-->
×

Warning

JUser: :_load: Unable to load user with ID: 29


အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်အကြောင်း

အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်အကြောင်း Google

အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်အကြောင်း  လေ့လာကြည့်ရအောင်...

Biography

Donald John Trump ကတော့ အမေရိကန်ပြည်ထောင်စုရဲ့ ၄၅ ယောက်မြောက် လက်ရှိ သမ္မတ ဖြစ်ပါတယ်။ နိုင်ငံရေး လောကထဲ မဝင်ခင် ၎င်းဟာ စီးပွားရေးလုပ်ငန်းရှင်နဲ့ Television personality တစ်ဦး ဖြစ်ပါတယ်။

Trump ကိုတော့ ၁၉၄၆ ခုနှစ် ဇွန်လ ၁၄ ရက်မှာ New York City ရဲ့ Queens စီရင်စုမှာ မွေးဖွားခဲ့ပြီး အဲဒီမှာပဲ ကြီးပြင်းခဲ့သူ ဖြစ်ပါတယ်။ Wharton School ကနေ စီးပွားရေး ဘွဲ့ဒီဂရီ ရခဲ့ပါတယ်။ Trump ဟာ ၎င်းရဲ့ မိသားစုပိုင် အိမ်ခြံမြေလုပ်ငန်းကို ၁၉၇၁ မှာ စတင် လွှဲပြောင်းတာဝန်ယူခဲ့ပါတယ်။ ယင်းနောက် Trump Organization ရယ်လို့ နာမည်ပြောင်းခဲ့ပါတယ်။ ပြီးတော့ လုပ်ငန်းတွေကို Queens နဲ့ Brooklyn ကနေ Manhattan အထိ ချဲ့ထွင်လုပ်ကိုင်ခဲ့ပါတယ်။ ၎င်းရဲ့ ကုမ္ပဏီကတော့ အထပ်မြင့်အဆောက်အအုံတွေ၊ ဟိုတယ်တွေ၊ ကယ်စီနိုရုံတွေ၊ ဂေါက်ကွင်းတွေ တည်ဆောက် ဒါမှမဟုတ် ပြုပြင်ထိန်းသိမ်းမှုတွေ လုပ်ပါတယ်။ ဒါ့အပြင် Trump ဟာ ၎င်း နာမည်နဲ့ပဲ တစ်ခြား ဘေးပန်း လုပ်ငန်းတွေကိုလည်း လုပ်ကိုင်ခဲ့ပါသေးတယ်။ သူ ၂၀၁၇ ခုနှစ်က သမ္မတအဖြစ် ကျမ်းမကျိန်ခင်အထိ ကုမ္ပဏီကို ဦးဆောင် စီမံခန့်ခွဲခဲ့ပါတယ်။ ၎င်းဟာ Miss Universe နဲ့ Miss USA beauty pageants တွေကိုလည်း ၁၉၉၆ ကနေ ၂၀၁၅ အထိ ပိုင်ဆိုင်ခဲ့ပါတယ်။ ဒါ့အပြင် ၂၀၀၃ ကနေ ၂၀၁၅ အထိ reality television show ဖြစ်တဲ့ The Apprentice ကို ထုတ်လုပ်ပြီး host အဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ ၎င်းရဲ့ အသားတင် ကြွယ်ဝမှု တန်ဖိုးကိုတော့ ကန်ဒေါ်လာ ၃ ဒသမ ၁ ဘီလီယံလို့ Forbes က ခန့်မှန်းထားပါတယ်။

