-->
×

Warning

JUser: :_load: Unable to load user with ID: 29


ပြောင်းလဲဖို့အတွက် မဖြစ်မနေ လိုအပ်တဲ့ အချက် ၆ ချက်

ပြောင်းလဲဖို့အတွက် မဖြစ်မနေ လိုအပ်တဲ့ အချက် ၆ ချက် Google

သင့်စီးပွားရေး၊ အလုပ်အကိုင် ဒါမှမဟုတ် ဘ၀မှာ အပြောင်းအလဲ တစ်ခုခု လုပ်ချင်နေလား …

အခုဖော်ပြမယ့် ဆောင်းပါးလေးက သင့်ကို အတွေးတစ်ခုခု ရစေပါလိမ့်မယ် …

လူတွေ ပြောင်းလဲဖို့ အနည်းဆုံး ၆ ခုလိုပါတယ် …

၁။ ပြောင်းလဲမယ့် အရာအပေါ်မှာ နာတာ လုံလောက်သွားရမယ်။

၂။ တစ်ခုခုကို လိုချင်တဲ့အကြောင်းရင်း လုံလောက်သွားရမယ်။

၃။ ပြောင်းလဲနိုင်ဖို့ သင်ယူတာ လုံလောက်သွားရမယ်။

၎။ ပြောင်းလဲနိုင်ဖို့ အရင်းအမြစ်တွေ လုံလောက်သွားရမယ်။

၅။ ဖောင်ဖျက်ပြီး ပထမဆုံး ခြေလှမ်း ၃ လှမ်းလောက် ဆက်လှမ်းပြီး ဖြစ်ရမယ်။

၆။ လှည့်မပြေးပဲ ခိုင်မာတဲ့ ခြေလှမ်းတွေ ဆက်လှမ်းရာမှာ ကူညီပေးမယ့်အဖော် (Friend, Spouse, Coach, Mentor) လိုတယ်။

ဒီအချက် ၆ ချက်ကို တစိမ့်စိမ့်ပြန်တွေးကြည့်ပြီး လိုက်နာမယ်ဆိုရင် သင့်ရဲ့ စစ်မှန်တဲ့ ပြောင်းလဲခြင်းအတွက် များစွာ အထောက်အကူပြုပါလိမ့်မယ်။

အခုဆက်ပြီးတော့ တစ်ချက်ချင်းကို အသေးစိတ် ရှင်းပြချင်ပါတယ်။

၁။ ပြောင်းလဲမယ့်အရာအပေါ်မှာ နာတာ လုံလောက်သွားရမယ်။

လူတွေက မနာရင် မပြောင်းဘူး။ နည်းနည်းနာရင်လည်း မပြောင်းကြသေးဘူး။

တော်တော်ကြီး နာမှ ပြောင်းလဲကြတယ်။

ပြန်ပြီးစဉ်းစားကြည့်ပါ။

သင့် Business, Health, Relationship, Behavior, Job စတာတွေ အားလုံးမှာ သင်နာတာ လုံလောက်ပြီဆိုမှ ပြောင်းလဲခဲ့တာကို တွေ့ရလိမ့်မယ်။

ရှေ့ဆက်ပြီးတော့လည်း ပြောင်းလဲဖို့ဆိုရင် နာတာလုံလောက်ဖို့ လိုတယ်။

လက်ရှိအခြေအနေမှာ အနည်းငယ်လောက်ဖြစ်ဖြစ် သာယာနေသရွေ့ကာလပတ်လုံး သင်ဘာအပြောင်းအလဲမှ လုပ်ဖြစ်မှာ မဟုတ်ဘူးဆိုတာကို သင်မှတ်ထားသင့်တယ်။

၂။ တစ်ခုခုကို လိုချင်တဲ့အကြောင်းရင်း လုံလောက်သွားရမယ်။

အခုနကပြောသလို သင့်မှာ အမူအကျင့်တစ်ခု၊ နေရာတစ်ခုကနေ ပြောင်းလဲဖို့ နာတာလုံလောက်တာပဲထား၊ သင့်မှာ လိုချင်တာ ဘာလဲဆိုတာ သေသေချာချာ သတ်သတ်မှတ်မှတ် မရှိရင် အဆင်မပြေပြန်ဘူး။

