-->
×

Warning

JUser: :_load: Unable to load user with ID: 29


အင်တာနက်မှာ Google ဖြင့် ရှာခွင့်ရပ်ဆိုင်းပစ်မယ်လို့ သြစတြေးလျကို ခြိမ်းခြောက်

သတင်းဌာနတွေကို ဂူဂဲလ်(Google)ကုမ္ပဏီက ဝင်ငွေ မျှဝေခွဲပေးစေဖို့ ကြိုးစားနေတဲ့ သြစတြေးလျနိုင်ငံဆီကနေ

သူတို့ ရှာစက် (search engine) ကို ရုပ်သိမ်းပစ်မယ်လို့ ဂူဂဲလ် ကုမ္ပဏီက ခြိမ်းခြောက် လိုက်ပါတယ်။

သူတို့ အင်တာနက်ဆိုဒ်နေရာတွေမှာ ဖော်ပြလာတဲ့ သတင်းတွေအတွက် ဂူဂဲလ်၊ ဖေ့ဘွတ်ခ်နဲ့ တခြား အင်တာနက် နည်းပညာကုမ္ပဏီတွေအနေနဲ့ သက်ဆိုင်ရာ မီဒီယာဌာနတွေကို ငွေပေးစေဖို့ လုပ်ဆောင်မယ့် ကမ္ဘာ့ ပထမဦးဆုံးသော ဥပဒေတစ်ခုကို သြစတြေးလျက ပြဋ္ဌာန်းဖို့ စီစဉ်နေပါတယ်။

ဒါပေမဲ့ ဒီဥပဒေဖြစ်လာရင် သူတို့ရဲ့ ဝန်ဆောင်မှုတချို့ကို ရုပ်သိမ်းပစ်မယ်လို့ အမေရိကန်အခြေစိုက် ဂူဂဲလ်ကုမ္ပဏီက သတိပေးပြီး ပြန်လည် တိုက်ခိုက် လိုက်ပါတယ်။

သြစတြေးလျ ဝန်ကြီးချုပ် စကော့ မော်ရစ်ဆန်နဲ့ ဥပဒေပြုအမတ်တွေက အဲဒါတွေကို ခြိမ်းခြောက်မှုလို့ မခံယူပါဘူး။

ဂူဂဲလ်အတွက် သြစတြေးလျဟာ အကြီးမားဆုံးစျေးကွက်မဟုတ်ပေမယ့် သတင်းတွေအတွက် အင်တာနက် ကုမ္ပဏီကြီးတွေက သတင်းဌာနတွေကို ငွေပေးပါဆိုတဲ့ ဒီ ဥပဒေက တကမ္ဘာလုံးအတွက် စံနမူနာယူလာစရာ ဖြစ်လာနိုင်ပြီး နိုင်ငံတကာက အစိုးရတွေအနေနဲ့ နည်းပညာကုမ္ပဏီကြီးတွေကို ဘယ်လို စည်းမျဉ်း သတ်မှတ်လို့ရမလဲဆိုတာကို ကြိုးစားနိုင်မယ့်လမ်းစ အသစ်တစ်ခု ဖြစ်သွားနိုင်ပါတယ်။

သြစတြေးလျက ဘာ့ကြောင့် ဒီဥပဒေကို လုပ်ချင်နေတာလဲ
==============

သြစတြေးလျမှာ ဂူဂဲလ်ရဲ့ ရှာစက်ကို အများစုက အသုံးပြုကြတာဖြစ်ပြီး သူ့ကို့ပြိုင်နိုင်တဲ့ တခြားအစားထိုးကလည်း စျေးကွက်ထဲမှာ နည်းပါးတဲ့အတွက် ဂူဂဲလ်ဟာ မရှိမဖြစ် နီးပါးကို လိုအပ်တဲ့အရာလို့ သြစတြေးလျအစိုးရက ဖော်ညွှန်းပြောဆိုပါတယ်။

ဒါပေမဲ့ သတင်းတွေကိုဖတ်ချင်ကြတဲ့ လူတွေက ဒီနည်းပညာ ပလက်ဖောင်းတွေရဲ့ ဖောက်သည်စားသုံးသူတွေဖြစ်သွားတဲ့အတွက် သတင်းတွေကို ရေးသားတင်ပြထားတဲ့ သတင်းထောက်တွေရဲ့ ထုတ်လုပ်မှုနဲ့ သတင်းစာပညာကို ထောက်ရှုကာ သတင်းဌာနတွေကို ဒီ အင်တာနက်နည်းပညာ ကုမ္ပဏီတွေအနေနဲ့ ထိုက်သင့်တဲ့ ငွေကိုပေးဖို့လိုတယ်လို့ သြစတြေးလျအစိုးရက ရပ်တည်ပြောလာတာပါ။