Trump ဟာ ၂၀၁၆ သမ္မတရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန် တစ်ဦးအဖြစ် ၀င်ပြိုင်ခဲ့ပြီး ပါတီကိုယ်စားလှယ် အကြို ရွေးကောက်ပွဲတွေမှာ ပြိုင်ဘက် ၁၆ ဦးကို အနိုင်ရရှိခဲ့ပါတယ်။ ၎င်းရဲ့ နိုင်ငံရေး အမြင် ရပ်တည်ချက်များအရ ၎င်းမှာ လူပြိန်းကြိုက် ၀ါဒီ၊ ကိုယ်ကျိုးစီးပွား ကာကွယ်ရေးဝါဒီ ၊ အမျိုးသားရေး ၀ါဒီအဖြစ် ရှုမြင်ခံခဲ့ရပါတယ်။ ရွေးကောက်ပွဲမှာတော့ Trump ဟာ ဒီမိုကရက်တစ် ပါတီ သမ္မတ ကိုယ်စားလှယ်လောင်း Hillary Clinton အပေါ် အံ့အားသင့်ဖွယ် အနိုင်ရပြီး အမေရိကန် သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရပါတယ်။ ဒါ့အပြင် ၎င်းဟာ သမ္မတ တာဝန် ရယူတဲ့ အသက်အကြီးဆုံးနဲ့ အချမ်းသာဆုံး ပုဂ္ဂိုလ် လည်း ဖြစ်လာခဲ့ပါတယ်။ ၎င်းရဲ့ ရွေးကောက်ပွဲနဲ့ မူဝါဒတွေကြောင့်လည်း ဆန္ဒပြမှုတွေ အများအပြားကို ဖြစ်စေခဲ့ပါသေးတယ်။ Trump ဟာ ၎င်းရဲ့ မဲဆွယ်စည်းရုံးမှု ကာလ နဲ့ သမ္မတ တာဝန်ထမ်းစဉ်အတွင်း မှားယွင်းတဲ့ ဒါမှမဟုတ် အထင်မြင်မှားစေတဲ့ ထုတ်ဖော်ပြောကြားချက်တွေကို လုပ်ဆောင်ထားခဲ့သူလည်း ဖြစ်ပါတယ်။ ၎င်းရဲ့ ပြောဆိုချက်တွေကို အချက်အလက် စစ်ဆေးသူတွေက မှတ်တမ်းတင်ခဲ့ကြသလို မီဒီယာတွေကလည်း ဒီဖြစ်စဉ်ဟာ အမေရိကန် နိုင်ငံရေးမှာ မကြုံစဖူး ဖြစ်စဉ်အဖြစ် ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြခဲ့ကြပါတယ်။ Trump ရဲ့ မှတ်ချက်တွေ၊ လုပ်ဆောင်ချက်အများအပြားကြောင့် ၎င်းကို လူမျိုး ခွဲခြားဆက်ဆံသူ အဖြစ် ဖော်ပြခံခဲ့ရပါတယ်။

