Hyundai နှင့် Toyota တို့၏ လျှပ်စစ်ကားကြော်ငြာများ ယူကေမှာ ပိတ်ပင်ခံရ
 TO GET INSTANT UPDATE  
 Join Telegram Channel 
https://t.me/Guid4U
 ဗြိတိန်နှင့် အိုင်ယာလန်တို့တွင် လျှပ်စစ်ကားများ အားသွင်းနိုင်သည့် အမြန်နှုန်းကို ချဲ့ကားပြီး ပြောဆိုထားခြင်း၊ အမြန်အားသွင်းပွိုင့်များ ရနိုင်သည့်နေရာများ မှားယွင်းစွာ ပြောဆိုထားခြင်း တို့ကြောင့်  တိုယိုတာနှင့် ဟွန်ဒိုင်းတို့၏ ကြော်ငြာကမ်ပိန်းများကို ယူကေ ကြော်ငြာစောင့်ကြည့်ရေးအဖွဲ့ Advertising Standards Authority ASA က တားမြစ်ထားသည်။
ဂျပန်ကားကုမ္ပဏီ Toyota သည် ၎င်း၏ bZ4X မော်ဒယ်အတွက် ၎င်း၏ ၀က်ဘ်ဆိုဒ်တွင် စျေးကွက်ရှာဖွေရေး ကမ်ပိန်းတစ်ခုကို လုပ်ဆောင်ခဲ့သည်။ “making electric easy” ဟူသည့် စာသားကို သုံးထားသည်။ 
 150kW အမြန်အားသွင်းစနစ်ဖြင့် မိနစ် ၃၀ ခန့်အတွင်း မော်တော်ယာဉ်အား ၈၀% အားသွင်းနိုင်မည်ဟု ၀က်ဘ်ဆိုဒ်က အခိုင်အမာ ဆိုထားသည်။
ယာဉ်မောင်းများသည် အများသူငှာ သွားလာကြသည့် နေရာအတော်များများတွင် အမြန်အားသွင်းသည့်နေရာများကို အလွယ်တကူ ရှာဖွေနိုင်သည်ဟု Toyota မှ ပြောကြားထားသည်။
 အထူးသဖြင့် “ယာဉ်မောင်းများ အားသွင်းဖို့ အလိုအပ်ဆုံး နေရာများ" "မော်တော်ကားလမ်းများမှာ ခရီးသွားလာသည့် အဓိကနေရာများ" တွင် အမြန်အားသွင်းရုံများ ရှိနေသည်ဟု ဆိုထားသည်။
Hyundai သည်လည်း အလားတူ ကမ်ပိန်းတစ်ခုကို လုပ်ဆောင်ခဲ့သည်။ ၎င်း၏ကိုယ်ပိုင်ဝဘ်ဆိုဒ်၊
 လန်ဒန်ရှိ Piccadilly Square မှ ဒစ်ဂျစ်တယ်ဘေလ်ဘုတ်နှင့် YouTube တို့ကို  အသုံးပြုထားသည်။
Hyundai စပွန်ဆာပေးသည့် ပရီးမီးယားလိဂ်ကလပ် Chelsea မှ ဘောလုံးသမားများ ပါဝင်သရုပ်ဆောင်ထားသည့် ဗီဒီယို ကြော်ငြာဖြင့် Ioniq 5 မော်ဒယ် လျှပ်စစ်ကားကို ကြော်ငြာသည်။
350kW အားသွင်းကိရိယာကို အသုံးပြု၍ ၁၈ မိနစ်အတွင်း မော်တော်ယာဉ်အား ၁၀% မှ ၈၀% သို့ အားသွင်းနိုင်မည်ဟု ကမ်ပိန်းက ကြော်ငြာထားသည်။


 ကြော်ငြာတွင် ဆိုထားသည့် အားသွင်းသည့် ကြာချိန်သည် ကားစက်ရုံတွင်သာ ရနိုင်မည်။ လက်တွေ့လောကထဲ မရနိုင်ဟု ကုမ္ပဏီ နှစ်ခုစလုံးက ဝန်ခံသည်။
အမြန်အားသွင်းပွိုင့်များမှာလည်း ကြော်ငြာတွင် ဆိုထားသည့်အတိုင်း လက်တွေ့တွင် မရှိချေ။
 150kW အမြန်အားသွင်းနိုင်သော အားသွင်းပွိုင့်သည် စကော့တလန်တွင် ၇ ပွိုင့်၊ ဝေလတွင် ၂ ပွိုင့်မျှသာ ရှိသည်။ မြောက်အိုင်ယာလန်တွင် တစ်ခုမှ မရှိချေ။
အီးဗီကို ဝယ်စီးရန် သင့်မသင့် စဉ်းစားချင့်ချိန်သည့်အခါ သွားနိုင်မည့် ခရီးတာနှင့် အားသွင်းရန် ကြာချိန် အချက်နှစ်ချက်သည် အဓိကကျသည်။ ထိုနှစ်ချက်ကို ပကတိအရှိအတိုင်း တင်ပြခြင်း မပြုဘဲ လှည့်စားထားသည့်အတွက် ASA က ကြော်ငြာများကို ပိတ်ပင်ရန် ဆုံးဖြတ်ချက် ချခဲ့သည်။ 
 Source guardian 
 TO GET INSTANT UPDATE  
 Join Telegram Channel 
 https://t.me/Guid4U
					
		  	


 