-->
×

Warning

JUser: :_load: Unable to load user with ID: 29


ကာပူချီနိုတစ်ခွက် ကျသင့်ငွေကို ဘယ်သူ ရသွားသလဲ

ခင်ဗျားက စတားဘတ် ကော်ဖီဆိုင်တစ်ဆိုင်မှာ ထိုင်ရင် ကာပူချီနို တစ်ခွက်ကို သောက်နေတယ် ဆိုပါစို့။

အမြှုပ်တစ်စီစီ ထနေတဲ့ ကာပူချီနို သောက်ရင်း ဇိမ်ကျနေတဲ့ ခင်ဗျားနဲ့ ခင်ဗျားရဲ့ လက်ထဲမှ ကာပူချီနိုကို စီးပွားရေးပညာ အမြင်ရှိတဲ့သူက မြင်တဲ့အခါ ရှုပ်ရှုပ်ထွေးထွေးကစားပွဲတစ်ခုထဲ ရောက်နေတဲ့ ကစားသမားများကို ရှုမြင်တယ်။ အရိပ်အခြည်တွေနဲ့ ဆွေးနွေးညှိနှိုင်းခြင်းများ၊ အားစမ်းခြင်းများ၊ ဉာဏ်ကစားခြင်းများ စတာတွေနဲ့ ယှဉ်ပြိုင်နေတဲ့ ကစားပွဲထဲမှာ ခင်ဗျားနဲ့ ခင်ဗျားသောက်နေတဲ့ ကာပူချီနိုတို့ ရောက်နေတယ်။ 

ကစားပွဲက လောင်းကြေးမြင့်တယ်။ ခင်ဗျားရဲ့ ရှေ့မှောက် ကောက်ဖီတစ်ခွက် ရောက်လာတာမှာ တချို့က ငွေတွေ အများကြီး ရတယ်။ တချို့က နည်းနည်းလေးပဲ ရတယ်။ တချို့က ခင်ဗျားရဲ့ ပိုက်ဆံအိတ်ထဲမှ ပိုက်ဆံတွေကို ရဖို့ လိုက်နေကြတုန်း ဖြစ်ပါတယ်။

စီးပွားရေးပညာအမြင်ရှိတဲ့သူက ဘယ်သူက ဘာကို ရမလဲ၊ ဘယ်လောက် ရမလဲ၊ ဘာကြောင့် အဲဒီဟာကို အဲဒီလောက် ရတာလဲ ဆိုတာတွေကို ပြောပြပေးနိုင်တယ်။

ခင်ဗျားသောက်နေတဲ့ ကော်ဖီနဲ့ပတ်သက်လို့ စီးပွားရေးပညာ အမြင်ရှိတဲ့သူက ဘာတွေ သိထားသလဲ။
သူက ကာပူချီနိုကို ဘယ်လို လုပ်ရသလဲဆိုတာ မသိဘူး။ သူ့လိုပဲ မသိကြတဲ့သူတွေ အများကြီး ဆိုတာကို သူသိတယ်။ ကာပူချီနို သောက်နေတဲ့ ခင်ဗျားလည်း ကာပူချီနိုကို ဘယ်လို လုပ်ရသလဲဆိုတာ မသိပါဘူးဆိုတာကို သူသိတယ်။
ကော်ဖီပင် စိုက်တတ်တယ်။ ကော်ဖီအသီးဆွတ်ခူး တတ်တယ်။ အစေ့လှော်တတ်တယ်။ အစေ့ကို အမှုန့်ကြိတ်တတ်တယ်။ ကော်ဖီနှပ်စက်ထဲ နှပ်တတ်တယ်။ နောက်ဆုံး မတ်ခွက်ထဲ ကော်ဖီခွက်ထဲ အမြှုပ် တစီစီထနေတဲ့ ကော်ဖီတစ်ခွက် အဖြစ်သို့ ရောက်အောင် လုပ်တတ်တယ်။ အဲဒါတွေ အကုန်လုံး အစကနေ အဆုံးအထိ သိထား တတ်ထားတဲ့သူ ရှားပါးတယ်ဆိုတာ သူသိတယ်။
ဘာလို့ ရှားပါးရသလဲဆိုတော့ ခင်ဗျားလက်ထဲ ကာပူချီနိုတစ်ခွက် ရောက်လာဖို့ တစ်ဦးတစ်ယောက်တည်းက လုပ်ကိုင်ပေးဖို့ဆိုတာ မဖြစ်နိုင်တဲ့ကိစ္စ ဖြစ်နေတယ်။ အဆင့်ဆင့် လုပ်ရကိုင်ရတာတွေက ရှုပ်ထွေးနေတယ်။ ပါဝင်ပတ်သက်သူတွေရဲ့ ကြိုးပမ်းအားထုတ်မှုတွေ စုပေါင်းထားတဲ့ ရလဒ်အဖြစ် ရလာတဲ့ ကော်ဖီတစ်ခွက်ဆိုတာကို စီးပွားရေး ပညာအမြင်ရှိထားသူက သိတယ်။ အဲဒီ ပါဝင်ပတ်သက်ကြတဲ့သူတွေ အကုန်လုံးရဲ့ အချုပ်အဖြစ် ဦးစီးတဲ့သူ မရှိဘူးဆိုတာလည်း သူသိတယ်။

