-->
×

Warning

JUser: :_load: Unable to load user with ID: 29


Digital ခေတ်ရဲ့ ကျင့်ဝတ်များ

စာဖတ်သူတို့ ကြုံဖူးကြမှာပါ။ ကိုယ်က ကိုယ့်ဘေးက သူငယ်ချင်းကို စကားကောင်းကောင်း ပြောချင်နေပေမယ့် သူက ကိုယ့်ကိုယ် သေချာအာရုံမစိုက်ဘဲ ဖုန်းပဲပွတ်နေတာမျိုးပေါ့။ ဒါဟာ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းအတွက် ရိုင်းပျရာ ကျသလား၊ ဒါမှမဟုတ် ပုံမှန် ဖြစ်ရိုးဖြစ်စဉ်တစ်ခုပဲလား။

ဒါဆို ရိုင်းပျတဲ့အမူအကျင့်တွေက ဘာတွေလဲ။ ဘယ်အရာတွေကရော မရိုင်းပျဘူးလဲ။ ဟုတ်ကဲ့။ တကယ်တော့ ဒါတွေဟာ ဒီဘက်ခေတ် ဒီဂျစ်တယ်ခေတ်မှာ အမေးများလာကြတဲ့ ကျင့်ဝတ် (etiquette) နဲ့ သက်ဆိုင်တဲ့ မေးခွန်းတွေပါပဲ။ ပြောရရင် ဒီဂျစ်တယ်ခေတ်ရဲ့ ကျင့်ဝတ်တွေပေါ့။ ဒီကျင့်ဝတ်တွေဟာ အရင်ခေတ်တွေထက် ပေါများလာတဲ့ စမတ်ဖုန်းတွေနဲ့အတူ မသိမဖြစ် အရေးကြီးလာပါတယ်။ ဒီကျင့်ဝတ်တွေကို သတိမထားမိရင် ကျွန်တော်တို့အနေနဲ့ နိုင်ငံကြီး ပီသသူတွေရဲ့ ကဲ့ရဲ့ရှုတ်ချတာကို ခံရမှာပါ။ ကဲဒီလိုမျိုး သူတစ်ပါးအကဲ့ရဲ့ မခံရအောင် ဒီဂျစ်တယ်ခေတ်ရဲ့ စမတ်ဖုန်းကျင့်ဝတ်တွေကို လေ့လာကြည့်ကြရအောင်ပါ။

ဖုန်းလေးကို ဘေးချထားလိုက်ပါ မိတ်ဆွေ
စမတ်ဖုန်း ကျင့်ဝတ်တွေနဲ့ ပတ်သက်ပြီးပြောရရင်ကိုယ် တစ်ယောက်တည်းရှိနေတဲ့ ကိုယ့်ရဲ့အားလပ်ချိန်မှာ Facebook ကြည့်တာ၊ email တွေပို့တာမျိုးဟာ အဆင်ပြေပါတယ်။ ဒါပေမဲ့ ကိုယ်တစ်ယောက်တည်း ရှိနေတာမျိုးမဟုတ်တဲ့ တချို့ အချိန်တွေမှာတော့ ဒါဟာ သိပ်အဆင်မပြေပါဘူး။ ကျွန်တော်ဆိုလိုတဲ့အချိန်ကို အားလုံးသဘောပေါက်မယ်လို့ ထင်ပါတယ်။ ဟုတ်ကဲ့။ ကိုယ့်ရဲ့ချစ်သူနဲ့ date လုပ်နေတဲ့အချိန်၊ တစ်ယောက်ယောက်နဲ့ ညစာစားနေတဲ့ အချိန်၊ အစည်းအဝေးခန်းမထဲ ရောက်နေတဲ့အချိန် ဒါမှမဟုတ် ရုပ်ရှင်ရုံထဲရောက်နေတဲ့ အချိန်တွေလိုမျိုးပေါ့။ ဒီလိုအချိန်တွေမှာ ကျွန်တော်တို့ရဲ့ ဖုန်းလေးကို ဘေးချထားဖို့ရာ လိုအပ်ပါတယ်။ ဒီလိုမျိုးအချိန်တွေဟာ ဥပမာ ပေးရုံမျှသာ ရှိပါသေးတယ်။ ကိုယ့်အနေနဲ့ ကိုယ်နဲ့မျက်နှာချင်းဆိုင်ရှိနေတဲ့လူ ဒါမှမဟုတ် ကိုယ်ရောက်နေတဲ့ အခြေအနေဟာ အရေးကြီးတယ်လို့ ယူဆရတယ်ဆိုရင် ကိုယ့်ရဲ့ဖုန်းကိုအရေးကြီး စာရင်းထဲကနေ ခဏဖယ်ထုတ်ထားဖို့ရာ လိုအပ်ပါလိမ့်မယ်။
ဒါပေမဲ့ ဒီကျင့်ဝတ်မှာလည်း ဖြေလျှော့ပေးထားတာလေးတွေ ရှိပါတယ်။ လူတိုင်းဟာ ကိုယ့်မိသားစုနဲ့ ကိုယ်၊ ကိုယ့်အလုပ်နဲ့ကိုယ် ဖြစ်တာကြောင့် ဘယ်အချိန်မှာ အရေးပေါ်ကိစ္စတွေ ပေါ်လာမယ်ဆိုတာ ဘယ်သူမှကြိုမသိနိုင်ပါဘူး။ ဒါကြောင့် ကိစ္စတစ်ခုရှိလို့ဖုန်းကို တစ်ချက်စစ်ကြည့်လိုက်တာကတော့ ပြဿနာမရှိပါဘူး။ ဒါပေမဲ့ ကိစ္စပြီးရင် ဖုန်းကိုပြန်သိမ်းပြီး ဖြစ်နိုင်မယ်ဆိုရင် “တောင်းပန်ပါတယ်” ဆိုတဲ့ စကားလေးတစ်ခွန်းလောက်တော့ ပြောသင့်တယ် မဟုတ်ပါလား ခင်ဗျာ။

