-->
×

Warning

JUser: :_load: Unable to load user with ID: 29


အိုလံပစ်ဂယက်ကြားမှ တရုတ် brand များ

အစီအစဉ်မှူး Dee Hsu ဆိုရှယ်မီဒီယာမှာ အပြောမှားသဖြင့် တရုတ် brand များက စွန့်ပယ်လိုက်ကြရတယ်။

တိုင်ဝမ်မှ ရုပ်မြင်သံကြား အစီအစဉ်မှူး အလှမယ် Dee Hsu ကို "Xiao S" လို့ လူသိများပါတယ်။ S အငယ်မလို့ ဆိုလိုတယ်။ သူမရဲ့ အစ်မ အမည်က Barbie Hsu ဖြစ်ပြီး "Da S" လို့ လူသိများပါတယ်။ S အကြီးမ လို့ ဆိုလိုပါတယ်။ ညီအစ်မနှစ်ယောက်ကို ချစ်စနိုးဖြင့် ခေါ်ကြတာ ဖြစ်ပါတယ်။
သူက အိုလံပစ် အစီအစဉ် တင်ဆက်တာမှာ တိုင်ဝမ်ကို နိုင်ငံတစ်ခု အဖြစ် ပြောဆိုလိုက်တဲ့အတွက် တရုတ်ပြည်မမှ brand များက သူမကို ငှာရမ်းထားခြင်းမှ စွန့်ပယ်လိုက်ကြပါတယ်။ သူမက တိုင်ဝမ်မှ အားကစားသမားများကို “အမျိုးသား အားကစားသမားများ” လို့ ပြောဆိုခဲ့အတွက် အရေးယူခံရတာ ဖြစ်ပါတယ်။

အုတ်အုတ်ကျက်ကျက် တစ်ခုလုံးရဲ့ အစပြုရာ မီးပွားက Instagram မှာ စတင်ခဲ့ပါတယ်။ ဩဂုတ်လ ၁ ရက်မှာ တိုင်ဝမ် ကြက်တောင်အားကစားသမား Tai Tzu Ying က တရုတ်အားကစားသမား Chen Yufei ကို အရေးနိမ့်ခဲ့လို့ ငွေတံဆိပ်သာ ဆွတ်ခူးခဲ့ပါတယ်။ အဲဒီလို ရှုံးလို့ ငွေတံဆပိပ်ရတဲ့သူကို Dee Hsu က ချီးကျူးစကား Instagram မှာ ရေးသားခဲ့ပါတယ်။
“အရေးနိမ့်နေတာတောင် ဂုဏ်ပြုထိုက်တယ်။ ပွဲကို ကြည့်ရင် ငါသေလုနီးပါး ဖြစ်ခဲ့ရတယ်” လို့ သူမက caption ရေးသားတယ်။

တရုတ်ပြည်မမှ ဆိုရှယ်မီဒီယာ အသုံးပြုသူတွေက သူမ ယခင်တုန်းက တင်ခဲ့တဲ့ ပို့စ်ကို ထိုးပြကြတယ်။ အဲဒီပို့စ်မှာ သူမက တိုင်ဝမ်မှ အားကစားသမား Dai ကို ဖိုင်နယ်အထိ ရောက်လာတဲ့အတွက် ချီးကျူးရေးသားထားတယ်။ ဖိုင်နယ်ပွဲကို တက်မယ့် ပွဲကို သူမ ကြည့်ရင်း စိတ်တွေ လှုပ်ရှားလွန်းလို့ ဗိုက်တောင်အောင့်တယ်လို့ သူမက ရေးသားခဲ့တယ်။ ပို့စ်အောက်က မန့်မှာ သူမက သူမရဲ့ ယောက်ျားက အမျိုးသားအားကစားသမား တစ်ဖွဲ့လုံးကို အိမ်မှာ စားဖို့သောက်ဖို့အတွက် ဖိတ်ကြားဖို့ အစီအစဉ်ရှိမရှိ မေးမြန်းခဲ့ကြောင်း ရေးသားထားတယ်။ အဲဒီအရေးအသားမှာ အမျိုးသားအားကစားသမားများ "national athletes" ဆိုတဲ့ အသုံးအနှုန်းက တိုင်ဝမ်ဟာ နိုင်ငံတစ်ခု ဖြစ်ကြောင်း ပြောဆိုရာ ရောက်နေတယ်။ သူမက ရှင်းပြတာမှာ ရယ်စရာ ပြက်လုံးအဖြစ် ရေးသားခဲ့ခြင်းသာ ဖြစ်တယ်။ သူမက စိတ်တွေ လှုပ်ရှားတက်ကြွလွန်းနေလို့ ခင်ပွန်းသည်က တမင်ရွှဲ့ပြီး မေးလိုက်တဲ့မေးခွန်းအဖြစ် ရေးသားခဲ့တာသာ ဖြစ်တယ်။

