-->


ကြော်ငြာလုပ်ငန်းအတွက် Graphic ဒီဇိုင်းပြုလုပ်တော့မယ်ဆိုရင်

ကြော်ငြာလုပ်ငန်းအတွက် Graphic ဒီဇိုင်းပြုလုပ်တော့မယ်ဆိုရင် Google

ကြော်ငြာလုပ်ငန်းမှာ ဖန်းတီးဆန်းသစ်ချင်တဲ့ ကပ်ရောဂါဒဏ်ခံနေရပါတယ်။

ကြော်ငြာစာသားဟာ သိပ်အရေးမကြီးတဲ့ ဒီဇိုင်းအဖြည့်ခံလိုသဘောမျိုးထားကြပြီး၊ “မီးခိုးနုရောင်စာလုံးဒီဇိုင်းလေး” ထည့်လိုက်လေဆိုတာမျိုး ပြောကြပါတယ်။ “အရွေ့” တို့ “ဘက်မျှချေ”တို့ရဲ့အရေးပါမှုနဲ့၊ အခြားဆန်းကျယ်လှတဲ့ ဒီဇိုင်းနိယာမတွေအကြောင်းကိုပဲ ထုတ်ဖော်ချီးမွှန်းကြပါတယ်။ ကျွန်တော်က သူတို့ကို KISS လို့ပြောလိုက်ပါတယ်။ Keep it Simple, Stupid - “ရိုးရိုးရှင်းရှင်းပဲထားပါ၊ ခပ်ပိန်းပိန်းပဲထားပါ” ဆိုတာရဲ့ အတိုကောက်ပါ။

Ogilvy & Mather ရဲ့အစောပိုင်းနေ့တွေမှာ မဂ္ဂဇင်းကြော်ငြာအားလုံးအတွက် ရိုးစင်းနဲ့ Layout တစ်ခုတည်းကိုပဲသုံးခဲ့ပါတယ်။ နောက်ပိုင်း၊ ပြိုင်ဖက်အေဂျင်စီက သုံးနေကျ Layout တစ်မျိုတည်းနဲ့ ရှိသမျှ Client တွေကို လုပ်ပေးနေတယ်လို့ ကျွန်တော့်ကိုစွပ်စွဲတဲ့အတွက် နောက်တစ်မျိုးကို ထပ်ဖန်တီးခဲ့ပါတယ်။ ဒီ Layout မှာ Copy အတွက်နေရာများများစားစား ပါလာတယ်။ ဒီ Layout ထက်ကောင်းတာကို ဖန်တီးနိုင်မလားလို့ ခင်ဗျားကိုတောင် စိန်ခေါ်ချင်ပါတယ်။

ဖတ်ရှုသူတွေက ပုံကိုအရင်ကြည့်တာပါ။ နောက်ခေါင်းစီးကိုကြည့်ပါတယ်။ နောက်ဆုံးမှ စာကိုဖတ်ပါတယ်။ ဒါကြောင့်ဒါတွေကို အစဉ်အတိုင်းထားပါ - ပုံက အပေါ်ဆုံးမှာ၊ ပုံပြီးတာနဲ့ ခေါင်းစီး၊ ပြီးရင်စာကိုယ်ထည်ဖြစ်ပါတယ်။ ဒါက လူတွေစာဖတ်ရှုတဲ့ အလေ့အကျင့်ကို လိုက်နာထားပါတယ်။ အပေါ်အောက် တစ်ခုပြီးတစ်ခုလာပါတယ်။ ခေါင်းစီးကို အပေါ်ဆုံးမှာ တင်တာက လူတွေရဲ့ ပုံမှန်အမူအကျင့်ကနေ ခွဲထွက်နေပါတယ်။

