-->
×

Warning

JUser: :_load: Unable to load user with ID: 29


အောင်စာရင်းမှာ ရမှတ်တွေ သိပ်မကောင်းတာ ဘာကြောင့်လဲ

ဆိုရှယ်မီဒီယာကို သုံးစွဲပြီး မားကက်တင်း လုပ်တဲ့အခါ ဆိုရှယ်မီဒီယာ လာတဲ့သူတွေရဲ့ ဟပ်ကို ထိဖို့ အတွက် content က ကောင်းနေဖို့ လိုတယ်။

content ကောင်းနေဖို့ဆိုတာ ဇာတ်လမ်း story ခင်းတာ ကောင်းဖို့ လိုလိမ့်မယ်။ 

လက်ဝှေ့ထိုးတာ လက်သီးအားပြင်းနေရုံနဲ့ မပြီးဘူး။ လက်ဝှေ့ရေး လှနေရုံနဲ့ မပြီးဘူး။ ချက်ကောင်းကို အချိန်ကိုက် ထိုးလိုက်နိုင်ရင် တစ်ချက်ကောင်းနဲ့ ပွဲသိမ်းထိုးချက် ဖြစ်သွားမယ်။ ပြိုင်ဘက်နောက်ကောက် ကျလဲသွားမယ်။ အဲဒီလိုပဲ မာကက်တင်းက စားသုံးသူကို ထိုးနှက်ချက်က ချက်ကောင်းကို ထိဖို့ လိုတယ်။ လက်ဝှေ့ရေး လှနေမှ ပရိသတ်က ကြည့်ဖို့ စိတ်ဝင်စားမှာ မဟုတ်လား။ ဒီတော့ အမြင်လှနေအောင် တင်ဆက်ဖို့လည်း အရေးကြီးတယ်။ 

 

လက်ဝှေ့ကြိုးဝိုင်းနဲ့ မတူတာက ဆိုရှယ်မီဒီယာ ကြိုးဝိုင်းထဲမှာ ပြိုင်ဘက်က တစ်ယောက်တည်း မဟုတ်ဘူး။ အများကြီးမှ အများကြီး။ ကိုယ့်ဆီ စိတ်ဝင်စားပေးမယ့် စက္ကန့်ပိုင်းကလေးကို လုယူသိမ်းပိုက်သွားမယ့်သူတွေက အများကြီး။ ကိုယ့်လို မာကက်တင်းနေတဲ့ဟာတွေအပြင် သတင်း၊ ဟာသ၊ အဖော်အပြ စတာတွေ အမျိုးစုံ ရှိနေတယ်။ ဈေးခင်းက အသံတွေ ဆူဆူညံနေတဲ့အကြောင်း အရင်ဆောင်းပါး ဖုန်းနဲ့ ဘာလုပ်မှာလဲ မှာ တင်ပြခဲ့ပါတယ်။ 

ဒီတော့ ပေါ့ပေါ့တန်တန် လုပ်လို့ မဖြစ်ဘူး။ ကြက်ကန်းဆန်အိုးတိုး တစ်ချက်လောက် ထပေါက်တဲ့ကြော်ငြာက တစ်ကြိမ်တစ်ခါပဲ ရမယ်။ 

 

ဆိုရှယ်မီဒီယာ ပလက်ဖောင်းပေါ်မှာ ပရိသတ် တုံ့ပြန်မှုတွေ ရပြီး အောင်မြင်သွားတဲ့ လုပ်ငန်းတွေ ရှိနေပေမဲ့ မားကက်တင်းသမားတွေအဖို့တော့ ယုံကြည်မှု ကင်းမဲ့နေတတ်တယ်။ သူတို့ရဲ့ ဖောက်သည်တွေ မိတ်ဟောင်း မိတ်သစ်တွေနဲ့ တိုက်ရိုက်ထိတွေ့လို့ ရတဲ့ အခွင့်အရေး ရှိနေတာအတွက် အများအမြင်မှာ ပျော်နေပေမဲ့ စိတ်ထဲတစ်နေရာမှာတော့ သံသယ ရှိနေတယ်။ ပေါ်ပင်တွေပါလို့ ယူဆထားတယ်။

 