Gallery ထဲဝင်မကြည့်ပါနဲ့
လူတိုင်းနီးပါး ဒီလိုလုပ်တာကို မကြိုက်ကြဘူးလို့ကျွန်တော် ထင်ပါတယ်။ ဘယ်သူကမှတော့ ကိုယ့်ဖုန်း Gallery ထဲက ဓာတ်ပုံတွေကို ဝင်စပ်စုတာကို ကြိုက်မှာမဟုတ်ပါဘူး။ ကိုယ့်သူငယ်ချင်းက ကိုယ့်ကိုဓာတ်ပုံ တစ်ပုံပြခဲ့ရင်တောင်မှ သူပြတဲ့ပုံကိုပဲ ကြည့်ပါ။ တစ်ခြားပုံတွေဆီ လက်မရောက်မိစေပါနဲ့။ သူ့ Gallery ထဲမှာ ဘယ်လိုကိုယ်ရေး ကိုယ်တာဓာတ်ပုံတွေရှိမယ်ဆိုတာ ပြောလို့မရပါဘူး။ လက်မြန်ခြေမြန်နဲ့ စပ်စုတာတွေဟာ ကံမကောင်းတဲ့အခါ ကိုယ့်အတွက်ရော သူ့အတွက်ပါ မကောင်းတဲ့ အကျိုးဆက်တွေ ဖြစ်လာစေနိုင်ပါတယ်။
တကယ်လို့ ကိုယ့်ကိုယ်ပြတဲ့ပုံထက် နောက်တစ်ပုံကြည့်ဖို့ လိုအပ်နေခဲ့မယ်ဆိုရင်တောင် အနည်းဆုံးတော့ ခွင့်တောင်းလိုက်ပါ။ ခွင့်တောင်းလိုက်တာက ဘာမှအပန်းမကြီးသလို ကိုယ့်ကိုလည်း တစ်ဖက်သားက သူတစ်ပါး ကိုယ်ရေးကိုယ်တာ (Privacy) ကို လေးစားတဲ့လူဆိုပြီး အထင်ကြီး လေးစားသွားစေမှာ အသေအချာပါပဲ။ ဒါဟာ အားလုံးသတိထားပြီး လိုက်နာသင့်တဲ့ တကယ့်ကို အရေးကြီးတဲ့ကျင့်ဝတ်တစ်ခုလို့တောင် ပြောလို့ရပါတယ်။