ပျမ်းမျှအားဖြင့် ခေါင်းစီးကို ပုံအောက်မှာထားတာက ခေါင်းစီးကိုပုံပေါ်မှာတင်တာထက် ဖတ်ရှုသူ ၁၀% ပိုများပါတယ်။ ဒီတန်ဖိုးလေးကို ခင်ဗျားတန်ဖိုးထားချင်မှ ထားမှာပါ။ ပြောရရင် ဖတ်ရှုသူ သန်း ၂၀ ရဲ့ ၁၀% ဟာ ၂ သန်းဖြစ်ပါတယ်။ သိပ်အံ့သြမနေပါနဲ့ဦး။ မဂ္ဂဇင်းကြော်ငြာ ၅၉% မှာ ခေါင်းစီးတွေက ပုံအပေါ်မှာ ရောက်နေပါတယ်။ တစ်ချို့ငတုံးတွေဆိုရင် ခေါင်းစီးကို စားသားရဲ့ဟိုးအောက်ဆုံးမှာတောင် ထားပါတယ်။

လူအတော်များများက အောက်ကကြော်ငြာစာသားတွေထက် ပုံအောက်ကထိုးထားတဲ့ စာတန်းကို ပိုဖတ်လေ့ရှိပါတယ်။ ဒါကြောင့် ပုံအောက်မှာ စာတန်းမထိုးပဲ ဘယ်တော့မှမသုံးပါနဲ့။ ထိုးတဲ့စာမှာလည်း ကုန်ပစ္စည်းအမည်နဲ့ ပေးမယ့်ကတိကဝတ်ပါရမယ်။ ကြော်ငြာသမားတွေရဲ့ မသိစိတ်မှာ ယုံကြည်နေတာတစ်ခုက ကြော်ငြာဟာကြော်ငြာနဲ့တူရမယ် ဆိုတာပါ။

ဖတ်ရှုသူတွေဆီကို စိတ်စွမ်းအားနဲ့ ပို့လွှတ်ပေးမယ့် ဂရပ်ဖစ်အယူအဆတွေကို ဆရာ့ဆရာတွေဆီက အမွှေဆက်ခံထားကြပါတယ်။ ကြော်ငြာလုပ်ငန်းလုပ်နေတာမို့ အဲ့ဒါတွေ ခေါင်းထဲမထည့်သင့်ပါဘူး။
ကြော်ငြာက ကြော်ငြာနဲ့တူရမယ်ဆိုတဲ့ ဥပဒေမရှိပါဘူး။ အယ်ဒီတာ့အာဘော် စာမျက်နှာနဲ့တူနေရင် ဖတ်တဲ့သူပိုများမယ်။ လူတွေက ကြော်ငြာတွေထက်၊ ဆောင်းပါးတွေကို ပျမ်းမျှ ၆ ဆ ပိုဖတ်ပါတယ်။

ကြော်ငြာအနည်းငယ်ကိုတော့ လူ ၂၀ မှာ ၁ ယောက်လောက်သာ ဖတ်ကြပါတယ်။ ကျွန်တော်ကတော့ အယ်ဒီတာတွေက ကြော်ငြာသမားတွေထက် ပိုပြီးရေးတတ်သားတတ်တယ်လို့ ကောက်ချက်ဆွဲပါတယ်။
လူတွေစိတ်ဝင်စားပြီး အောင်မြင်နေတဲ့ မဂ္ဂဇင်းတွေကို ကြည့်ကြည့်ပါ - အမေရိကန်မှာဆိုရင် တိုမ်းစ် နဲ့ နယူးစ်ဝိခ်၊ ပြင်သစ်မှာဆိုရင် L’Express နဲ့ Le Point, ဂျာမနီမှာဆိုရင် Der Spiegel, အီတလီမှာဆိုရင် L’Espresso, စပိန်မှာဆိုရင် Cambio 16 တို့ဖြစ်ပါတယ်။ သူတို့အားလုံးက ဂရက်ဖစ်တစ်ပုံစံတည်းကိုပဲ သုံးလေ့ရှိပါတယ်

