-->
×

Warning

JUser: :_load: Unable to load user with ID: 29


ရွေးကောက်ပွဲ အကြိုကာလ အွန်လိုင်း ကြော်ငြာတိုက်ပွဲ

နိုင်ငံရေးပါတီ ကိုယ်စားလှယ်လောင်းတွေ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတွေ ရွေးကောက်ပွဲကို

ယှဉ်ပြိုင်ကြတဲ့အခါ ကြော်ငြာအားကို တစ်ဖက်တစ်လမ်းမှ ရယူအသုံးချကြတာ ထုံးစံပါ။ မကြာသေးခင်ကမှ ကျင်းပပြီးစီးသွားတဲ့ ရန်ကုန် စည်ပင် ရွေးကောက်ပွဲမှာလည်း ကြော်ငြာနည်းလမ်းတွေ သုံးစွဲကြတာ တွေ့ခဲ့ရတယ်။
အိမ်နီးနားချင်း နိုင်ငံဖြစ်တဲ အိန္ဒိယနိုင်ငံမှာ ယခုအခါ Lok Sabha Election 2019 ရွေးကောက်ပွဲအတွက် အင်အားရှိ ပါတီကြီးနှစ်ခု ဖြစ်တဲ့ BJP နဲ့ TDP တို့ ယှဉ်ပြိုင်ကြတာမှာ ရွေးကောက်ပွဲ အကြိုကာလ ကြော်ငြာတိုက်ပွဲကိုလည်း ဆင်နွှဲကြတယ်။ Google ပလက်ဖောင်းပေါ်မှာ ဘယ်လောက်အထိ သုံးစွဲကြသလဲဆိုတာကို အိန္ဒိယ ဂူးဂဲ ပွင့်လင်းမြင်သာ အစီရင်ခံစာ Google India Transparency Report က အချိန်နဲ့ တစ်ပြေးညီ ထုတ်ပြန်ကြေညာပေးတယ်။
ဧပြီလ ၄ ရက် ကြာသပတေးနေ့မှာ ထုတ်ပြန်တဲ့ အစီရင်ခံချက်မှာ TDP ရဲ့ Ad Spend က BJP ကို ကျော်တက်သွားတာ တွေ့ကြရတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၉ ရက်မှ ဧပြီလ ၄ ရက်အထိ တိုင်းတာထားတဲ့ Ad Spend ကြော်ငြာစရိတ် ဖြစ်ပါတယ်။ ၄၅ ရက်တာ ကာလအတွင်းမှာ နိုင်ငံရေး ကြော်ငြာ စုစုပေါင်း ၈၃၀ ကြော်ငြာခဲ့ကြပြီး ကြော်ငြာစရိတ် အမေရိကန်ဒေါ်လာ ငါးသိန်းခွဲနီးပါး သုံးစွဲခဲ့ကြတယ်လို့ အစီရင်ခံစာမှာ ထုတ်ပြန်ထားပါတယ်။


ဘယ်လောက်တောင် သုံးကြသလဲ။
ထုတ်ပြန်တဲ့ အစီရင်ခံချက်မှာ ငွေပမာဏတွေကို အိန္ဒိယနိုင်ငံသုံးငွေ ရူပီ နဲ့ ဖော်ပြပေးထားပါတယ်။ ငွေလဲနှုန်းက အမေရိကန် ၁ ဒေါ်လာကို ရူပီ ၇၀ ၀န်းကျင် ရှိတာကို အင်တာနက်မှတစ်ဆင့် သိရတယ်။
ဖေဖော်ဝါရီလ ၁၉ ရက်မှ ဧပြီလ ၄ ရက်အထိ ကာလအတွင်းမှာ -
TDP က အင်တာနက်ပေါ်မှာ ကြော်ငြာခုရေုစုစုပေါင်း ၈၉ ခု သုံးစွဲထားပြီး ကြော်ငြာခ ရူပီ တစ်ကုဋေခွဲ ကုန်ကျတယ်။ ရွေးကောက်ပွဲ အသုံစရိတ် စုစုပေါင်းရဲ့ ၄၀% ကို ကြော်ငြာစရိတ် Ad Spend မှာ သုံးထားတာ ဖြစ်ပါတယ်။
အဲဒီကာလမှာ BJP က ရူပီ ၁ ဒသမ ၂ ကုဋေ သုံးစွဲထားပြီး ဗီဒီယို ၅၅၄ ခု အင်တာနက်မှာ တင်တဲ့အပြင် ၀က်ဘ်ဆိုက် banner ကြော်ငြာတွေကိုလည်း သုံးစွဲတယ်။
Congress ပါတီကတော့ ရူပီ ငါးသောင်း လေးထောင်ကိုသာ သုံးစွဲထားပြီး ကြော်ငြာခုရေ ၁၄ ခုကိုသာ အင်တာနက်ပေါ်မှာ သုံးစွဲခဲ့တာမို့ အင်တာနက်ကြော်ငြာတိုက်ပွဲမှာ အများကြီး ပြတ်ကျန်ခဲ့ပါပြီ။