၎င်း သမ္မတ တာဝန်ယူစဉ်ကာလအတွင်းမှာတော့ Trump ဟာ လုံခြုံရေး ဆိုင်ရာ စိုးရိမ်ပူပန်မှုကို အကြောင်းပြပြီး မွတ်ဆလင် အဓိက နိုင်ငံအများစုကကနေ လာတဲ့ နိုင်ငံသားတွေအပေါ် ခရီးသွားလာမှု ပိတ်ပင်ချက် ထုတ်ပြန်ညွန်ကြားခဲ့ပါတယ်။ နိုင်ငံခြားရေး မူဝါဒပိုင်းမှာလည်း Trump ဟာ America First ဆိုတဲ့ အမေရိကန် ပထမ ဦးစားပေး လုပ်ငန်းစဉ်ကို သတ်မှတ်ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီ လုပ်ငန်းစဉ်နဲ့အတူ ၎င်းဟာ ပစိဖိတ် ဒေသဖြတ်ကျော် ပူးပေါင်းဆောင်ရွက်မှု ကုန်သွယ်ရေး စာချုပ် ညှိနှိုင်းဆွေးနွေးမှုတွေကနေ အမေရိကန်ကို နုတ်ထွက်စေခဲ့ခြင်း၊ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ပါရီ သဘောတူညီချက်ကနေ နုတ်ထွက်ခြင်း၊ အီရန် နျူကလီးယား သဘောတူညီချက်ကနေ နုတ်ထွက်ခြင်းတို့ကို လုပ်ဆောင်ခဲ့ပါတယ်။ ဒါ့အပြင် ဂျေရုဆလင်ကို အစ္စရေး မြို့တော်အဖြစ် တရားဝင် အသိအမှတ်ပြုခဲ့တာ၊ ဂိုလန် ကုန်းမြင့်ကို အစ္စရေးပိုင်အဖြစ် အသိအမှတ်ပြုပေးခဲ့တာ စတဲ့ အငြင်းပွားဖွယ်ရာ ကိစ္စတွေကိုလည်း ဆောင်ရွက်ခဲ့ပါတယ်။ အလားတူ အမျိုးမျိုးသော ထုတ်ကုန်ပစ္စည်း တွေအပေါ် သွင်းကုန်ခွန်တွေ ပြဌာန်းကောက်ခံခဲ့လို့ တရုတ်နဲ့အကြား ကုန်သွယ်ရေးစစ်ကို ဖြစ်စေခဲ့ပြန်ပါတယ်။ ဒါ့အပြင် မြောက်ကိုရီးယားနဲ့ အကြား နျူကလီးယားဖျက်သိမ်းရေးအတွက် ညှိနှိုင်းဆွေးနွေးမှုတွေကိုလည်း စတင်လုပ်ဆောင်ထားခဲ့ပါတယ်။

ကိုးကွယ်ရာ ဘာသာ

Donald Trump ကိုတော့ ငယ်စဉ်က ၎င်းရဲ့ မိခင်ဖြစ်သူက ခရစ်ယာန်အသင်းတော် အသင်းဝင်တစ်ဦးအဖြစ် ကျွေးမွေးစောင့်ရှောက်ခဲ့ပြီး ၎င်းကတော့ ၎င်းကိုယ်ကိုယ် ပရိုတက်စတင့် တစ်ဦးအဖြစ် ခံယူထားတယ်လို့ ဆိုပါတယ်။

မိသားစု

Trump ရဲ့ မိဘတွေကတော့ Frederick C Trump နဲ့ Marry Anne MacLeod Trump တို့ ဖြစ်ကြပါတယ်။ မွေချင်း ငါးဦးအနက် လေးယောက်မြောက်ဖြစ်ပါတယ်။ ဖခင်ဖြစ်တဲ့ Frederick ကတော့ အိမ်ခြံမြေလုပ်ငန်းရှင်တစ်ဦးဖြစ်ပါတယ်။

ဇနီးနှင့် ကလေးများ

Donald J. Trump မှာ ဇနီး သုံးဦး ရှိခဲ့ပြီး လက်ရှိမှာတော့ ဆလိုဗေးနီးယန်း မော်ဒယ်ဟောင်း Melania Trump နဲ့ လက်ထပ်ထားပါတယ်။ ရင်သွေးတွေကတော့ Donald Jr ၊ Ivanka ၊ Eric ၊ Tiffany နဲ့ Barron တို့ဖြစ်ပါတယ်။

ငယ်ရွယ်စဉ်ကာလ

Donald Trump ဟာ ငယ်စဉ်ကလေးအရွယ်ကတည်းက ထကြွလှုပ်ရှားတက်ကြွခဲ့ပြီး ငါသိငါတတ်ကြောင်း ပြတတ်တဲ့ ကလေးတစ်ဦးဖြစ်ခဲ့ပါတယ်။ မိဘတွေက ၎င်း အသက် ၁၃ နှစ်အရွယ်မှာ New York Military Academy ကို ပို့ခဲ့ပါတယ်။ ဒီကျောင်းရဲ့ စည်းမျဉ်းတွေက ၎င်းရဲ့ စွမ်းအားကို အပြုသဘောဆောင်နည်းနဲ့ ပြောင်းလဲပေးနိုင်လိမ့်မယ်လို့ မိဘတွေက မျှော်လင့်ခဲ့ပါတယ်။

