဟိုင်ရာဟာ နိုင်ငံတကာကော်ပိုရေးရှင်းကြီးအဖြစ်ကို ရောက်ရှိ နေပါပြီ။
ကမ္ဘာ့အကြီးဆုံး လျှပ်စစ်ပစ္စည်းအမျိုး မျိုး ထုတ်လုပ်တဲ့ လုပ်ငန်းဖြစ်နေပါပြီ။
ကမ္ဘာ့အဆင့်မီ အရည်အသွေးဖြင့် လျှပ်စစ် ပစ္စည်းတွေထုတ်လုပ်လျက်ရှိပြီး ၂၀၁၀ ခုနှစ်မှာ ၀ငငွေ အမေရိကန်ဒေါ်လာ ၂၀ ဘီလျံနီးပါး ရှိခဲ့ပါတယ်။
ကျန်းက ပြည်တွင်းဈေးကွက်မျှဖြင့် တင်းတိမ်ရပ်တန့်ဖို့ စိတ်ကူးမရှိခဲ့ဘူး။
ဒါကြောင့် ထုတ်ကုန်တွေ အရည်အသွေး ကောင်းစေဖို့ ပြုပြင်မွမ်းမံမှုတွေ အမြဲလုပ် စေခဲ့တယ်။
ပြည်ပဈေးကွက်ကို တင်ပို့ဖို့ ဦးတည်ချက် ထားရှိပြီး လုပ်ကိုင်ခဲ့တယ်။
ပြည်ပနိုင်ငံမှာ ရှိနေတဲ့ လူလတ်တန်းစား ၀င်ငွေနဲ့ ကိုက်ညီမယ့် ဈေးနှုန်းကို သတ် မှတ်ပြီး
ရောင်းချစေခဲ့ပါတယ်။
ဒါကြောင့် ဟိုင်ရာက ထုတ်တာဖြစ်ပေမဲ့ အ၀တ်လျှော် စက်တွေရဲ့ ဈေးက တစ်နိုင်ငံနဲ့ တစ်နိုင်ငံ မတူကြဘူး။
ပြည်ပဈေးကွက်မှာ အတန်အသင့် အောင်မြင်လာတဲ့အခါ ကျန်းက တရုတ် ပြည်မှာ
ထုတ်လုပ်ပြီး ပြည်ပကို တင်ပို့နေခြင်းအစား ပြည်ပမှာ ထုတ်လုပ်ပြီး ဈေးကွက်ဆီ တင်ပို့တဲ့စနစ်ကို ပြောင်းလဲ ကျင့်သုံးလိုက်တယ်။
၂၀၀၅ ခုနှစ်မှ စလို့ ဟိုင်ရာရဲ့ ထုတ်ကုန်တွေကို ဈေးကွက်ရှိရာ နိုင်ငံမှာပဲ ဒီဇိုင်းထုတ်တာက အစ၊ တပ်ဆင် တာ အလယ်၊ ဈေးကွက် ပို့တာအဆုံး စလယ်ဆုံး သုံးပါးစလုံးကို ပြည်ပမှာပဲ လုပ်ကိုင်စေခဲ့ပါတယ်။
ရောင်းချမယ့် ဈေးကွက်တည်ရှိရာ ဒေသနဲ့ အပ်စပ်မယ့် ဒီဇိုင်း၊ ခံနိုင်ရည် စတဲ့ သတ်မှတ်ချက်တွေ ချမှတ်ပြီး ထုတ်လုပ်စေခဲ့ပါတယ်။
ဥပမာ အားဖြင့် အာရပ်နိုင်ငံတွေအတွက် ထုတ်လုပ်တဲ့ အ၀တ်လျှော်စက်တွေဆိုရင် အာရပ်ဝတ်စုံထူထူထဲထဲ၊ အရွယ်ကြီး ကြီးတွေ ထည့်လျှော်လို့ရအောင်လျှော်ကန်ကို အရွယ်ပိုကြီးပေးထားပြီး စောင်လျှော်တဲ့စက်မျိုးဖြစ်အောင် ထုတ်လုပ်ပေးထားပါတယ်။