ဒီမိုကရေစီ ရှင်သန်ရေးအတွက် ခိုင်မာတဲ့ သတင်းဌာနတွေရှိဖို့လိုအပ်ပြီး အခုအချိန်မှာ ရုန်းကန်နေကြရပြီဖြစ်တဲ့ သတင်းဌာနတွေအတွက် ဘဏ္ဍာရေးပိုင်းထောက်ပံ့ဖို့ လိုအပ်နေပြီလို့လည်း သြစတြေးလျအစိုးရက ဆိုပါတယ်။

၂၀၀၅ ခုနှစ်ကစပြီး သြစတြေးလျ ပုံနှိပ်မီဒီယာဟာ ကြော်ငြာခ ဝင်ငွေ ၇၅% ကျဆင်းသွားခဲ့ကြောင်း အစိုးရ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

ဥပဒေပြုအမတ်တွေရဲ့ အဆိုအရ သြစတြေးလျနိုင်ငံမှာ ဂူဂဲလ် ကနေ ရှာကြတာတွေရဲ့ ၁၂.၅၅ % က သတင်းတွေကို ရှာတာဖြစ်တယ်လို့ သိရပါတယ်။

အမြတ်တွေက ဘယ်ဆီကို သွားနေလဲ
====================
သြစတြေးလျက သတင်းဌာနတွေဟာ ရုန်းကန်နေရပါတယ်။ သတင်းနဲ့အတူ တွဲဖော်ပြတဲ့ စီးပွားရေး ကုမ္ပဏီဆိုင်ရာ ဒစ်ဂျစ်တယ် ကြော်ငြာအတွက် သြစတြေးလျ ဒေါ်လာ ၁၀၀ ကိုသုံးကြတဲ့ အခါတိုင်းမှာ ၈၁ ဒေါ်လာကို ဂူဂဲလ်နဲ့ ဖေ့ဘွတ်ခ်တို့က ရပါတယ်။ သတင်းဌာနတွေအနေနဲ့ ကိုဗစ်ကာလမှာ ပိုဆိုးတာတွေနဲ့ ကြုံနေရပါတယ်။

ကပ်ဘေးအတွင်း ကုမ္ပဏီတွေက သူတို့ရဲ့ ဒစ်ဂျစ်တယ်ကြော်ငြာတွေကို လျော့ချလာတဲ့အခါ သြစတြေးလျက သတင်းဌာန တချို့ ပိတ်လိုက်ရပါပြီ။

အဲဒါနဲ့ ဆန့်ကျင်ဖက်အနေနဲ့ ဂူဂဲလ်က သိပ်ကိုအောင်မြင်တာကိုတွေ့ရပါလိမ့်မယ်။ မနှစ်တုန်းက သြစတြေးလျကနေ ဂူဂဲလ်ရဲ့ အမြတ်ငွေဟာ အမေရိကန်ဒေါ်လာ ၄ ဘီလျံလောက်ရှိပြီး သူတို့ပေးတဲ့ အခွန်ငွေက ဒေါ်လာ ၄၅ သန်းရှိပါတယ်။

ဂူဂဲလ်က ငြင်းချက်ထုတ်တာတွေက ဘာတွေလဲ
==================
ဂူဂဲလ် သြစတြေးလျရဲ့ စီမံခန့်ခွဲမှု ဒါရိုက်တာ မဲလ် ဆေးလ်ဗားက ဒီဥပဒေဟာ အလုပ်မဖြစ်နိုင်ဘူးလို့ သောကြာနေ့က လုပ်တဲ့ ဆီးနိတ်လွှတ်တော် ကြားနာပွဲမှာ ဆိုပါတယ်။

မစ္စ ဆေးလ်ဗားက သူတို့ ကုမ္ပဏီတွေအနေနဲ့ သူတို့ ရှာစက်ကနေ လင့်ခ်တွေနဲ့ ရလဒ်တွေရှာပေးတာကြောင့် ငွေပေးရမယ်ဆိုရင် ဒီဥပဒေဟာ"ကျွန်မတို့ စီးပွားရေးလုပ်ငန်းတွေနဲ့ ဒစ်ဂျစ်တယ် စီးပွားရေးတွေအတွက် မှားယွင်းတဲ့ ဥပမာတစ်ခု" ကို ချမှတ်ပေးလိုက်သလိုဖြစ်သွားမယ်လို့ ဆိုပါတယ်။

အွန်လိုင်းမှာ သတင်းအချက်အလက်တွေကို လွတ်လပ်စွာဝေမျှတာ၊ အင်တာနက်က သူလုပ်ရမယ့် အလုပ်ကိုလုပ်တာ စတဲ့ အချက်တွေနဲ့လည်း မကိုက်ညီဘူးလို့ သူက ချေပပါတယ်။