Trump ကလည်း ယင်း academy မှာ အကောင်းဆုံး လုပ်နိုင်ခဲ့ပါတယ်။ အဲဒီမှာ စတား ပလေယာ အားကစားသမားတစ်ဦးဖြစ်ခဲ့သလို ကျောင်းသားခေါင်းဆောင်လည်း ဖြစ်ခဲ့ပါသေးတယ်။

ပညာရေး

ယင်းနောက် Trump ဟာ Fordham University မှာ တက်ခဲ့ပါတယ်။ နှစ်နှစ်အကြာမှာပဲ University of Pennsylvania က Wharton School of Finance ကို ပြောင်းရွှေ့တက်ရောက်ခဲ့ပါတယ်။ အဲဒီမှာ ၁၉၆၈ မှာ စီးပွားရေးဘာသာရပ်နဲ့ ဘွဲ့ရရှိခဲ့ပါတယ်။

Read More >>> ဘီလျံနာတွေ အများဆုံးနေထိုင်တဲ့ ကမ္ဘာ့နိုင်ငံပေါင်း (၁၅)ခုဘီလျံနာတွေ အများဆုံးနေထိုင်တဲ့ ကမ္ဘာ့နိုင်ငံပေါင်း (၁၅)ခု

မဲဆွယ်စည်းရုံးရေး

Trump ကတော့ ၎င်းသာ သမ္မတ ဖြစ်ချိန်မှာ အဓိက ကိုင်တွယ် ဆောင်ရွက်မယ့် ကိစ္စတွေအဖြစ် ပြည်တွင်း အကြမ်းဖက်မှု တိုက်ဖျက်ရေး၊ စီးပွားရေး၊ လူဝင်မှု ကြီးကြပ်ရေး၊ အကြမ်းဖက်မှု၊ တရားလွှတ်တော်ချုပ် တရားသူကြီးတွေ ခန့်အပ်မှု စတဲ့ ကိစ္စတွေကို ကိုင်တွယ်သွားမယ်လို့ ချပြခဲ့ပါတယ်။

ဒါ့အပြင် နိုင်ငံတွင်းကို တရားမ၀င် ရွှေ့ပြောင်းဝင်ရောက်လာမှုတွေကို တားဆီးနိုင်ဖို့၊ မူးယစ်ဆေးဝါးတွေ ၀င်ရောက်နေမှုကို တားဆီးနိုင်ဖို့ အတွက် ကြီးမားတဲ့ နယ်စပ်တံတိုင်းကြီးတစ်ခု ကာရံမယ်လို့ Trump က လူဝင်မှုကြီးကြပ်ရေးနဲ့ပတ်သက်လို့ ပြောဆိုခဲ့ပါတယ်။

၎င်းလက်ထက်မှာ ကုန်သွယ်ရေး သဘောတူညီချက်တွေ ပြန်ဆွေးနွေးတာ၊ အခွန်တွေ လျှော့ချတာ၊ ObamaCare လို့ သိကြတဲ့ စရိတ်သက်သာ ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေကို ရုပ်သိမ်းတာ တို့ လုပ်မယ်လို့လည်း ၎င်းကို ထောက်ခံသူတွေကို ကတိပြုခဲ့ပါတယ်။

အသားတင် ကြွယ်ဝမှု

Trump ရဲ့ အသားတင်ကြွယ်ဝမှု တန်ဖိုးကိုတော့ ၂၀၁၉ မတ်လ ၅ ရက်အထိ ဒေါ်လာ ၃ ဒသမ ၁ ဘီလီယံ ရှိမယ်လို့ Forbes က ခန့်မှန်းထားပါတယ်။
wikipedia
https://www.biography.com/us-president/donald-trump

Source- strategy first

 Myanmar Advertising Directory

Read times
Rate this item
(0 votes)