အိန္ဒိယအတွက်ဆိုရင် မီးအားအတက်အကျ မတည်ငြိမ်တာကို ကြံ့ကြံ့ခံပြီးလျှော်ပေးနိုင်အောင် လျှပ်စစ်ပိုင်းမှာ လုပ်ပေးထားပါတယ်။
အီတလီအတွက် စက်သံတိုးတိုးဖြင့် ငြိမ်ငြိမ်ဆိတ်ဆိတ် လျှော်ပေးနိုင်တဲ့စက်မျိုးကို ထုတ်လုပ်ပါတယ်။
ပြီးတော့ ခလုတ်နှိပ်ပြီး အချိန်မှတ်စေကာ လျှော်သည်မှအစ၊ ရေဖောက်ချခြင်း၊ ရေပြန်ဖြည့်ခြင်း၊ အသန့်လျှော်ခြင်း၊ ရေဖောက်ချခြင်း၊ အခြောက်ခံခြင်း စတဲ့ အဆင့်ဆင့်ကို သတ်မှတ်ပေးထားတဲ့ အချိန်တွေအတိုင်း အကုန်လုံး အလိုအလျောက် လျှော်ခိုင်းလို့ရအောင် လုပ်ပေးထားပါတယ်။
အီတလီမှာ ညဥ့်နက်ချိန် လျှပ်စစ် မီတာခက နေ့ဘက်ထက် သက်သာ တာကြောင့် ညအိပ်ချိန်ကျမှ လျှော်စက်က သူ့ဘာသာသူ အလိုအလျောက် လျှော်ပေးအောင် အချိန်သတ်မှတ်ပေးနိုင်ဖို့ကိုလည်း စက်မှာ စီစဉ်ပေးထား
ပါတယ်။
တကယ်တော့ ဟိုင်ရာတစ်ဦးတည်း သာ အခုလို ဒေသအလိုက် မူကွဲတွေ ထုတ်လုပ်ရောင်းချနေတာ မဟုတ်ပါဘူး။
နိုင်ငံ တကာဈေးကွက်ကို ဖြန့်ကျက်ထားတဲ့ ကော်ပိုရေးရှင်းကြီးတွေ အတော်များများဟာ ဒေသအလိုက် လိုအပ်ချက်တွေကို ဆန်းစစ်ပြီး ဆီလျော်မယ့် မူကွဲတွေကို ထုတ်လုပ်ရောင်းချခြင်းဖြင့် ကမ္ဘာ့လူလတ်တန်းစားဈေးကွက်မှ ဝေစုတွေ ရယူထားကြတာကို တွေ့နိုင်ပါတယ်။
ဒီအတွက် ဒေသအလိုက်၊ နိုင်ငံ အလိုက်လေ့လာဆန်းစစ်မှုတွေ လုပ်ကိုင်ကြရပါတယ်။
လူလတ်တန်းစားပျိုးခင်း
လူလတ်တန်းစားဈေးကွက်မှာ ၀ယ်ခြမ်းတဲ့ လူလတ်တန်းစားတွေရဲ့ အသက်အရွယ်အပိုင်းအခြားဟာ လူငယ်လူလတ်တွေဖြစ်နေရင် ရောင်းအားပိုကောင်းပါတယ်။
တိုင်းပြည်စီးပွားရေး ကြီးထွားပွင့်လန်း လာတာနဲ့အမျှ လူငယ် လူလတ်တွေက ပိုမိုသုံးဖြုန်းကြတယ်။
သုံးအားရော ဖြုန်းအားပါ တက်လာတယ်။
အဲဒီလို စီးပွားရေး ကြီးထွားနေစဉ် လူငယ် လူလတ် ပိုင်း လူဦးရေ များပြားနေတာဟာ အလားအလာ အကောင်းဆုံးပျိုးခင်း ဖြစ်ပါတယ်။