ဒါပေမဲ့ သူမ တင်ထားတဲ့ပို့စ်က တိုင်ဝမ်အားကစားသမားဘက်မှ ရေးသားထားတာ ဖြစ်ပြီး ပြိုင်ဘက်ဖြစ်သူ တရုတ်ပြည်မမှ အားကစားသမားကိုတော့ တစ်လုံးမှ ရေးမတင်ခဲ့ဘူး။
သူမက တိုင်ဝမ်အားကစားသမားတွေကို ပေါ်ပေါ်တင်တင် အားပေးတယ်။ စားပွဲတင်တင်းနစ်ကစားသမား Lin Yun-ju ပြီးတော့ ကြက်တောင်နှစ်ယောက်တွဲ ကစားကြတဲ့ Lee Yang နဲ့ Wang Chi-lin တို့ကို အိမ်ခေါ်ပြီး အစားအစာ ဖိတ်ကျွေးချင်ကြောင်း ပို့စ်တွေ ရေးတင်ခဲ့တယ်။

အဲဒီအတွက် တရုတ်ပြည်မမှ အင်တာနက်သုံးစွဲသူ netizen တွေ စိတ်ဆိုးကြတယ်။ Dee Hsu အရင်တုန်းက တင်ခဲ့ပို့စ်တွေမှာ တိုင်ဝမ်အားကစားသမားတွေကို ထောက်ခံအားပေးခဲ့တာတွေ လိုက်ရှာပြီး ချေးခြောက်ရေနှူးကြတာ ၂၀၁၇ ခုနှစ်တုန်းက တင်ခဲ့တဲ့ ပို့စ်လည်း ပါတယ်။ တိုင်ဝမ်ကို သီးခြားလွတ်လပ်တဲ့နိုင်ငံအဖြစ် ရည်ညွှန်းပြောဆိုတာတွေကိုလည်း ထောက်ပြကြတယ်။

ရွှေတံဆိပ် ဆွတ်ခူးသွားတဲ့ Lee Yang က Facebook မှာ ပို့စ်တင်တာမှာ သူက သူ့နိုင်ငံ တိုင်ဝမ်အတွက် အမြင့်မားဆုံး ဂုဏ်ကို အိုလံပစ် စင်မြင့်ပေါ်မှာ သူတို့နိုင်ငံကို ထောက်ခံတဲ့သူတွေနဲ့အတူ အောင်မြင်မှုကို မျှဝေပါကြောင်း ရေးသားတယ်။
တရုတ်ပြည်မမှ အင်တာနက်သုံးစွဲသူ netizen တွေ ဒေါပွကုန်ကြတယ်။
တစ်ချိန်တုန်းက Hsu က ဂုဏ်ယူစွာဖြင့် ပြောကြားခဲ့ဖူးတာမှာ သူမရဲ့ အဖိုးနဲ့ အဖွားတို့ဟာ တရုတ်နိုင်ငံ အရှေ့ပိုင်းရှိ ရှန်ဒေါင်ပြည်နယ်မှ ဖြစ်ကြောင်း ပြောဆိုခဲ့တာဟာ တကယ်တော့ အယောင်ဆောင်တာသာဖြစ်တယ်လို့ ပုတ်ခတ်ရေးသားကြတယ်။ အခုလို ပွဲဆူကုန်တဲ့နောက်မှာ မြားဦးတွေက brand တွေဖက်ကို လှည့်တယ်။ Hsu ကို ငှားရမ်းထားတဲ့ လုပ်ငန်းတွေ ငှားရမ်းခြင်း ရပ်ဆိုင်းဖို့ ရေးသားတိုက်တွန်းကြတယ်။ အထူးသဖြင့် လိင်ဖျော်ဖြေရေးအရုပ်လုပ်ငန်း Darentang ကို တိုက်တွန်းရေးသားကြတယ်။
"Xiao S က တိုင်ဝမ် လွတ်လပ်ရေးအတွက် ရပ်တည်တာ သိသာတယ်။ သူမကို အမည်းစာရင်း မြန်မြန်သွင်းရမယ်” စသဖြင့် ရေးသားကြတယ်။

တရုတ်နိုင်ငံမှာ Instagram ကို ပိတ်ပင်ထားပေမဲ့လည်း တရုတ် ဆိုရှယ်မီဒီယာ သုံးစွဲသူတွေက Instagram မှ Hsu ရဲ့ အကောင့်သွားပြီး သူတို့ မကျေနပ်တာ သိအောင် ရေးသားကြတယ်။

