-->
×

Warning

JUser: :_load: Unable to load user with ID: 29


ကြော်ငြာကဏ္ဍမှာ စိတ်ကူးကောင်းကောင်း ( Big Idea ) ရှိဖို့ဆိုရင်...

အခုကစပြီး ပြင်ဆင်စရာရှိတာတွေကို ကမ္ဘာတည်သရွေ့ ပြင်ဆင်နိုင်ပါပြီ။ ဒါပေမယ့် စိတ်ကူးကောင်းသာ မဖော်ဆောင်ထားရင် ကျော်ကြားမှုနဲ့ ကံတရားကို ဖမ်းဆုပ်နိုင်မှာ မဟုတ်ပါ။

ကြိုတင်ပြင်ဆင်ခြင်းတွေက စိတ်ကူးကောင်းတွေ ဖြစ်ပေါ်လာစေပြီး စားသုံးသူတွေကို ဆွဲဆောင်လို့၊ ခင်ဗျားကုန်ပစ္စည်းကို ဝယ်လာစေနိုင်ပါတယ်။ ကြော်ငြာမှာ စိတ်ကူးကောင်းသာ မရှိရင် ညဖက်ကြီး သဘောင်္ခုတ်မောင်းရသလို စမ်းတဝါးဝါး ဖြစ်နေမှာပဲ။

ကြော်ငြာကမ်ပိန်း တစ်ရာမှာ တစ်ခုလောက်တောင် စိတ်ကူးကောင်းရှိပါရဲ့လားလို့ ကျွန်တော် သံသယဖြစ်မိပါတယ်။ ကျွန်တော်က စိတ်ကူးကောင်းတွေ ဖန်တီးဖော်ဆောင် တက်တဲ့သူ တစ်ဦးပါ။ ဒါပေမယ့် ကျွန်တော်စာစီသမားလုပ်ခဲ့တဲ့ ကြာရှည်တဲ့ ဘဝတစ်လျှောက်မှာ စိတ်ကူးကောင်းရှိခဲ့တာ အကြိမ် ၂၀ မကျော်ခဲ့ပါဘူး။

စိတ်ကူးကောင်းဆိုတာ မသိစိတ်က လာပါတယ်။ စိတ်ကူးကောင်းက အနုပညာမှာ၊ သိပ္ဗံပညာနဲ့ ကြော်ငြာလုပ်ငန်းမှာပါ မှန်ပါတယ်။ ဒါပေမယ့် ခင်ဗျားရဲ့ မသိစိတ်ကလည်း အချက်အလက်အစုံအလင်ရှိနေမှ ရမှာပါ။ ဒီလိုမှမဟုတ်ရင် ရတဲ့အတွေးကလည်း အဆင်ချောမှာ မဟုတ်ပါဘူး။ မသိစိတ်ကို အချက်အစုံအလင် ပံ့ပိုးထားပါ။

နောက်ပြီး ခင်ဗျားရဲ့ ကျိုးသင့်ကြောင်းသင့်တွေးခေါ်မှုကို လွှတ်ပေးကြည့်ပါ။ ဒီလိုအတွေးပုံဖော်ခြင်း ဖြစ်စဉ်တွေကို လမ်းကြာကြာလျှောက်တဲ့အချိန်၊ ရေပူကန်ထဲ စိမ်ပြေနပြေချိုးနေတဲ့အချိန်နဲ့ ဝိုင်နီပိုင့်ဝက်လောက် သောက်နေတဲ့အချိန် ဖန်တီးယူလို့ရပါတယ်။ ရုတ်တရက်၊ ခင်ဗျားရဲ့ မသိစိတ်လိုင်းပွင့်သွားတဲ့အချိန်မှာ၊ စိတ်ကူးကောင်းကို ခင်ဗျားရပြီပဲ။

လုပ်ဖော်ကိုင်ဖက် Esty Stowell က စောဒကတက်ပါတယ်။ ကျွန်တော့် ပထမဆုံး ကြော်ငြာဖြစ်တဲ့ Pepperidge Farm ပေါင်မုန့်ကြော်ငြာမှာ အခြားအရာတွေအားလုံး အဆင်ချောနေပါပြီ။ ဒါပေမယ့် ထည့်ဖို့ပုံမပါခဲ့ပါဘူး။ မြင်းဖြူနှစ်ကောင်ကတဲ့ မု့န်ပို့လှည်း တစ်စီးဟာ ကျေးလက် လမ်းတလျှောက် ဟန်ကျပန်ကျသွားနေတာကို အဲ့ဒီ့ညက အိပ်မက် မက်ခဲ့ပါတယ်။ အဲဒီ့အတိုင်း ဖန်တီးခဲ့လို့၊  ယနေ့ ၂၇ နှစ်ကြာပြီးတဲ့အထိ Pepperidge Farm ကြော်ငြာအတွက် မြင်းဆွဲတဲ့ မုန့်ပို့လှည်းဟာ လမ်းတလျှောက် သုံးနေရဆဲ ဖြစ်ပါတယ်။