ဒေသတွင်းက သုံးစွဲသူ ၁% ကို သူတို့ ရှာစက်ကနေ သြစတြေးလျ သတင်းဌာနတွေက သတင်းတွေကို ရှာမရအောင် ပိတ်ထားခဲ့တယ်လို့ ဂူဂဲလ်က ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက အတည်ပြုပြောပါတယ်။ ဒါဟာ သြစတြေးလျ သတင်းဌာနတွေရဲ့ တန်ဖိုးကို သိအောင် လုပ်တဲ့ စမ်းသပ်မှုတစ်ခုဖြစ်တယ်လို့လည်း ဂူဂဲလ်က ပြောပါတယ်။

ဒီဥပဒေ ပြဋ္ဌာန်းအောင် ဆက်လုပ်နေမယ်ဆိုရင် သူတို့ဆိုဒ်မှာ သတင်းတွေကို ဝေမျှလို့ မရအောင် သြစတြေးလျက ဖေ့ဘွတ်ခ်သုံးစွဲသူတွေကို ပိတ်ပင်မယ်လို့ ဖေ့ဘွတ်ခ် ကုမ္ပဏီကလည်း မနှစ်က ခြိမ်းခြောက်ထားပါတယ်။

ဖေ့ဘွတ်ခ် အလုပ်အမှုဆောင် ဆိုင်မွန် မေလာကလည်း သူတို့ရဲ့ အဲဒီသဘောထားကို သောကြာနေ့မှာ ထပ်ပြီး ပြောပါတယ်။ "နောက်ဆက်တွဲ ဆိုးကျိုးတွေ ဖြစ်လာမယ်"လို့ လည်း သူက သတိပေးပါတယ်။

သူတို့ ပလက်ဖောင်းကနေ တင်တဲ့သတင်းတွေကနေ ဖေ့ဘွတ်ခ်က စီးပွားရေး အမြတ်အစွန်း မရသလောက်ပဲလို့ သူက ပြောပါတယ်။

သူတို့ ပလက်ဖောင်းကတဆင့် သတင်းဌာနတွေရဲ့ ဝက်ဆိုဒ်ကို လူတွေက သွားခြင်းအားဖြင့် အဲဒီသတင်းဌာနတွေအနေနဲ့ အကျိုးစီးပွားရတယ်လို့ အဲဒီ ဂူဂဲလ်နဲ့ ဖေ့ဘွတ်ခ်ကုမ္ပဏီတွေက ငြင်းချက်ထုတ်ပါတယ်။

တုံ့ပြန်ချက်တွေက ဘယ်လိုရှိနေလဲ
============

ဒီအရေးနဲ့ ပတ်သက်ပြီး စိတ်ရှုပ်ထွေးစရာတွေဖြစ်လာနေတယ်ဆိုတာရော၊ ဒေါသထွက်တယ်ဆိုတာရော စတာတွေကို သြစတြေးလျနိုင်ငံသားတွေက အွန်လိုင်းမှာ ပြောနေကြပါတယ်။ တချို့က ဂူဂဲလ် ရှာစက်နဲ့ ရှာမရတော့ဘူးဆိုရင် အစားထိုး ရှာစက်က ဘာဖြစ်မလဲဆိုတာကို မေးကြပါတယ်။

ဂူဂဲလ်က ရှာစက်ကို သုံးခွင့်မပေးတော့ဘူးဆိုရင် ဂျီမေးလ်၊ ဂူဂဲလ် မြေပုံ စတာတွေကိုလည်း သုံးမရတော့တာ ဖြစ်သွားမှာလား ဆိုတာကိုလည်း သူတို့ ရှင်းရှင်းလင်းလင်း သိချင်ကြပါတယ်။

အမေရိကန်ကုန်သွယ်ရေးဆိုင်ရာ ကိုယ်စားလှယ်တွေက ဒီဥပဒေဟာ "အမေရိကန် ကုမ္ပဏီ ၂ ခုကို ထိခိုက်သွားမှာ အထင်အရှားပဲ" လို့ ဆိုပြီး ဒီဥပဒေကို မလုပ်ဖို့ သြစတြေးလျကို ဒီသီတင်းပတ်အစောပိုင်းမှာ တိုက်တွန်းထားပါတယ်။

world wide web ကို တီထွင်တဲ့ ဆာ တင်မ် ဘာနာလီး က သြစတြေးလျရဲ့ အစီအစဉ်ဟာ အင်တာနက် ကွန်ရက်ကို "ကမ္ဘာတစ်ဝန်းမှာ အလုပ်မဖြစ်အောင် လုပ်တာပဲ" လို့ ဆိုပါတယ်။

ဘီဘီစီ

Read times
Rate this item
(0 votes)