ဆိုရှယ်မီဒီယာ မလာခင်က လုပ်ရတာတွေက အတော်လွယ်ခဲ့တယ်။ မားကက်တင်းအတွက် ဘတ်ဂျက်သတ်မှတ်လိုက်တယ်။ ရတဲ့ ဘတ်ဂျက်ကို သုံးပြီး ကမ်ပိန်းတစ်ခု ဖန်တီးလိုက်မယ်။ ကမ်ပိန်းမှာ အကျုံးဝင်တဲ့ တီဗီကြော်ငြာ၊ ရေဒီယိုကြော်ငြာ၊ ပုံနှိပ်ကြော်ငြာ၊ ပြင်ပကြော်ငြာတွေအတွက် ပုံတွေကလည်း အတူတူပဲ သုံးတယ်။ စိတ်ကူးတွေကလည်း အတူတူပဲ သုံးတယ်။ နှစ်ခါထပ်မှ မှတ်မိမယ် ဆိုတဲ့ ဆိုရိုးစကားကို လိုက်နာပြီး အထပ်ထပ်အခါခါ နေရာတိုင်းမှာ ထပ်ခါထပ်ခါသုံးစွဲပြီး တင်ပြပေးတယ်။ ကမ်ပိန်းကို သုံးလတန်သည် ခြောက်လတန်သည် လုပ်ကိုင်ပြီးရင် ရုပ်သိမ်းလိုက်တယ်။  လုပ်ငန်းက လုပ်ငန်းကြီး ဖြစ်လို့ ဘတ်ဂျက် တတ်နိုင်ရင် နောက်ထပ် အသစ်ကျပ်ချွတ် ကမ်ပိန်းတစ်ခု ထပ်လုပ်ချင်လုပ်မယ်။ 

လုပ်ငန်းက ငယ်ရင် ကမ်ပိန်းက လက်ကမ်းစာရွက် ကြော်ငြာလေးတွေ လုပ်ပြီး လမ်းသွားလမ်းလာတွေကို ဝေမယ်။ အိမ်တွေကို လိုက်ဝေမယ်။ တစ်နှစ်တစ်ကြိမ်ထုတ်တဲ့ ကြော်ငြာအဓိကလမ်းညွှန်မှာ တတ်နိုင်တဲ့ အရွယ်အစားဖြင့် ကြော်ငြာထည့်မယ်။ နည်းနည်း ပိုတတ်နိုင်ရင် ရေဒီယိုမှာ ကြော်ငြာမယ်။ ပြီးရင် လူတွေ ကိုယ့်ဆီလာဝယ်ကြတာကို စောင့်မယ်။ လာတဲ့သူတွေမှာ ဘယ်သူက ကြော်ငြာတွေ့ပြီး ရောက်လာတာလဲဆိုတာ မစပ်စုဘူး။ မေးမိရင် အနှောင့်အယှက်ပြုရာရောက်မှာ စိုးရိမ်တယ်။ 

 

အခုအခါ သုံးလကမ်ပိန်း၊ ခြောက်လကမ်ပိန်း ဆိုတာတွေ မရှိတော့ဘူး။

 ၃၆၅ ရက် ကမ်ပိန်းပဲ ရှိတော့တယ်။ 

၃၆၅ ရက်တာမှာ ကြော်ငြာဖို့ အခြင်းအရာကို နေ့စဉ်လိုလို အသစ်ဖန်တီးပေးနေရမယ်။ 

ဆိုကြပါစို့။ ကျွန်တော်တို့ ကမ်ပိန်းအတွက် ဝိုင်းကြံဆလိုက်ကြတာ စိတ်ကူး ၃ ခု ရတယ်။ အကြီးစားကမ်ပိန်း စိတ်ကူး ၃ ခု ရလာတယ်ဆိုပါတော့။ (အနည်းဆုံး အနေဖြင့် သုံးလေးခုတော့ ရမှ အလုပ်ဖြစ်မယ်)

ရထားတဲ့ စိတ်ကူး ၃ ခုကို တစ်ပြိုင်နက်တည်း ကမ်ပိန်းတွေ ခင်းကျင်းရမယ်။ ဆိုရှယ်မီဒီယာ ပလက်ဖောင်းတွေပေါ်မှာ တင်မယ်။ Facebook တစ်ခုပဲ အသုံးများကြတာ ဖြစ်ပေမဲ့ တခြားပလက်ဖောင်းတွေကိုလည်း မပါမဖြစ် သုံးရမယ်။ အဲဒီပလက်ဖောင်းတွေမှာလည်း သူ့ပရိသတ်နဲ့သူ ရှိနေကြတယ်။ 