· ပုံထက်စာက အရေးပါတယ်။
· စာတွေကို Serif ဖောင့်နဲ့ ရိုက်တယ်။
· စာလုံးရေ ၃၅ ကနေ ၄၅ အတွင်းပါတဲ့ ကော်လမ် ၃ ခုပါတယ်။
· ပုံတိုင်းမှာ စာတန်းထိုးတယ်။
· ရှေ့ဆုံးစာလုံးတွေကို အကြီးကြီးတွေ [Drop Initial] ဒီဇိုင်းလုပ်တတ်တယ်။
· အဖြူခံပေါ်မှာ အနက်ရောင်စာလုံးရိုက်တယ်။

LinkedIn မှာ Business ရလဒ်အတွက် အကောင်းဆုံးဖြစ်စေမယ့် နည်းလမ်းများ

ဒီမဂ္ဂဇင်းတွေမှာပဲပါတဲ့ ကြော်ငြာတွေကို ကြည့်ရအောင်။ ဒါတွေတွေ့လိမ့်မယ်
· ပုံကိုစာထက် အရေးကြီးတဲ့နေရာမှာထားတယ်။
· စာတွေကိုရံဖန် San-Serif ဖောင့်တွေနဲ့သုံးတယ်။ ဖတ်ရတာ ခက်တယ်။ ကျွန်တော်တို့ဘဝတစ်လျှောက်လုံးက Serif ဖောင့်နဲ့ပဲ စာအုပ်တွေ၊ မဂ္ဂဇင်းတွေ၊ သတင်းစာတွေမှာ ဖတ်လာတာပါ။
· စာသားတွေကို စာလုံးရေ ၁၂၀ ဒါမှမဟုတ် ဒီထက်ပိုရှည်တဲ့ ကော်လမ်နဲ့စီတတ်ပါတယ်။ ဖတ်ရတာ အဆင်မပြေပါဘူး။
· ပုံအချို့မှာပဲ စာတန်းထိုးပါတယ်။ လူအတော်များများက ကြော်ငြာစာသားတွေထက် ပုံစာတန်းထိုးကို ၄ ဆ ပိုဖတ်တယ်ဆိုတာ Art Director တွေက သတိမထားမိလို့ ဖြစ်ပါတယ်။
· ရှေ့ဆုံးစာလုံးအကြီး [Drop Initial] ဒီဇိုင်း အသုံးနည်းပါတယ်။ ဒါက ဖတ်ရှုမှုတိုးစေတယ်ဆိုတာ Art Director တွေသတိမထားမိလို့ဖြစ်ပါတယ်။
· အကြိမ်ရေတော်တော်များများမှာ အနက်ရောက်နောက်ခံပေါ် စာလုံအဖြူရောင်နဲ့ ရေးကြပါတယ်။ ကူပွန်ကိုတောင် ဒီလိုထွင်ကြတာ တွေ့လိုက်ရပါတယ်။ ခင်ဗျားအိမ်မှာသာ မှင်အဖြူရောင်မရှိရင် ဒီကူပွန်ကိုဖြည့်နိုင်မှာမဟုတ်ပါဘူး။

ကိုယ့်ကိုယ်ကို အယ်ဒီတာတစ်ဦးလို့ မြင်ကြည့်လိုက်ရင်၊ ပိုကောင်းတဲ့ ရလာဒ်တွေ ရလာပါလိမ့်မယ်။ တကယ်လို့မဂ္ဂဇင်းကနေ ခင်ဗျားလက်ရာကို ကြော်ငြာတစ်ခုပုံစံခွက်နဲ့ တူအောင်လုပ်ဖို့ တိုက်တွန်းနေရင်တော့? စာလုံးအကြီးတွေချည်းပဲကို အစောင်းနဲ့ရေး အနက်ခံပေါ် အဖြူစာလုံးနဲ့လုပ်လိုက်၊ ဘယ်သူမှဖတ်မရတော့ဘူး။

