-->
×

Warning

JUser: :_load: Unable to load user with ID: 29


ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် ရှင်းလင်းဆွေးနွေးပွဲကျင်းပ

ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်မှတ်ပုံတင်ခြင်းနှင့်စပ်လျဉ်းသည့် ရှင်းလင်းဆွေးနွေးပွဲကို

စီးပွားရေးလုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များ၊ ဥပဒေအကျိုးဆောင်များအား ယနေ့ ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့တွင် Virtual Online Meeting စနစ်ဖြင့် ရှင်းလင်းဆွေးနွေးခဲ့ရာ အသင်းချုပ် တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါက်တာအောင်သိန်း ပါဝင်ဆွေးနွေးခဲ့ပါသည်။

ဆွေးနွေးပွဲတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်မှ အဖွင့်အမှာစကားပြောကြားခဲ့ရာ
"မူပိုင်ခွင့်စနစ်တစ်ရပ်ထူထောင်ရာတွင် နိုင်ငံတကာစံချိန်စံညွှန်းများနဲ့ကိုက်ညီဖို့လိုအပ်သလို မိမိတို့နိုင်ငံရဲ့လက်ရှိဖြစ်တည်နေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေးအခြေအနေများနဲ့လည်း လိုက်လျောညီထွေရှိတဲ့စနစ်တစ်ရပ်ဖြစ်ဖို့ လိုအပ်ပါတယ်''
ဟုပြောကြားခဲ့ပြီး မူပိုင်ခွင့်ဥပဒေအား အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပထမဆုံးခြေလှမ်းတစ်ရပ်အနေဖြင့် ဆောင်ရွက်မည့် ကုန်အမှတ်တံဆိပ်မှတ်ပုံတင်လျှောက်ထားခြင်းများကို တက်ရောက်လာသူများမှ အကြံပြုဆွေးနွေးပေးကြရန်လည်း တိုက်တွန်းပြောကြားခဲ့သည်။
၎င်းနောက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးမှ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း နှင့်စပ်လျဉ်း၍ မိတ်ဆက်ပြောကြားခဲ့ပြီး စားသုံးသူရေးရာဌာန၊ မူပိုင်ခွင့်ဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ်မှ အမိန့်အမှတ် (၆၃/၂၀၂၀) အပေါ် ရှင်းလင်းပြောကြားခဲ့ပါသည်။
အသင်းချုပ် တွဲဖက်အထွေထွေအတွင်းရေးမှူး၊ မြန်မာနိုင်ငံစက်မှုကုန်ထုတ်လုပ်သူများအသင်း ဥက္ကဋ္ဌ ဒေါက်တာအောင်သိန်းမှ ကုန်အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းများနှင့်စပ်လျဉ်း၍ လုပ်ငန်းရှင်များမှ အသင်းချုပ်၊ ညီနောင်အသင်းများနှင့် တိုင်း/ပြည်နယ်မှ ကုန်သည်စက်မှုအသင်းများထံ စုံစမ်းမေးမြန်းလာသည်များအား ဖြေကြားပေးနိုင်ရန် ဆွေးနွေးသွားသော IP ဌာနနှင့် နီးနီးကပ်ကပ် ချိတ်ဆက်ဆောင်ရွက်လိုပါကြောင်း၊ ထိရောက်သော သတင်းအချက်အလက်များအား ကူညီဖြေကြားပေးလိုပါကြောင်း ဆွေးနွေးခဲ့သည်။
ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေအရ ကုန်အမှတ်တံဆိပ်မှတ်ပုံတင်လျှောက်ထားခြင်းများကို ကြိုတင်လက်ခံမည့် ကနဦးဖွင့်လှစ်ခြင်း (Soft Opening) အား ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် စတင်ဆောင်ရွက်မည်ဖြစ်သည်။
ဆွေးနွေးပွဲသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊ ဒုတိယဝန်ကြီး ဦးအောင်ထူး၊ အမြဲတမ်းအတွင်းဝန်၊ ကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးရှိ ကုန်သည်စက်မှုအသင်းအဖွဲ့များမှ ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြသည်။
ကုန်သည်စက်မှုအသင်းချုပ်(UMFCCI)

Read times
Rate this item
(0 votes)