TDP က ကြော်ငြာတွေကို Google မှာ ထုတ်လွှတ်ခဲ့တယ်။ အဲဒီအတွက် နိုင်ငံရေး သုတေသနနှင့် မဟာဗျူဟာ အတိုင်ပင်ခံလုပ်ငန်း Pramanya Strategy Consulting Private Limited က တာဝန်ယူ ဆောင်ရွက်ပေးခဲ့တယ်။ ဗီဒီယိုတွေနဲ့ banner ad တွေကိုတော့ ဒစ်ဂျစ်တယ် ဈေးကွက်ဖော်ဆောင်ရေးလုပ်ငန်း Digitant Consulting Pvt Ltd ကို အလုပ်အပ်နှံပြီး စေခိုင်းခဲ့တယ်လို့ ဆိုပါတယ်။

BJP နဲ့ Congress တို့က ကြော်ငြာကိစ္စနဲ့ ပတ်သက်လို့ ဖြေကြားပြောဆိုခြင်း မရှိဘူးလို့ သတင်းတစ်ပုဒ်မှာ ဖတ်ရှုရပါတယ်။

Twitter, Google, Facebook, နဲ့ YouTube တို့က နိုင်ငံရေးကြော်ငြာတစ်ခုကို ကြော်ငြာဖို့အတွက် election commission of India (ECI) မှ ခွင့်ပြုချက်လက်မှတ်ကို တင်ပြဖို့ ပြဋ္ဌာန်းထားကြပါတယ်။ အမတ်လောင်းတွေ အနေဖြင့် ဆိုရှယ်မီဒီယာ သုံးစွဲမှုကို ECI ထံ တင်ပြအသိပေးဖို့ လိုအပ်ကြောင်းလည်း အဲဒီ ကော်မရှင်က ပြဋ္ဌာန်းထားပါတယ်။


ပေါ်လစီ ငြိရင် ကြော်ငြာပေးခြင်း မပြု

အဲဒီပွင့်လင်းမြင်သာ အစီရင်ခံချက်မှာ ကြော်ငြာအများအပြားတို့ဟာ Google ရဲ့ ကြော်ငြာ ပေါ်လစီကို ချိုးဖောက်နေတာမို့ ကြော်ငြာတွေကို တားမြစ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
“ကျွန်ုပ်တို့၏ ကြော်ငြာမူဝါဒများမှာ တစ်ခုခု ငြိစွန်းနေသည့် ကြော်ငြာတစ်ခုကို မူဝါဒ ချိုးဖောက်သည့် ကြော်ငြာတစ်ခုအဖြစ် အမှတ်အသားပြုပြီး ကြော်ငြာနေခြင်းကို ရပ်ဆိုင်းထားလိုက်ပါသည်။ ထိုသို့ ရပ်ဆိုင်းခံလိုက်ရသည့် ကြော်ငြာသည် ကျွန်ုပ်တို့၏ ပါဝင်အကြောင်းခြင်းရာ မူဝါဒများကို ငြိစွန်းခြင်းကြောင့် ရပ်ဆိုင်းခံရခြင်း ဖြစ်သည်။ ထို့ပြင် ရွေးကောက်ပွဲကြော်ငြာများကို မည်သို့ တင်သွင်းရမည်ဆိုသည်နှင့် ပတ်သက်သော မူဝါဒများအရ ငြိစွန်းလျှင်လည်း ကြော်ငြာကို ရပ်ဆိုင်းသည်”
Google Ads အနေဖြင့် support လုပ်တဲ့ ဘာသာစကားကို သုံးစွဲထားဖို့လည်း လိုပါတယ်။ အိန္ဒိယ ရွေးကောက်ပွဲအတွက် အင်္ဂလိပ်၊ ဟိန္ဒီ၊ ဘင်္ဂလီ၊ တဲလဂူ ဘာသာစကားများကို သုံးစွဲခွင့် ပေးထားပါတယ်။