ပြင်သစ်က FCB-Impact အေဂျင်စီက တခြားအေဂျင်စီတွေထက်ပိုကောင်းတဲ့ ကြော်ငြာတွေအမြဲလုပ်တတ်ပါတယ်။ သူတို့လုပ်တဲ့ ဘယ်ကြော်ငြာကမှ ကြော်ငြာနဲ့မတူဘူး။ Copywriter ဖြစ်တဲ့ Pierre Lemonnier နဲ့ နှစ်ပေါင်းများစွာ Art Director လုပ်လာတဲ့ Philippe Saalburg တို့ကို လေးစားပါတယ်။ ကျွန်တော့်နည်းစနစ်ကိုယူကြပြီး ပိုကောင်းအောင်လည်း ကြိုးစားခဲ့ကြပါတယ်။ ကြော်ငြာလုပ်ငန်းအတွက် ဂရက်ဖစ်ဒီဇိုင်းစံနှုန်းထားတွေကို လစ်လျှရှုပြီး၊ အယ်ဒီတာ့အာဘော်ပုံစံ ကြိုးစားကြည့်မယ်ဆိုရင် ခင်ဗျားရဲ့ကမ်ပိန်းဟာ ခက်ထန်တဲ့သမုဒ္ဒအလယ်က သာယာနာပျော်ဖွယ်ကျွန်းလေး ဖြစ်လာပါလိမ့်မယ်။

ရံဖန်ရံခါမှာ Layout ဒီဇိုင်းတွေကို ဘုတ်မှာပင်နဲ့တွဲပြီး အစည်းအဝေးထိုင်၊ အတည်ပြုကြပါတယ်။ ဒီဇိုင်းနဲ့ စစ်တဲ့လူတွေနဲ့ ၁၅ ပေလောက်ဝေးပါတယ်။ ဒါမျိုးက ပိုစတာတစ်ခုကို စစ်ဆေးနေတာနဲ့ တူပါတယ်။ မမြင်ရဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ခေါင်းစီးတွေကို ၇၂ ပွိုင့်နဲ့ရေးစေပါတယ်။ ဒီစာလုံးအရွယ်အစားက သတင်းစာ၊ မဂ္ဂဇင်းကိုပုံမှန်ဖတ်ရှုတဲ့ မျက်လုံးနဲ့အကွာအဝေး လက်မ ၂၀ လောက်နဲ့ဆို ဖတ်ရခက်စေတယ်။


မျက်နှာခြင်းဆိုင် ၂ မျက်နှာယူတာက ကုန်ရကျိုးနပ်ရဲ့လား။ ပုံမှန်အားဖြင့် တစ်မျက်နှာထက် နှစ်မျက်နှာတွဲက ၂ ဆပိုကုန်ပါတယ်။ ဒါပေမယ့် လူ ၂ ဆပိုဖတ်ဖို့၊ ရောင်းအား ၂ ဆရဖို့ ဆိုတာ ခဲယဉ်းပါတယ်။ တစ်ခါတစ်လေမှာတော့ ၂ မျက်နှာတွဲယူရခြင်းရဲ့ လက်တွေ့အကြောင်းပြချက်ရှိနေပါတယ်။ ကုန်ပစ္စည်းက ရှည်နေတာ၊ Horizontal ပြမှကောင်းမှာတို့ ဖြစ်ပါတယ်။ ဒါပေမယ့် ၁၀ ကြိမ်မှာ ၉ ကြိမ်ကတော့ Art Director တွေရဲ့ သူတို့ဒီဇိုင်းတွေကို ကြီးပြီးခန့်နေတာ၊ လှနေတာမြင်ချင်တဲ့ ကိုယစိတ်ကိုယ် အလိုလိုက်တာကြောင့်ဖြစ်ပါတယ်။ မချွင်းမချန်ပြောရရင် ၂ မျက်နှာတွဲယူမယ့် ငွေနဲ့ ပုံမှန်ကြော်ငြာ ၂ ခါထည့်လို့ရပါတယ်။ ရလာဒ်အနေနဲ့ ဖတ်ရှုမိတဲ့အကြိမ်ရေလည်း ၂ ဆ တိုးစေပါလိမ့်မယ်။

Peter Soe Moe ( Ogilvy on Advertising by David Ogilvy )
Myanmar Advertising Directory

Read 151 times
Rate this item
(1 Vote)