သင်ဘာကို လိုချင်တယ်ဆိုတာ အရေးကြီးတယ်။

ဒီထက်ပိုအရေးကြီးတာကတော့ အဲဒါကို ဘာကြောင့် လိုချင်တာလဲဆိုတာဖြစ်တယ်။

ဥပမာ - ကျွန်တော်ဆိုရင် ၂၀၁၅ တုန်းက အဲဒီအတိုင်း ဆက်သွားရင် ကျွန်တော့်သားနှစ်ယောက် ကျောင်းစရိတ်တောင် မရှာနိုင်တော့ဘူး။

အဲဒါကြောင့် ကျွန်တော်ပြောင်းလဲမှုတွေကို လုပ်ဖြစ်ခဲ့တယ်။

၃။ ပြောင်းလဲနိုင်ဖို့ သင်ယူတာ လုံလောက်သွားရမယ်။

သင်ပြောင်းလဲချင်လောက်အောင် နာစရာတွေရှိပြီ၊ သင်ဘာကို လိုချင်တယ်ဆိုတာကိုလည်း သေသေချာချာသတ်မှတ်ထားပြီးပြီ။ ဒါပေမယ့် သင်ပြောင်းလဲလို့ မရနိုင်သေးဘူး။

သင်လေ့လာသင်ယူဖို့ လိုတယ်။ အပြောင်းအလဲလုပ်ပြီဆိုကတည်းက သင်အရင်လုပ်နေတာတွေအတိုင်း လုပ်လို့မရနိုင်တော့ဘူး။

သင်အရင်လုပ်နေတာတွေပဲ ဆက်လုပ်နေရင် အရင်ရနေတာတွေပဲ ဆက်ရနေလိမ့်မယ်။

မတူတာတွေရဖို့ မတူတာတွေကို လုပ်ဖို့လိုတယ်။ အဲဒီလို မတူတာတွေကို လုပ်ဖို့အတွက် မတူတာတွေကို သင်လေ့လာဖို့ လိုတယ်။

၎။ ပြောင်းလဲနိုင်ဖို့ အရင်းအမြစ်တွေ လုံလောက်သွားရမယ်။

သင်နာတတ်လို့၊ လိုချင်တာတွေရှိလို့ လေ့လာသင်ယူနေပြီဆိုရင် သင်ပြောင်းလဲလို့ ရပြီလား။ မရသေးဘူး။

မီးပုံးပျံတစ်ခု အပေါ်ကိုတက်သွားဖို့မှိုင်းဝဖို့ လိုသလိုပဲ သင်နောက်တစ်ဆင့်ကို ရောက်ဖို့အတွက် လိုအပ်တဲ့အရင်းအမြစ်တွေ လုံလောက်သွားဖို့ လိုတယ်။

စိတ်ဓါတ်၊ ပညာ၊ ငွေ၊ မိတ်ဆွေ၊ အဆက်အသွယ် အစရှိတဲ့ အရင်းအမြစ်တွေဟာ သင်အပြောင်းအလဲတစ်ခုကို ဖန်တီးနိုင်ရလောက်အောင် လုံလောက်လာမယ်ဆိုရင် သင်အပြောင်းအလဲ စလုပ်လို့ ရလာလိမ့်မယ်။

၅။ ဖောင်ဖျက်ပြီး ပထမဆုံး ခြေလှမ်း ၃ လှမ်းလောက် ဆက်လှမ်းပြီး ဖြစ်ရမယ်။

အပေါ်က အဆင့် ၄ ဆင့်အထိ ရောက်ပြီဆိုရင် သင့်မှာ အရာအားလုံး အဆင်သင့်ဖြစ်နေပြီ ဖြစ်တယ်။

ဒါပေမယ့်လည်း အဆင်သင့်ဖြစ်တာကနေ တကယ်ရလဒ်တွေကို ဦးတည်ဖို့ဆိုရင် သင်အလုပ်လုပ်ဖို့ လိုတယ်။

အရင်လုပ်နေတာတွေကို ရပ်တန်းကရပ်ပြီး ခြေလှမ်းသစ်တွေ တစ်လှမ်း၊ နှစ်လှမ်း၊ သုံးလှမ်း လှမ်းသွားဖို့ လိုတယ်။

လူတွေ အပြောင်းအလဲ မလုပ်ဖြစ်ကြတဲ့အထဲမှာ လိုအပ်တာထက် ပိုပြီး ပြင်ဆင်မှုတွေ လုပ်နေကြတာလည်း ပါပါတယ်။

သင်တစ်ခုခုကို စတင်ဖို့အတွက် ကြီးကျယ်ခမ်းနားနေစရာ မလိုဘူး။ ကြီးကျယ်ခမ်းနားဖို့အတွက်သာ သင်စတင်ရမှာ ဖြစ်ပါတယ်။