လူသိရှင်ကြား အသိပေး

နိုင်ငံတစ်ခုအတွက် အရေးပါတဲ့ ရွေးကောက်ပွဲအတွက်ဖြစ်စေ၊ ပြည်သူ့ဆန္ဒခံယူပွဲအတွက်ဖြစ်စေ Google နဲ့ Facebook တို့မှာ ကြော်ငြာတင်ရင် အဲဒီကြော်ငြာတွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ပွင့်လင်းမြင်သာ အစီရင်ခံစာများဖြင့် လူထုကို လူသိရှင်ကြား အသိပေးဖို့ စီမံထားကြတယ်။ အင်တာနက် ပလက်ဖောင်းကို နိုင်ငံရေး မဲဆွယ်မှုအတွက် သုံးစွဲတဲ့အပေါ် စိုးရိမ်မကင်း ဖြစ်ကြရတာမို့ ယခုလို စီမံပေးထားကြတာ ဖြစ်ပါတယ်။

Google က အိန္ဒိယအတွက် election ads policy ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ စတင်ပြဋ္ဌာန်းခဲ့ပါတယ်။
နိုင်ငံရေးကြော်ငြာတွေကို ကြော်ငြာမယ့်လုပ်ငန်းက ဦးစွာပထမ ကြော်ငြာရှင်က Google မှာ စိစစ်အတည်ပြုချက် ရယူဖို့ လိုပါတယ်။ Google ရဲ့ ခွင့်ပြုသဘောတူချက်ကို ရရှိပြီးတဲ့အခါမှာ
Election Commission of India (ECI) ထံမှာ အတည်ပြုခွင့်ပြုလက်မှတ် ရယူဖို့ လိုပါတယ်။ ပြီးမှ ရွေးကောက်ပွဲအတွက် ကြော်ငြာတွေ တင်လို့ရမှာ ဖြစ်ပါတယ်။
အဲဒီလို Google က ထိန်းချုပ်ထားပြီး ကြော်ငြာတွေ တင်တာကို Political Advertising Transparency Report ဖြင့် လူသိရှင်ကြား ထုတ်ပြန်ပေးတဲ့အပြင် ရှာဖွေကြည့်ရှုနိုင်ဖို့ Political Ads Library ကိုလည်း စီစဉ်ပေးထားပါတယ်။

“၂၀၁၉ ခုနှစ်အတွင်းမှာ နောက်တက်မယ့် အစိုးရကို ရွေးချယ်တင်မြှောက်ဖို့ အိန္ဒိယနိုင်ငံသား သန်း ၈၅၀ မဲပေးကြလိမ့်မယ်လို့ မှန်းထားတယ်။ ကျွန်တော်တို့က ရွေးကောက်ပွဲတွေနဲ့ ပတ်သက်လို့ အပြင်းအထန် စဉ်းစားကြတယ်။ အိန္ဒိယရဲ့ ဒီမိုကရေစီလမ်းစဉ်ကို ကျွန်တော်တို့ ဆက်လက်ပြီးတော့ ဘယ်လို ထောက်ကူပေးမလဲ။ ပြီးတော့ ကမ္ဘာတစ်လွှားမှာ ရှိနေတဲ့ နိုင်ငံတွေမှာ ဘယ်လို ထောက်ကူပေးမလဲဆိုတာ စဉ်းစားကြတယ်” လို့ Google India ရဲ့ ညွှန်ကြားရေးမှူးတစ်ဦးက ဘလော့မှာ တင်ပြထားတယ်။


Facebook ပေါ်မှာ ဘယ်သူ နိုင်နေသလဲ

Lok Sabha Election 2019 အကြိုကာလ နိုင်ငံရေးကြော်ငြာ သုံးစွဲပုံတွေကို သုံးသပ်ကြည့်ရင် TDP ရဲ့ မဟာဗျူဟာနဲ့ ကြော်ငြာအေဂျင်စီတွေက Google Ad ကို အားပြုပြီး BJP က Facebook ကို အားပြုထားတာ ဖြစ်ပါတယ်။