ခင်းကျင်းလိုက်တဲ့ ကမ်ပိန်းတွေထဲမှာ အလုပ်အဖြစ်ဆုံးဟာကို တီဗီကြော်ငြာအတွက် မျိုးစေ့အဖြစ် သတ်မှတ်ရမယ်။ 

 

ဆိုရှယ်မီဒီယာ ခင်းကျင်းလိုက်တဲ့ ကမ်ပိန်းအတွက် ဂရုစိုက်ပေးတဲ့သူ သတ်သတ်မှတ်မှတ် ထားရမယ်။ မန့်တာတွေ၊ မေးတာတွေ ဖြေဆိုပေးရမယ်။ ညကြီး အချိန်မတော် ဖုန်းပွတ်ရင်း ကိုယ့်ကို တွေ့သွားပြီး လှမ်းမေးတာတွေ ရှိတတ်တယ်။ နောက်တစ်နေ့မနက် နောက်ဆုံးထားပြီး အကြောင်းပြန်ပေးရမယ်။ 

ဟိုးအရင်တုန်းက လုပ်ခဲ့ကြတဲ့ ကမ်ပိန်းတွေနဲ့ ကွာခြားသွားပြီ။ သုံးလကမ်ပိန်းဖြစ်ဖြစ် ခြောက်လကိမ်ပိန်းဖြစ်ဖြစ် အလုပ်ဖြစ်ရင် သိချင်တာကို ဖုန်းဆက်မေးကြတာလောက်ပဲ ပြန်ဖြေရတယ်။ ဆိုရှယ်မီဒီယာမှာက စာရိုက်ပြီး မေးကြတယ်။ ပြန်ဖြေပေးရမယ်။ ကိုယ့်ရဲ့ ထိုးနှက်ချက်က ဟိုးအရင်ကလို တစ်ဖက်သတ် ထိုးနေတာ မဟုတ်တော့ဘူး။ ထိုးနှက်ချက်ကို တုံ့ပြန်စရာ မီဒီယာတစ်မျိုးအဖြစ် ဆိုရှယ်မီဒီယာ လက်ထဲမှာ ရှိသွားပြီဆိုတာ  content က ကောင်းမှ ဟပ်ထိမယ် မှာ ဆွေးနွေးတင်ပြခဲ့ပါတယ်။  တုံ့ပြန်တာမှာ အလွယ်လုပ်ပြီး စာတစ်ပိုဒ် ရေးထားတယ်။ အဲဒီဟာကိုပဲ ကော်ပီ ပေ့စ်လုပ်ပြီး စာပြန်နေတယ်။ အဲဒီလိုမျိုးဆိုရင် စာမပြန်တာက ပိုကောင်းပါလိမ့်မယ်။ စကားသင်ပေးထားတဲ့ ကြက်တူရွေးလို ဖြစ်နေတာမို့ ဘယ်သူက ကြိုက်မှာလဲ။ 

 

လုပ်ထားတဲ့ ဆိုရှယ်ကမ်ပိန်းကို နောက်ကွယ်မှာ ဝင်ကြည့်တယ်။ analytics  လုပ်ဖို့ ပလက်ဖောင်းက စီစဉ်ပေးထားတယ်။ အဲဒီမှာ အချက်အလက်တွေ ဖော်ပြပေးထားတယ်။ အဲဒီ ကိန်းဂဏန်းတွေ ကောင်းနေဖို့ လိုတယ်။  Like က ဘယ်လောက်၊ Share ဘယ်လောက်၊ Click ဘယ်လောက် စသဖြင့် အောင်စာရင်းအတွက် ရမှတ်တွေကို ပလက်ဖောင်းက ထုတ်ပြန်ပေးထားတယ်။ အချက်အလက် မောင်းနှင်တဲ့ သက်သေခံလက်မှတ် data-driven proof certificate ထုတ်ပေးတဲ့သဘောမျိုး ဖြစ်ပါတယ်။ 

 