တွေ့သမျှဓာတ်ပုံတွေ လိုက်ရိုက်နေတာလဲ ပြဿနာတစ်ခုပါပဲ
စမတ်ဖုန်းနဲ့ ဓာတ်ပုံရိုက်တာ အကြောင်းပြောရရင် တစ်ချို့ သော လူတွေအနေနဲ့ အလကားရတိုင်း စွတ်မရိုက်သင့်ဘူးဆိုတာကို သိထားဖို့ရာ လိုအပ်ပါတယ်။ အမှတ်တရတွေ memory တွေဟာ အရေးပါတယ်ဆိုတာ မှန်ပါတယ်၊ မငြင်းလိုပါဘူး။ ဒါပေမဲ့ တွေ့သမျှအကုန် ရိုက်နေမယ်ဆိုရင်တော့ ကိုယ့်ဖုန်းထဲမှာ တန်ဖိုးရှိတဲ့ အမှတ်တရတွေထက် ပျင်းစရာကောင်းတဲ့ အရှုပ်ထုပ် ဓာတ်ပုံတွေနဲ့ပြည့်နှက်လာမှာပါ။ ဒါ့အပြင် ဒီလိုမြင်မြင်သမျှအကုန်ရိုက်နေတာနဲ့တင် အမှတ်တရတွေကို ကိုယ်တိုင်ခံစားဖို့ရာ လွတ်သွားတဲ့အခါတွေ ရှိမယ်ဆိုတာကတော့ ပြောစရာကို မလိုတော့ပါဘူး။
ဒီအတွက် လိုက်နာသင့်တဲ့ ကျင့်ဝတ်တစ်ခုရှိပါတယ်။ အဲ့ဒါကတော့ ကိုယ့်အဖော်တွေနဲ့ အမှတ်တရ အချိန်တစ်ခုကို ကုန်ဆုံးနေချိန်မှာ ပထမဆုံး အဲ့ဒီအမှတ်တရအချိန်တွေကို သူငယ်ချင်းတွေနဲ့အတူတူ ကိုယ်တိုင်ခံစားလိုက်ပါဦး။ ပြီးတော့မှပဲ Selfie ရိုက်ဖို့ အချိန်တစ်ခု သီးသန့်ယူသင့်ပါတယ်။ တကယ်လို့ကိုယ်က Show ပွဲလိုမျိုးပွဲတစ်ခုခုမှာ ရောက်နေတယ်ဆိုရင်လည်း သီချင်းကို ကိုယ်တိုင် သေသေချာချာ ခံစားလိုက်ပါ။ လိုက်ပါစီးမျောခံစားနေတဲ့ ကိုယ့်ဘေးနားက ပရိသတ်တွေကို အနှောင့်အယှက်မဖြစ်ပါစေနဲ့။ ကမ်းခြေမှာ ညနေဆည်းဆာကို ကြည့်ဖို့လာတယ်ဆိုရင်လည်း အရင်ဆုံးရှုခင်းလေးကို ခံစားလိုက်ပါဦး။ ပြီးမှဓာတ်ပုံတွေ အပုံ ၂၀ လောက် ရိုက်ကြတာပေါ့။ ဓာတ်ပုံပညာရှင်တွေ ပြောလေ့ရှိတဲ့ အကြံပေးချက်တစ်ခုကို ပြောပြချင်ပါတယ်။ သူတို့အဆိုအရ အမှတ်တရ တစ်ခုကို ကိုယ်တိုင်ကိုယ်ကျ ခံစားပြီးမှ ရိုက်တာဟာ ပုံကောင်းကောင်းလေးတွေ ပိုထွက်စေပါသတဲ့။