အဲဒီ ပျိုးခင်းကနေ လူလတ်တန်းစား ဈေးကွက် ထွက်ပေါ်လာမှာ ဖြစ်ပါတယ်။
အဲဒီ ဈေးကွက်မှာအနေအထား အဆင့် အတန်းတစ်ခုကို အရယူနိုင်ဖို့ ဦးတည် လုပ်ကိုင်နေကြရတာဖြစ်ပါတယ်။
လူလတ်တန်းစားဈေးကွက် ကြီးထွား လာတဲ့အခါ ဒီရေအတိုင်း ရေမြင့်လို့ ကြာတင့်သွားတဲ့ လုပ်ငန်းတွေ ရှိပါတယ်။
ဒီဈေးကွက် ပျိုးခင်းကာလကို ဖြတ်သန်းစဉ်မှာ ပွင့်သစ်စလုပ်ငန်းသစ်ကလေးတွေ ရှိနေကြတယ်။
သူတို့က အဖိုးနည်းဝန်ပါဆိုတဲ့ဟာမျိုးတွေကို ရောင်းချနေကြတယ်။
လုပ်ငန်းရှိရာမြို့မှာ၊ နယ်မှာ ဈေးအနိမ့်တန်း အပိုင်း အကန့်ကို နေရာဝင်ယူပြီး လုပ်ကိုင်နေကြတယ်။
သူတို့ရဲ့ စားသုံးသူတွေက အရေအတွက်အရရော၊ ၀ယ်ယူမှုအရရော မြင့်တက်လာတဲ့အခါ အမီလိုက်ပြီး ဖြည့် ဆည်းပေးနိုင်စွမ်းရှိပြီး မိမိလုပ်ငန်းကိုလည်း ကြီးထွားတိုးတက်အောင် လုပ်နိုင်ခဲ့ကြ တယ်။
အဲဒီကုမ္ပဏီတွေဟာ ထုတ်ကုန်နဲ့ တကွ လိုအပ်နေတဲ့ နောက်ဆက်တွဲ ၀န်ဆောင်မှုတွေကိုပါ ပံ့ပိုးနေကြလို့ လူ လတ်တန်းစားဈေးကွက်မှာ ဆက်လက် ရပ်တည်နေနိုင်ခဲ့
ကြတယ်။
အဲဒီလို မဖြစ်တဲ့ ကုမ္ပဏီတွေကတော့ ဆုတ်ယုတ်ပျောက်ကွယ်သွားကြတယ်။
ဆက်လက်ရပ်တည်နိုင်ကြတဲ့လုပ်ငန်း တွေဟာ ယခင်ကထက် ပိုသာတဲ့ အရည်အသွေး၊ပိုထိရောက်တဲ့ ၀န်ဆောင်မှုတွေနဲ့ မိမိလုပ်ငန်းရဲ့ အမှတ်တံဆိပ်တွေကို တန်းတစ်ခုရအောင် လုပ်နိုင်သွားကြတယ်။
မိမိမှ ရောင်းချတဲ့ အမျိုးအမည်တွေလည်း ယခင်ကထက် တိုးပြီး ပိုများများ ရှိနေစေပါတယ်။
ပြည်ပခြေလှမ်း
ပြည်တွင်း လူလတ်တန်းစားဈေးကွက်မှာ အခြေခိုင်နေကြသူတွေထဲမှာ အမြင့် မှန်းကြသူတွေလည်း ပါနေတယ်။
သူတို့က ပထ၀ီနယ်နိမိတ် ကန့်သတ်မှုကို ကျော်လွှားပြီး ကမ္ဘာ့လူလတ်တန်းစားဈေးကွက်ထဲကို စီးဝင်ဖို့ လုပ်ကိုင်ကြတယ်။
ဒီလို လုပ်ကိုင် ကြရင်းအပေါက်အလမ်းတည့်ပြီး အောင် မြင်သွားကြသူတွေ ပေါ်ထွက်လာမှာ ဖြစ်ပါတယ်။
WMA