-->
×

Warning

JUser: :_load: Unable to load user with ID: 29


ပျော်ရွှင်မှုကို ငွေနဲ့ ဝယ်လို့ ရလား?

လူသိများတဲ့ စကားတစ်ခွန်းရှိပါတယ်။ "ပျော်ရွှင်မှုကို ငွေပေးပြီး ဝယ်လို့မရ" တဲ့။ အမှန်ပါပဲ။ပျော်ရွှင်မှုဆိုတဲ့ စိတ္တဇနာမ်ကို ငွေကြေးဥစ္စာဆိုတဲ့ ရုပ်ပိုင်းဆိုင်ရာ ပစ္စည်းတွေနဲ့ တိုက်ရိုက်ဝယ်လို့မရတာ အမှန်ပါပဲ။ဒါပေမယ့် ပျော်ရွှင်မှုကို ဖြစ်စေတဲ့ အရာတွေကိုကော ငွေပေးပြီး ဝယ်လို့မရဘူးလား။

ဒီမေးခွန်းကို သိပ္ပံနည်းကျ သုတေသနပြုလုပ် လေ့လာထားပါတယ်။ငွေကြေးဥစ္စာက ပျော်ရွှင်မှုကို ဝယ်လို့မရဘူးဆိုပေမယ့် ပျော်ရွှင်မှုကိုဖြစ်စေတဲ့ အရာဝတ္ထုတွေကိုတော့ ဝယ်လို့ရတာ အမှန်ပါပဲ။အနည်းဆုံးတော့ စိတ်ဖိစီးမှုနဲ့ စိတ်သောကကို အတိုင်းအတာတစ်ခုအထိ လျော့ကျအောင် ငွေကြေးဥစ္စာက ဖန်တီးပေးနိုင်ပါတယ်။

 

ဒီအချက်ကို ထောက်ခံပေးတဲ့ သက်သေပြချက်အဖြစ် ကယ်လီဖိုးနီးယားတက္ကသိုလ်က သိပ္ပံပညာရှင်တွေဟာ မိမိပိုက်ဆံ ဘယ်လောက်ရှာနိုင်လဲ ဆိုတဲ့အချက်ကပျော်ရွှင်မှုကို ဘယ်လိုခံစားရနိုင်လဲ ဆိုတဲ့အချက်ပေါ် သက်ရောက်မှုရှိနေနိုင်ကြောင်း သုတေသနပြုလုပ်ပြီး ရှာဖွေတွေ့ရှိခဲ့ပါတယ်။သုတေသနအရ ဝင်ငွေကောင်းသူတွေဟာ သူတို့ရဲ့အတ္တပေါ်မှာ အခြေခံတဲ့ ကောင်းမွန်တဲ့စိတ်ခံစားချက်တွေကို ခံစားရနိုင်ခြေ ပိုများသလို၊ဝင်ငွေနည်းသူတွေကတော့ တခြားသူတွေနဲ့ ဆက်စပ်ပြီးမှ ရရှိတဲ့ ကောင်းမွန်တဲ့စိတ်ခံစားချက်တွေကို ခံစားရနိုင်ခြေ ပိုများပါသတဲ့။

 

သူတို့ရဲ့လေ့လာတွေ့ရှိချက်ကို အမေရိကန်စိတ်ပညာ အစည်းအရုံးက ထုတ်ဝေတဲ့ Emotion ဆိုတဲ့ ဂျာနယ်တစ်စောင်မှာ ဖော်ပြခဲ့ပါတယ်။Paul K. Piff (PhD) နဲ့ Jake Moskowitz ဆိုတဲ့ ဘွဲ့လွန်သုတေသီ ကျောင်းသားနှစ်ဦးဟာ အသက် (၂၄) နှစ်နဲ့ (၉၃) နှစ်ကြား အမေရိကန် အရွယ်ရောက်ပြီးသား ပုဂ္ဂိုလ် (၁၅၁၉) ယောက်ကိုလေ့လာထားတဲ့ ဆာဗေးဒေတာတွေကို အသုံးချပြီး လူတစ်ဦးချင်းစီရဲ့ ပျမ်းမျှဝင်ငွေနဲ့ ပျော်ရွှင်မှုနဲ့ ဆက်နွယ်နေတဲ့ စိတ်ခံစားချက် (၇) မျိုးကြားက ပတ်သက်မှုကို ချိန်ထိုးလေ့လာခဲ့ကြပါတယ်။

 

ပျော်ရွှင်မှုနဲ့ ဆက်နွယ်နေတဲ့ စိတ်ခံစားချက် (၇) မျိုးဆိုတာကတော့ သဘောကျခြင်း၊ အံ့သြခြင်း၊ ကရုဏာသက်ခြင်း၊ အားရကျေနပ်ခြင်း၊ တက်ကြွခြင်း၊ အချစ်နဲ့ ဂုဏ်ယူဝင့်ကြွားခြင်း တို့ပဲဖြစ်ပါတယ်။သူတို့ရဲ့လေ့လာချက်အရ ဝင်ငွေကောင်းသူတွေဟာ အတ္တအခြေခံတဲ့ စိတ်ခံစားချက်တွေဖြစ်တဲ့ ဂုဏ်ယူဝင့်ကြွားခြင်း၊ သဘောကျခြင်းနဲ့ အားရကျေနပ်ခြင်းတို့ကို ပိုမိုခံစားရလေ့ရှိပြီးဝင်ငွေနည်းသူတွေကတော့ တခြားသူတွေနဲ့ ဆက်နွယ်မှရတဲ့ ပျော်ရွှင်စိတ်တွေဖြစ်တဲ့ အံ့သြခြင်း၊ ကရုဏာသက်ခြင်းနဲ့ အချစ်တို့ကို ပိုမိုခံစားရလေ့ရှိပါတယ်တဲ့။

 

တက်ကြွခြင်းနဲ့ ပတ်သက်လာရင်တော့ တိကျတဲ့ အဆိုပြုချက် မတွေ့ရပါဘူး။သုတေသနကို ကောက်ချက်ချလိုက်မယ်ဆိုရင် ပျော်ရွှင်မှုကို ငွေနဲ့ တိုက်ရိုက်ဝယ်လို့မရဘူးဆိုပေမယ့် ငွေရှာကောင်းသူတွေကတော့ ပျော်ရွှင်မှုကို အမှီအခိုကင်းစွာနဲ့ ပိုမိုခံစားရနိုင်ခြေ ရှိတာအမှန်ပါပဲ။ပစ္စည်းဥစ္စာ မကြွယ်ဝရင် မိမိရဲ့ပျော်ရွှင်မှုကို တစ်ပါးသူတွေအပေါ် မှီခိုနေရမှာဖြစ်ပြီး မှီခိုစရာလူမရှိတဲ့အခါ ပျော်ရွှင်မှုကို ခံစားနိုင်ခြေ လျော့နည်းသွားမှာ အမှန်ပါပဲ။

 

Source: Reader's Digest

Read times
Rate this item
(0 votes)