တရုတ်ပြည်မမှ brand တွေမှာ အနည်းဆုံး လေးခုက သူမနဲ့ ရှေ့ဆက်ပတ်သက်တော့မှာ မဟုတ်ကြောင်း လူသိရှင်ကြား ထုတ်ပြန်ကြေညာကြတယ်။
စားသောက်ကုန်လုပ်ငန်း Shouquanzhai က အမျိုးသားအကျိုးကို အရာတိုင်းရဲ့ အထက်မှာ ဦးထိပ်ပန်ဆင်ကြောင်း ရေးသားထုတ်ပြန်တယ်။ “တစ်ခုတည်းသော တရုတ်ပြည်မူ”ကို မသွေမလွဲ ရပ်တည်ကြောင်း တင်ပြတယ်။ အဲဒီစကားလုံးက တရုတ်ပြည်မက တိုင်ဝမ်အရေးကို ပြောဆိုတိုင်း အကြိမ်ကြိမ် ပြောဆိုနေကျ ဖြစ်ပါတယ်။

အခုလို တရုတ်ပြည်မမှ brand တွေ စွန့်ပစ်တာကြောင့် နေ့ချင်းညချင်းမှာ Dee Hsu စင်ကာပူဒေါ်လာ တစ်သန်းခွဲ ဆုံးရှုံးမယ်လို့ SET News က ခန့်မှန်းတယ်။

လောင်တာက Dee Hsu နဲ့တင် မပြီးဘူး။ သူမရဲ့ ၁၄ နှစ်သမီး Elly လည်း တိုက်ခိုက်ခံရတယ်။ ဖက်ရှင် brand ဖြစ်တဲ့ Jorya က သူမနဲ့ လုပ်ကိုင်တာတွေကို ရပ်ဆိုင်းကြောင်း ကြေညာတယ်။
အစ်မဖြစ်သူ Barbie Hsu ("Da S") လည်း အရင်တုန်းက ပြည်မနဲ့ ကျွန်းအကြား အငြင်းပွားစရာ လျှာချောင်မိဖူးလို့ ပုတ်ခတ်ခံခဲ့ရတယ်။
.
ဟောင်ကောင်မှ စဲလီတစ်ဦးဖြစ်သူ မင်းသမီး Charmaine Sheh က တရုတ်ပြည်မမှ အားကစားသမားများကို ချီးကျူးဂုဏ်ပြုတဲ့ ပို့စ်ကို ဓာတ်ပုံတွေနဲ့တကွ တင်တဲ့အတွက် အပြစ်တင်ခံရတယ်။ ဟောင်ကောင်မှာ နေထိုင်သူတွေနဲ့ တရုတ်ပြည်မ အစိုးရတို့အကြား တင်းမာနေတဲ့အတွက် Charmaine Sheh အခုလို ရေးသားတင်ပြတာတွေကို မကြိုက်နှစ်သက်ကြဘူး။
“ကိုယ့်ဂုဏ်သိက္ခာကို တရုတ်ပိုက်ဆံ ရဖို့ လုံးဝစွန့်လွှတ်ပစ်လိုက်တာ သိရလို့ ဝမ်းသာပါတယ်” စသဖြင့် ခနဲ့တဲ့တဲ့ ရေးသားတာမျိုးတွေ ကြုံရတယ်။ တရုတ်ပြည်တွင်းသုံး လူမှုကွန်ရက် Weibo မှာ သူမက သူမရဲ့ အချက်အလက်ဖော်ပြတာမှာ “ဟောင်ကောင်မင်းသမီး” “Hong Kong actress” လို့ ယခင်က ဖော်ပြခဲ့ရာမှ “တရုတ်ဟောင်ကောင်မင်းသမီး”“Chinese Hong Kong actress” လို့ ပြောင်းလဲ ဖော်ပြလိုက်တဲ့အပေါ် တရုတ်ပြည်မမှ netizen တွေ ကျေနပ်အားရ ဖြစ်ကြတယ်။
“မိခင်နိုင်ငံကို ချစ်မြတ်နိုးတဲ့ အလှတစ်ပါး” လို့ ချီးမွမ်းကြတယ်။ “သူ့အတွက် ငါတို့ ငွေကုန်ရကျိုးနပ်တဲ့ အနုပညာကြယ်ပွင့်” လို့ ရေးသားကြတယ်။
ဒီတော့ တရုတ်ပြည်မမှ Brand တွေအနေဖြင့် သူမနဲ့ လက်တွဲဖြုတ်ဖို့ မလိုတော့တဲ့အပြင် အရင်ကထက်တောင် ပိုအဆင်ပြေသွားတယ်။

Read times
Rate this item
(0 votes)