ဓာတ်ပုံတွေကို Social Media တွေပေါ်မှာ share တဲ့အခါမှာ
ဒါကတော့ Social Media ပေါ်မှာ ဓာတ်ပုံအတင် များတဲ့သူတွေအတွက်ပါ။ ဒီလိုမျိုး လူတွေအနေနဲ့ သတိထားစရာ အချက်တစ်ချက် ရှိပါတယ်။ အဲ့ဒါကတော့ Social Media ပေါ်မှာ ဓာတ်ပုံတစ်ပုံကို ကိုယ့်စိတ်ကြိုက် Share တာဟာဘာမှ ပြဿနာမရှိဘူး၊ အဆင်ပြေတယ်လို့ ယူဆလေ့ရှိတဲ့အချက်ပဲ ဖြစ်ပါတယ်။ ဟုတ်ကဲ့။ တကယ်လို့ အဲ့ဒီပုံမှာ ကိုယ်ပဲပါနေမယ် ဒါမှမဟုတ် ရင်သပ် ရှုမောဖွယ်ရာရှုခင်းပုံလေး တစ်ပုံသာဖြစ်မယ်ဆိုရင်တော့ ဒီလိုယူဆတာဟာ အဆင်ပြေပါတယ်။ ဒါပေမဲ့ တခြားလူတွေပါနေတဲ့ ဓာတ်ပုံတွေကို တင်တဲ့အခါမှာတော့ ကိုယ့်စိတ်ကြိုက်တင်ဖို့ရာ မသင့်တော်တော့ပါဘူး။
ကျွန်တော်တို့တွေ ကိုယ်ခင်တဲ့ မိတ်ဆွေသူငယ်ချင်းတွေရဲ့ အပြောင်အပြက် Funny Pose ပုံတွေကို အားလုံးပဲ ရိုက်ဖူးကြ မှာပါ။ ဓာတ်ပုံရိုက်ရုံတင်ဆို ကိစ္စမရှိသေးပါဘူး။ ဒါပေမဲ့ ဒီပုံတွေကို Social Media ပေါ်တင်တော့ မယ်ဆိုရင်တော့ မတင်ခင် အရင်ဆုံး ခွင့်တောင်းသင့်ပါတယ်။ ဒါဟာ လူတိုင်းအလေးထားသင့်တဲ့ ကျင့်ဝတ်တစ်ခုဖြစ်ပါတယ်။ ကိုယ်တင်မယ့် ဓာတ်ပုံမှာပါတဲ့သူတွေအနေနဲ့ Social Media ပေါ်မတင်စေချင်တဲ့ အကြောင်းအရင်းတစ်ခုခု ရှိကောင်း ရှိနေမှာပါ။ ဒါကို ကိုယ်က ရည်ရွယ်ချက်ရှိရှိ မဟုတ်ဘဲနဲ့ မသိလို့ တင်လိုက်မိလို့ခင်မင်သူ တွေအကြား ပြဿနာဖြစ်လာမယ်ဆိုရင် နှစ်ယောက်လုံး အတွက် မကောင်းပါဘူး။ ဓာတ်ပုံလေးတစ်ပုံ အတွက်နဲ့ ဒီလိုဖြစ်လာတာဟာ တကယ့်ကို စိတ်မကောင်းစရာပါ။ ကိုယ့်အနေနဲ့ ဓာတ်ပုံလေးမတင်ခင် အရင်ခွင့် တောင်းလိုက်တာဟာ အပန်းမကြီးသလို တခြားသူရဲ့ ကိုယ်ရေး ကိုယ်တာကို ကိုယ်က အလေးထားတဲ့ လူဖြစ်တယ်ဆိုတဲ့အကြောင်းပြသလိုက်ရာလည်း ရောက်ပါတယ်။
ဒီခေါင်းစဉ်နဲ့ ဆက်စပ်လို့ပြောရမယ်ဆိုရင်Social Media ပေါ်မှာ တစ်နေ့တာလုံးကိုယ်လုပ်သမျှကို Online ပေါ်မတင်သင့်ပါဘူး။ Social Media ပေါ်က လူအားလုံးကတော့ ကိုယ်မနက်စာဘာစားတယ်၊ နေ့လယ်စာကို ဘယ်ဟိုတယ် သွားစားတယ်၊ ညစာကို ဘယ်လိုပုံစံစားတယ် ဆိုတာမျိုး အသေးစိတ်သိချင်မှာ မဟုတ်ကြပါဘူး။ အခန့်မသင့်ရင် Unfollow ဒါမှမဟုတ် Unfriend လုပ်တာ ခံရနိုင်ပါတယ်။ ဒါကိုလည်း အားလုံးက လက်ခံကြမယ် လို့ထင်ပါတယ်။