တစ်ချိန်တုန်းက ဗဟိုဦးစီးစနစ်ဖြင့် ချုပ်ကိုင်လုပ်ကိုင်တဲ့ ကွန်မြူနစ်စနစ်ကျင့်သုံးတဲ့ ဆိုဗီယက်မှ တာဝန်ရှိပုဂ္ဂိုလ်တွေကို အနောက်တိုင်းရဲ့ လုပ်ပုံကိုင်ပုံ စနစ်အကြောင်း ပြည့်ပြည့်ဝဝ နားလည်ဖို့ ကြိုးစားတာမှာ စီးပွားရေးပညာရှင် Paul Seabright ကို မေးမြန်းတယ်။
“ကျနော်တို့ကို ပြောပြပါ။ လန်ဒန်မြို့တော်မှာ နေထိုင်တဲ့ လူဦးရေကို ပေါင်မုန့်တွေ ရကြဖို့ ဘယ်သူက ဦးစီးပြီး လုပ်ကိုင်ပါသလဲ”
မေးခွန်းက ဆိုဗီယက်မှာ ဆိုရင်တော့ အရာရာကို ဗဟိုဦးစီးစနစ် ကျင့်သုံးတာဆိုတော့ ဘယ်ဝန်ကြီးက တာဝန်ယူပြီး လုပ်ကိုင်တယ်ဆိုပြီး ပြောလို့ ရပေမဲ့ လန်ဒန်မှာတော့ တာဝန်ယူ ဦးစီးပြီး လုပ်ပေးတဲ့သူ တစ်ဦးတစ်ယောက်မှ မရှိဘူး။ ဒီတော့ မေးခွန်းက အဓိပ္ပာယ် မရှိတဲ့ မေးခွန်း ဖြစ်နေတယ်။ ဘယ်သူကမှ ခေါင်းအရှုပ်ခံပြီး လုပ်ပေးမှာ မဟုတ်ဘူး။ ပါဝင်ပတ်သက်သူတွေရဲ့ ကြိုးပမ်းအားထုတ်မှုတွေ စုပေါင်းထားတဲ့ ရလဒ်အဖြစ် မြို့နေလူထု ပေါင်မုန့် ရရှိကြတာသာ ဖြစ်တယ်။