အဲဒီမှာ တစ်ခု သတိပြုရမှာက ပလက်ဖောင်းက ချက်ချင်းကြီး အဖြေ ထုတ်မပေးနိုင်ဘူး။ ရက်ပိုင်းလောက်တော့ စောင့်လိုက်မှ ဒေတာအမှန်ကို ရတယ်။ ပရိသတ်တုံ့ပြန်တာကလည်း အချိန်ယူတတ်တာတွေ ရှိတယ်။ ကိုယ့်ရဲ့ ထိုးနှက်ချက်ကြောင့် ဂယက်ထသွားတယ်။ လှိုင်းတွေ စတင်ထွက်ခွာသွားတယ်။ အဲဒီလှိုင်းတွေ သူတို့ဆီ ရောက်သွားတဲ့အခါမှာ တုံ့ပြန်တဲ့သူတွေ ထပ်ရလာတတ်တယ်။ 

ဒီတော့ အောင်စာရင်း သက်သေခံလက်မှတ်ကို ထုတ်ဖို့ အချိန်စောင့်သင့်ပါတယ်။ 

အောင်စာရင်းမှာ အမှတ်တွေ သိပ်မကောင်းရင် ပလက်ဖောင်းကြောင့်လည်း ဖြစ်တတ်ပါတယ်။  အသုံးများကြတဲ့ Facebook ဆိုရင် sponsor ဘယ်လောက်ဖိုး သုံးနေကျဖြစ်သလဲ။ သိသိသာသာကြီး လျှော့သုံးလိုက်ရင် ရလဒ်တွေမှာလည်း သိသိသာသာ လျော့ကျကုန်တတ်ပါတယ်။ ပြီးတော့ ကမ်ပိန်း ခင်းကျင်းလိုက်တဲ့ ရက်တွေမှာ လူအများစိတ်ဝင်စားစရာ ပလက်ဖောင်းပေါ်မှာ ပေါ်ပေါက်လာရင် ကမ်ပိန်းက အလိုလို မှေးမှိန်သွားတယ်။ လူအုပ်ကြီးက အဲဒီ လူအများ စိတ်ဝင်စားတဲ့ဆီ ရောက်ကုန်ကြတယ်။ အဲဒီလို ကြုံနေရပြီဆိုရင် ကမ်ပိန်းကို ခဏရပ်ဆိုင်းထားဖို့ ပလက်ဖောင်းကို ခိုင်းလို့ ရတယ်။ 

 

အဲဒီလိုမျိုး အမှောင့်ပယောဂတွေ ကင်းစင်နေပါလျက် အောင်စာရင်း ရလဒ်တွေ သိပ်မကောင်းဘူးဆိုရင်

ပို့စ်တင်တဲ့ ကြိမ်ရေ နည်းနေတာလား။ 

တစ်နေ့တစ်မျိုး မရိုးရအောင် တင်ဖြစ်ရဲ့လား။

 ဖော်ပြထားတဲ့ အခြင်းအရာ အရည်အသွေး ညံ့ဖျင်းနေတာလား။ 

တစ်ခါလာ မဲပြာပုဆိုး ဖြစ်နေတာလား။ 

နောက်ထပ် အရေးပါတဲ့ နှစ်ချက်က 

ကိုယ့်လုပ်ငန်းကို ဝန်းရံနေတဲ့ အသိုင်းအဝိုင်းကို ဂရုစိုက်ကြောင်း ပြသဖို့ လိုအပ်နေတာလား။ 

လေးစားသမှု ရှိကြောင်း ပြသဖို့ လိုအပ်နေတာလား။ 

အဲဒီအတွက် အားစိုက်ထုတ်မှုတွေ ရှိကော ရှိရဲ့လား။ 

 https://myanmaradvertisingdirectory.com/knowledge/tips.html

1 ထိအောင် ထိုးပါ

2 ဖုန်းနဲ့ ဘာလုပ်မှာလဲ

3 အားပျော့ပျက်ပြယ်နေတဲ့ မုန်တိုင်းငယ်

4 လူတွေ သွားတဲ့နောက်ကို ကြော်ငြာတွေ လိုက်ပါကြတယ်

5 content က ကောင်းမှ ဟပ်ထိမယ်

Read times
Rate this item
(1 Vote)