မလိုအပ်ဘဲ Tag တွဲတာမျိုးတွေကို ရှောင်ပါ
ကျွန်တော်တို့ အားလုံးပဲ Facebook မှာ ဆိုင်ဆိုင်မဆိုင်ဆိုင် Tag တွဲတာမျိုးကိုကြုံဖူးကြမှာပါ။ ကိုယ်တင်လိုက်တဲ့ ဓာတ်ပုံထဲမှာ ပါလို့၊ ဒါမှမဟုတ် တစ်စုံတစ်ရာ ကိစ္စရှိလို့ တစ်ယောက်ယောက်ကို Tag တွဲတာမျိုးက အဆင်ပြေပါတယ်။ ဒါပေမဲ့ ကိုယ်နဲ့ဘာမှ မဆိုင်တဲ့ ဓာတ်ပုံ ဒါမှမဟုတ် Post တစ်ခုမှာ Tag တွဲတာမျိုးကတော့ သိပ်အဆင်မပြေပါဘူး။ လူတော်တော်များများကလည်း ဒါမျိုးကို နှစ်သက် ကြမှာမဟုတ်ပါဘူး။ ဒါကြောင့် တကယ်လို့ ကိုယ့်အနေနဲ့ လိုအပ်တယ်ဆိုရင် (တစ်စုံတစ်ခုကို သတင်းပေးလိုတယ်ဆိုရင်ပေါ့) တိုက်ရိုက် Message ပို့တာမျိုး၊ ဒါမှမဟုတ် Comment မှာ Mention ခေါ်တာ မျိုးပဲ ပြုလုပ်သင့်ပါတယ်။ (ဒါလည်း အရမ်းကြီး အလွန်အကျွံတော့ မပြုလုပ်သင့်ပါဘူး)
ကိုယ့်ရဲ့ Timeline လေးကို နန်းဆန်ဆန်လေးထားကြဖို့ တိုက်တွန်းလိုပါတယ်။ မလိုအပ်တဲ့ Tag တွေနဲ့ ရှုပ်ပွနေတဲ့ Timeline တစ်ခုက သိပ်တော့ကြည့် မကောင်းဘူး မဟုတ်ပါလား ခင်ဗျာ။

ကိုယ့်ဖုန်းကြောင့် တစ်ခြားသူတွေ အနှောင့်အယှက် မဖြစ်ပါစေနဲ့
တစ်ချို့သူတွေအနေနဲ့ Ring Volume ကို အကျယ်ဆုံးထားလေ့၊ သီချင်းကို အကျယ်ဆုံးဖွင့်ပြီး နားထောင်လေ့ရှိတဲ့ သူတွေရှိပါတယ်။ ဒါဟာ ကိုယ့်အိမ်၊ ကိုယ့်အခန်းထဲလို ကိုယ်တစ်ယောက်တည်း ရှိနေတဲ့ နေရာမျိုးမှာဆိုရင်တော့ အဆင်ပြေပါတယ်။ ဒါပေမဲ့ ကိုယ်က ရုံးခန်းထဲ၊ စာကြည့်တိုက်ထဲ၊ အတန်းထဲ၊ အစည်းဝေးခန်းမထဲ၊ ရုပ်ရှင်ရုံထဲနဲ့ တစ်ခြားသော အများပြည်သူနဲ့ ဆိုင်တဲ့နေရာတွေမှာ ရောက်နေတယ်ဆိုရင်တော့ ကိုယ့်စိတ်ကြိုက် profile နဲ့ ဖုန်းကို အသုံးပြုဖို့ရာ အဆင်မပြေတော့ပါဘူး။ Ringtone ကို Vibrating Mode ထားဖို့ လိုအပ်သလို ဖုန်းရဲ့ Display Brightness အလင်းရောင်က တစ်ခြားသူတွေ အနှောင့်အယှက် မဖြစ်စေဖို့ရာ သတိပြုဖို့လည်း လိုအပ်ပါတယ်။
ဒါ့အပြင် တစ်ချို့သူတွေဟာ လမ်းလျှောက်ရင်း ဒါမှမဟုတ် ကားစီးရင်းစတဲ့ အချိန်တွေမှာ သီချင်းကို အကျယ်ကြီးဖွင့်ပြီး နားထောင်ရတာကို ကြိုက်တဲ့ လူမျိုးတွေရှိပါတယ်။ ဒါဟာ လည်း ကိုယ့်ဘေးနားက လူတွေကို အနှောင့်အယှက်ဖြစ်စေနိုင်တာကြောင့် သိပ်တော့ အဆင်မပြေပါဘူး။ ဒီလိုအခြေအနေမျိုးမှာ Headphone ဒါမှမဟုတ် Earphone တပ်ပြီးနားထောင်တာက အကောင်းဆုံး ပါပဲ။

Recommended for u : ကမ္ဘာကျော် သူဌေးကြီးတွေရဲ့ ငွေတပြားမှမကုန်တဲ့ အကျင့်များ!

Source:internet journel

Read times
Rate this item
(1 Vote)