စီးပွားရေးပညာအမြင်ရှိတဲ့သူတွေက သူတို့ရဲ့ ဝန်းကျင်မှာ ဖြစ်ပေါ်နေတာတွေအကြောင်းကို အမြဲမပြတ် တွေးပေးနေတာမှာ သူတို့ ရောက်ရှိနေတဲ့ နေရာကိုသာ ကန့်သတ်မထားပါဘူး။
ခင်ဗျား ကာပူချီနို ထိုင်သောက်နေတဲ့ ဆိုင်ရဲ့ မျက်နှာချင်းဆိုင်မှာ စာအုပ်ဆိုင်တစ်ခု ရှိနေတယ် ဆိုပါစို့။
စီးပွားရေးပညာအမြင်ရှိတဲ့သူတွေက စဉ်းစားကြည့်တဲ့အခါ အဲဒီစာအုပ်ဆိုင်နဲ့ ဖွံ့ဖြိုးပြီး နိုင်ငံမှာ ရှိတဲ့ စာအုပ်ဆိုင်တို့အကြား ကွာခြားချက်ကို သူ ပြောပြနိုင်တယ်။ စာအရမ်းဖတ်ချင်နေတဲ့သူတွေ ရှိပေမဲ့ ဖတ်ဖို့ စာအုပ်တွေ များများစားစား မရှိတဲ့နေရာမျိုးတွေ ရှိနေတာကိုလည်း သူပြောပြလိမ့်မယ်၊
ကမ္ဘာ့ချမ်းသာတဲ့ နိုင်ငံတွေနဲ့ ကမ္ဘာ့ဆင်းရဲတဲ့နိုင်ငံတွေအကြား ကွာဟချက်က ကြီးမားလွန်းနေတယ်။
အခုလို ကွာခြားနေရတာ မတရားသဖြင့် ဖြစ်နေတာလို့ ခင်ဗျား တွေးမိမယ်။ စီးပွားရေးပညာအမြင်ရှိတဲ့သူတွေက ခင်ဗျားကို ပြောပြမယ်။ ချမ်းသာတဲ့နိုင်ငံတွေက ချမ်းသာနေကြပြီး ဆင်းရဲတဲ့နိုင်ငံတွေက ဆင်းရဲနေကြတာ ဘာကြောင့်လဲဆိုတာ သူ ပြောပြမယ်။ ဘာလုပ်သင့်သလဲဆိုတာကိုလည်း သူပြောပြမယ်။
စီးပွားရေးတစ်ရပ်လို့ ပြောတဲ့ လူမှုအဖွဲ့အစည်း ကြီးကြီးမားမားတွေမှာ ပါဝင်နေသူတွေ၊ ပြိုင်ဘက်အဖြစ် ရှိနေကြသူတွေ၊ အကျိုးတူအဖြစ် ရှိနေကြသူတွေ အဲဒီလူတွေအကြောင်းကို နားလည်ဖို့ သူ ပြောပြမယ်။
သူတို့သိထားတဲ့ စီးပွားရေးပညာဟာ စီးပွားရေးရာသက်သက်မျှသာ မဟုတ်ကြောင်း သူ ပြောပြမယ်။ ဒေါ်လာလဲနှုန်း၊ ငွေဖောင်းပွမှု စတာတွေပဲ သက်ဆိုင်တာ အကျုံးဝင်တာ မဟုတ်ဘူး။ စီးပွားရှာ လုပ်ငန်းတွေလောက်နဲ့တင် မပြီးဘူး။ စိတ်ပညာလည်း ပါတယ်။ နောက်ခံသမိုင်းကြောင်းလည်း ပါတယ်။ ဆန္ဒမဲ ပေးတာလည်း ပါတယ်။ ကျင့်သုံးနေတဲ့ ဥပဒေတွေလည်း ပါတယ်။ တစ်ပတ်ရစ်ကားသန့်သန့် တစ်စီးကို ခင်ဗျား ဘာလို့ ဝယ်မစီးနိုင်ရတာလဲ ဆိုတာလည်း ပါတယ်။
အဲဒီလို ကျယ်ပြန့်နေတော့ ကြီးမားတဲ့ကိစ္စတွေကို မြင်အောင် ကြည့်လို့ ရတယ်။ တရုတ်နိုင်ငံမှာ သန်းချီတဲ့သူတွေကို ဆင်းရဲတွင်းမှ လွတ်မြောက်အောင် ဘယ်လို ဆွဲတင်ပေးခဲ့သလဲ ဆိုတာကို ကြည့်လို့ မြင်တယ်။
အဲဒီလို အကြောင်းအရာ စုံစုံလင်လင် ပါဝင်နေတော့ အသေးအမွှားကိစ္စတွေကိုလည်း ကျနော်တို့ ကြည့်လို့ ရတယ်။ စူပါမားကက်မှာ ဈေးဝယ်တဲ့အခါ ငွေကုန်မများအောင် ဘယ်လို ရှောင်ကြဉ်ရမလဲ ဆိုတာမျိုးကိုလည်း ကြည့်လို့ ရတယ်။
စူးစမ်းလေ့လာဖို့ ကိရိယာတွေကို သုံးစွဲပြီး စုံထောက်တစ်ယောက်လို အတွင်းကျကျသိအောင် လုပ်လို့ ရတယ်။
နေ့စဉ်ဘဝမှာ ပဟေဠိတွေ ရှိနေတယ်။ မသိရသေးတဲ့ လျှို့ဝှက်ချက်တွေ ရှိနေတယ်။ အဖြေတွေအတွက် မေးခွန်းတွေ ရှိနေတယ်။
ဥပမာ မေးခွန်းတစ်ခုက ခင်ဗျား အခုသောက်နေတဲ့ ကာပူချီနိုအတွက် ကျသင့်ငွေကို ဘယ်သူ ရသွားသလဲ။

(ဆက်လက်တင်ဆက်ပါဉီးမယ်)

Read times
Rate this item
(0 votes)