 

၆။ လှည့်မပြေးပဲ ခိုင်မာတဲ့ ခြေလှမ်းတွေ ဆက်လှမ်းရာမှာ ကူညီပေးမယ့်အဖော် (Friend, Spouse, Coach, Mentor) လိုတယ်။

လူအများစု ဖြစ်တတ်ကြတာတစ်ခုက နှစ်သစ်ကူး သံန္နိဌာန်ချတဲ့အခါ အရက်၊ ဆေးလိပ်မသောက်တော့ဘူး။

ဘာမလုပ်တော့ဘူး စသဖြင့် ဆုံးဖြတ်တတ်ကြတယ်။ ၃၊ ၄ ရက် နားတယ်။ ကျွန်တော် ဥပမာ ပေးသလိုဆိုရင် ဇန်န၀ါရီ ၁၊ ၂၊ ဘာမှ မသောက်ဘူး၊

၃ ရက်နေ့ညကျရင် ပြန်သောက်ပြီ ဘာလို့လဲဆိုတော့ ၄ ရက်နေ့က လွတ်လပ်ရေးနေ့ဆိုတော့ ရုံးပိတ်တယ် မဟုတ်လား။ ဆိုလိုတာက လူတွေ အပြောင်းအလဲ တစ်ခုလုပ်ပြီဆိုရင် ပြန်လှည့်ပြေးတတ်ကြတယ်။

အဲဒီလို ပြန်လှည့်မပြေးဖို့ဆိုရင် သင်လုပ်သင့်တာ တစ်ချို့က

- သင်ဒီလို အပြောင်းအလဲ လုပ်တော့မယ်ဆိုတာကို လူတကာသိအောင် လုပ်လိုက်ပါ၊ လူတိုင်း သိသွားပြီဆိုရင် သင်လိုက်နာရတော့မယ်။

- သင့်အပြောင်းအလဲကို ကူညီပေးမယ့် မိတ်ဆွေ၊ သူငယ်ချင်း၊ အိမ်ထောင်ဖက် သင့်မှာ လိုအပ်တယ်။ သူတို့ကြောင့် စပ်ကူးမတ်ကူးကာလမှာ သင်အဆင်ပြေမှုတွေ ခံစားရပါလိမ့်မယ်။

- သင့်ကို နည်းပေးလမ်းပြ လုပ်ပေးမယ့် ဆရာသမား၊ လူကြီးသူမတွေ လိုတယ်။ သူတို့က သင်လျှောက်မယ့်လမ်းကို လျှောက်ခဲ့ပြီးသား ဖြစ်တယ်။ သူတို့မှာ အတွေ့အကြုံတွေရှိတယ်။

သူတို့က သင့်ကို ဆောင်ရန်၊ ရှောင်ရန်တွေကို သင်ကြား ပြသပေးနိုင်လိမ့်မယ်။

- သင့် စီးပွားရေး၊ အလုပ်အကိုင်၊ အမူအကျင့် စတဲ့ ပြောင်းလဲမှုတွေမှာ ပညာရှင်ဆန်ဆန်ကူညီပေးမယ့် Professional Coach တစ်ယောက်နဲ့ အလုပ်လုပ်ပါ။

Professional Coach က သင့်ကို တာဝန်ယူမှု၊ တာဝန်ခံမှုတွေရှိနေစေခြင်းနဲ့အတူ သင့်ပန်းတိုင်ကို ဦးတည်တဲ့ခြေလှမ်းတွေကို လျှောက်လှမ်းဖို့ အထောက်အကူပေးပါလိမ့်မယ်။

အခုအထက်မှာ ဖော်ပြခဲ့တဲ့အချက် ၆ ချက်က သင်ဘယ်လိုနေရာမှာမျိုးမှာမဆို အပြောင်းအလဲတစ်ခုကို ဦးဆောင်တော့မယ်ဆိုရင် အထောက်အကူပြုမှာဖြစ်လို့ မကြာခဏ ပြန်ပြီး သုံးသပ်ဖို့ တိုက်တွန်းချင်ပါတယ်။

သင့်ချစ်တဲ့ သူငယ်ချင်း၊ မိတ်ဆွေများအတွက် share ပေးနိုင်ပါတယ်။

 

Source : Naing Win Aung - Professional Business Coach & Facilitator

Read times
Rate this item
(1 Vote)