ဖေဖော်ဝါရီလ ၇ ရက်မှ မှ မတ်လ ၂ ရက် အထိ ကာလအတွက် ဆန်းစစ်ချက်အရ Facebook မှာ BJP က ကြော်ငြာစရိတ် အများဆုံး သုံးထားတာ တွေ့ကြရတယ်။

 

Facebook အိန္ဒိယ ရွေးကောက်ပွဲအတွက် Ad Library report ကို မကြာသေးခင်က စီစဉ်ပေးခဲ့ပါတယ်။ အဲဒီမှာ အချက်အလက်တွေကို ရှာဖွေကြည့်ရှုနိုင်အောင် တံခါးတွေ ဖွင့်ပေးထားတယ်။ နိုင်ငံရေး၊ တိုင်းပြည်အတွက် အရေးကြီး/အရေးပါတဲ့ ကိစ္စရပ်များနှင့် ဆက်နွှ်ယ်မှု ရှိသော ကြော်ငြာများ Facebook ဖြစ်စေ၊ Instagram ဖြစ်စေတွင် ကြော်ငြာသမျှတို့ကို ကြည့်ရှုလေ့လာနိုင်သည်လို့ ဆိုထားပါတယ်။

နိုင်ငံရေးကြော်ငြာတွေကို Google မှာထက် Facebook မှာ ပိုသုံးကြပြီး ခုရေအရလည်းကောင်း၊ ကြော်ငြာစရိတ် Ad Spend အရ လည်းကောင်း Facebook မှာ သုံးစွဲကြတာက အပြတ်အသတ် ပိုများနေတာကို တွေ့ရပါတယ်။


ဖေဖော်ဝါရီလဆန်းက စလို့ မတ်လကုန်အထိ နိုင်ငံရေးကြော်ငြာ ခုရေ စုစုပေါင်း ၅၁၈၁၀ ခုကို Facebook မှာ ကြော်ငြာခဲ့ကြပြီး Google Ads မှာတော့ ၈၃၁ ခုကိုသာ ကြော်ငြာခဲ့ကြပါတယ်။


လက်ရှိ အာဏာရပါတီ BJP ရဲ့ MyGov India အမည်ရှိ Facebook page မှာ ဗဟိုအစိုးရက ကြော်ငြာစရိတ် အများအပြား သုံးစွဲပြီး ကြော်ငြာလျက် ရှိတာမို့ Facebook အတွက် ငွေဝင်လမ်း ဖြောင့်နေစေပါတယ်။

အစိုးရရဲ့ MyGov India အပါအ၀င် top 10 political advertisers တွေထဲမှာ ၈ ခုက BJP နဲ့ နှီးနွယ်နေတဲ့ page တွေဖြစ်ပြီး ရူပီ ၂ ဒသမ ၃ ကုဋေကို Facebook ads အတွက် သုံးထားပါတယ်။


ပါတီတွေကို ၀န်းရံထားတဲ့ Pages တွေလည်း ရှိနေပြီး အဲဒီ Page တွေမှာ ထောက်ခံတဲ့ ပါတီကို အတိအလင်း ပြောဆိုတာ ရှိသလို မပြောဆိုတာလည်း ရှိနေပါတယ်။ အဲဒီ Page တွေမှာလည်း ကြော်ငြာစရိတ်တွေ သုံးစွဲတာ အနည်းနဲ့အများ ရှိနေပါတယ်။

အခုလို Google နဲ့ Facebook တို့က နိုင်ငံရေးမဲဆွယ်မှုအတွက် သုံးစွဲတဲ့ ကြော်ငြာစရိတ်တွေကို ပွင့်လင်းမြင်သာ ထုတ်ပြန်ပေးတာကြောင့် အဲဒီကြော်ငြာအသုံးစရိတ်တွေနဲ့ ပတ်သက်လို့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။ အဲဒီလို ကုန်ကျတဲ့ငွေတွေကို မဲထည့်ရမယ့် ပြည်သူလူထုအတွက် အကျိုးရှိမယ့်နေရာတွေမှာ သုံးစွဲပေးဖို့ စိတ်ကူးမရှိဘူးလားဆိုတဲ့ မေးခွန်းမျိုးတွေ အသံကျယ်ကျယ် ထွက်ပေါ်နေပါကြောင်း။

Read times
Rate this item
(1 Vote)