-->
×

Warning

JUser: :_load: Unable to load user with ID: 29


Sir James Dyson နှင့် Dyson ဖုန်စုပ်စက်နောက်ကွယ်မှ နေ့စွဲများ

မှားယွင်းမှု အကြိမ်ပေါင်း ငါးထောင့်တစ်ရာနှစ်ဆယ့်ခြောက်ကြိမ် မှားယွင်းပြီးတဲ့နောက်မှာတော့ “ဘယ်တော့မှ ဖုန်စုပ်အားကျမသွားတဲ့ ဖုန်စုပ်စက်” အဖြစ် ကမ္ဘာကျော်တဲ့ ဒိုင်ဆန်ဖုန်စုပ်စက် ဆိုတာ ပေါ်ပေါက်လာခဲ့ပါတယ်။ဒီစက်ကို တီထွင်ခဲ့သူဖြစ်တဲ့ အသက်သုံးဆယ်အရွယ် “ဒိုင်ဆန်” ဟာ သူရဲ့အိမ်မှာ ဖုန်စုပ်စက်တစ်လုံး နဲ့ ဖုန်စုပ်နေရင်း ဖုန်စုပ်အား မကြာခဏ လွတ်လွတ်သွားတဲ့အခါ ဒေါပွရာက ဖုန်စုပ်အားအထူးကောင်းမွန်တဲ့ စက်အမျိုးအစားတစ်ခုကို တီထွင်ဖို့ စိတ်ကူးကို ရခဲ့တာပဲ ဖြစ်ပါတယ်။

သူ့ရဲ့ စိတ်ကူးကတော့ ဆိုင်ကလုံးမုန်တိုင်းလိုအားမျိုးနဲ့ မွှေ့ရမ်းကာ ဖုန်တွေအမှိုက်တွေကို စုပုံခွဲထုတ်တဲ့သဘောတရားကို အခြေခံပြီး ကမ္ဘာ့ပထမဆုံး အမှိုက်အိတ် မလိုတဲ့ ဖုန်စုပ်စက်ကို တီထွင်ဖို့ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အဲ့ဒီစိတ်ကူးကို တကယ့် အကောင်အထည် ဖော်ချိန်မှာတော့ စက်မှုနည်းပညာပိုင်းဆိုင်ရာ အခက်အခဲများစွာကို ရင်ဆိုင်ရပါတော့တယ်။အချိန်ကာလ ၅ နှစ်ကျော်အတွင်းမှာ နမူနာထုတ်လုပ်မှုအကြိမ်ပေါင်း ၅ ထောင်ကျော်ကို စမ်းသပ်ထုတ်လုပ်ပြီးချိန်အထိ ဒိုင်ဆန် ဟာ သူရဲ့စိတ်ကူးကို အကောင်အထည် ဖော်နိုင်ခြင်း မရှိခဲ့သေးတဲ့အတွက် သူ့မိန်းမရဲ့ လစာက ရရှိတဲ့ ငွေကြေးပံ့ပိုးမှုကိုပါ ရယူခဲ့ရပါတယ်။

 

ဒါပေမယ့် ဇွဲမလျော့ဘဲ ဆက်လက် ကြိုးစားခဲ့တာကြောင့် အကြိမ်ပေါင်း ငါးထောင့်တစ်ရာနှစ်ဆယ့်ခုနှစ်ကြိမ်မြောက်မှာတော့ သူရဲ့စိတ်ကူးဟာ အကောင်အထည်ပေါ်လာခဲ့ပါတယ်။ အဲ့ဒီလို အောင်မြင်လာခဲ့ပေမယ့်လည်း အင်္ဂလန်နိုင်ငံမှာ ဒီလိုစက်အထူးအဆန်းကို ရောင်းပေးချင်တဲ့သူ မရှိခဲ့ပါဘူး။ အားလုံးက သမားရိုးကျစက်တွေကိုသာ သုံးချင်နေခဲ့ကြပါတယ်။ဒါကြောင့် ၁၉၈၃ မှာ ဒိုင်ဆန်ဟာ ပန်းရောင်တောက်တောက်စက်ဒီဇိုင်းနဲ့ ဂျပန်ဈေးကွက်ကို စဖောက်ခဲ့ပါတယ်။ ဒီစက်ဟာ ဂျပန်နိုင်ငံမှာ စက်မှုထူးချွန်ဆုရခဲ့ပြီးတော့၊ နောက် သုံးနှစ်အကြာ ၁၉၈၆ မှာတော့ သူဟာ အဲ့ဒီဖုန်စုပ်စက်အတွက် အမေရိကန်နိုင်ငံမှ မူပိုင်ခွင့်ကို ရယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဖြန့်ချီရောင်းချသူတွေဟာ အဲ့ဒီစက်ကို ဆိုင်တွေမှာ တင်မရောင်းချင်ခဲ့ကြတာကြောင့် အသက်လေးဆယ်အရွယ်ရှိပြီဖြစ်တဲ့ ဒိုင်ဆန်ဟာ ကိုယ်ပိုင် ကုမ္ပဏီကို တည်ထောင်ပြီး ဈေးကွက်ထဲကို ဖြန့်ချီရောင်းချခဲ့ရပါတယ်။

 

ဒီနေ့ခေတ်မှာတော့ သူ့ရဲ့လက်မလျှော့တတ်တဲ့ စိတ်ဓါတ်ဟာ ဒိုင်ဆန်ရဲ့ ကုမ္ပဏီကို ပေါင်သန်းပေါင်းများစွာ တန်ကြေးရှိစေခဲ့ပြီပဲ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ဒိုင်ဆန်ဟာ သူရဲ့တီထွင်မှုတွေအတွက် တော်ဝင်မိသားစုက ပေးအပ်တဲ့ ဂုဏ်ပြုဆု အပါအဝင် အင်္ဂလန်နိုင်ငံက ပေးအပ်တဲ့ ဆုပေါင်းများစွာကို ရရှိခဲ့ပါတယ်။ အကြိမ်ပေါင်းများစွာ ဆုံးရှုံးမှုတွေ၊ စိတ်ပျက်အားငယ်စရာတွေကို ဖြတ်ကျော်ကာ ဇွဲရှိနိုင်ခဲ့ခြင်းရဲ့ အသီးအပွင့်တွေပဲ ဖြစ်ပါတယ်။

 

ထက်မြက်တဲ့ အရည်အချင်းရှိတဲ့သူတွေဟာလည်း အလွယ်တကူ အောင်မြင်တာ မဟုတ်ဘဲ ရှုံးနိမ့်ဖူးပြီးမှသာ အောင်မြင်လာတာ ဖြစ်ပါတယ်။ ဒီလိုလူတိုင်းဟာ အလွန်တရာကြီးမားတဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတာပါ။ ဒါပေမဲ့ သူတို့တွေရဲ့ အရှုံးမပေးတဲ့ စိတ်ဓါတ်ဟာ သူတို့ကို ပိုမိုခိုင်မာပြတ်သားသူတွေအဖြစ် ထုဆစ်ပေးလိုက်ပါတယ်။ ဒါကြောင့် စိန်ခေါ်မှုတွေကြုံလာရတိုင်း တစ်ခါရှုံးတာနဲ့ တစ်သက်လုံး လူဖြစ်ရှုံးတာမျိုး မဟုတ်ဘူးဆိုတာကို သတိရပါ။

 

Aung Myin 

Read times
Rate this item
(0 votes)