ဘယ်အရာက လူတစ်ယောက်ပိုင်ဆိုင်တဲ့ အကောင်းဆုံးဥစ္စာလဲလို့ မေးခံရတဲ့အခါ၊ ကြော်ငြာလုပ်ငန်း ဂုရုကြီး Albert Lasker ကတော့ “စိတ်ကူးကောင်းတွေပါတဲ့ နှိမ့်ချခြင်း” ရယ်လို့ ပြန်ဖြေခဲ့ပါတယ်။ ဒါကစိတ်ကူးကောင်းရယ်လို့ အသိအမှတ်ပြုဖို့ အတော် စိတ်ပျက်စရာပါ။ ဘယ်နှစ်ကြိမ်လောက် ငြင်းမိမှန်းတောင်မသိပါဘူး။ သုတေသနက ခင်ဗျားကို သိပ်မကူညီနိုင်ပါဘူး။ အတွေးတစ်ခုရဲ့ များပြားတိုးပွားလာတဲ့ တန်ဖိုးကို မခန့်မှန်းနိုင်တာကြောင့်ပါ။ နှစ် ၃၀ လောက်သုံးမရရင် အစီအမံကောင်းလို့လည်း မခေါ်နိုင်ပါဘူး။ ( ခေတ်ကာလ အခြေအနေပေါ်မူတည်၍ သတ်မှတ်ခဲ့သည်ဟု ယူဆသည်။)

လုပ်ဖော်ကိုင်ဖက်တစ်ယောက်က စိတ်ကူးတစ်ခု လာတင်ပြဖူးတယ်။ အမေရိကန်ဘဏ် Merrill Lynch ရဲ့ ရုပ်မြင်သံကြားကြော်ငြာမှာ နွားအုပ်ကြီး ချီတက်တာဖြစ်ပါတယ်။ “Merrill Lynch က အမေရိကန်မှာ ဗိုလ်ကျပါတယ်” ဆိုတဲ့ ဆောင်ပုဒ်နဲ့ပါ။ ဒီစိတ်ကူးက ခပ်ပိန်းပိန်းရယ်လို့ ကျွန်တော်ထင်ခဲ့ပေမယ့်၊ ကံကောင်းချင်တော့ ကျွန်တော်မတွေ့ခင် ကတည်းက အတည်ပြုပြီး သွားပါပြီ။ ကမ်ပိန်းအောင်မြင်သွားခဲ့တယ်။ အဲ့ဒီ့နွားအုပ်လည်း အချိန်တွေကြာလို့ နောက်အေဂျင်စီရောက်တဲ့အထိ ဆက်ချီတက်နေတုန်းပါပဲ။

ဒီမေးခွန်း ၅ ခုနဲ့ စိတ်ကူးကောင်းဟုတ်မဟုတ် သိသာစေနိုင်ပါတယ်။

၁။ စမြင်ကတည်းက မှင်သက်သွားစေလား

၂။ ဒီကြော်ငြာကို ကိုယ်လုပ်ထားတာလေးများဖြစ်လိုက်ပါတော့လို့ တွေးမိလား

၃။ ကွဲပြားခြားနားရဲ့လား

၎။ ပြီးပြည်စုံမှုအတွက် နည်းဗျူဟာနဲ့ ကိုက်ညီရဲ့လား

၅။ နှစ် ၃၀ လောက်သုံးလို့ရရဲ့လား

၅ နှစ်လောက်ခံတဲ့ ကြော်ငြာကိုတောင် ခင်ဗျားလက်ချိုးရေလို့ရပါတယ်။ ဒါတွေက တကယ့်ဆရာကြီးတွေပေါ့။ စီးပွားရေးတိုးတက်နေချိန်၊ ကျဆင်းနေချိန်နှစ်ခုလုံးမှာ ထုတ်လုပ်ရေးနဲ့ အံ့ဝင်စေတဲ့၊ အပြိုင်အဆိုင်တွေရဲ့ အင်အားကို အံတုတွန်းလှန်နိုင်တဲ့၊ လူပြောင်းသွားရင်တောင် ဆက်ပြီးထိရောက်နေဦးမယ့် ကမ်ပိန်းဖြစ်ပါတယ်။ Hathaway မျက်လုံးဖုံး က ၁၉၅၁ ခုနှစ်မှာ ပေါ်လာခဲ့ပြီး၊ အခုထိအလုပ်ဖြစ်နေတုန်းပါ။ ၁၉၅၅ ခုနှစ် ကတည်းက လုပ်ခဲ့တဲ့ Dove ရဲ့ ကြော်ငြာတိုင်းမှာ “အခြားဆပ်ပြာတွေလို Dove က အသားအရည်ကို ခြောက်သွေ့စေမှာ မဟုတ်ပါဘူး” လို့ ကတိပေးထားတယ်။ American Express ရဲ့ “မင်းငါ့ကို သိလား” ဆိုတဲ့ ကြော်ငြာက ၁၉၇၅ ကတည်းက အဆင်ပြေနေတာပါ။ နောက် Leo Burnett ရဲ့ မာဘိုရို ကြော်ငြာကမ်ပိန်းဆိုရင်လည်း နှစ်အစိတ် ကျော်နေခဲ့ပါပြီ။

Peter Soe Moe ( Ogilvy on Advertising by David Ogilvy )

 

Read times
Rate this item
(1 Vote)