-->


အဖြေကို လွယ်လွယ်လေး ပေးလို့ မရဘူး

ကာပူစီနိုတစ်ခွက် လွန်ရောကျွံရော ကုန်ကျစရိတ်က  ၁ ဒေါ်လာ အောက်မှာပဲ ရှိတယ်။

တစ်ခွက် ၂.၅၅ ဒေါ်လာဖြင့် ရောင်းနေတယ်။ အကြမ်းအားဖြင့် အမြတ် ၁ ဒေါ်လာခွဲ ရှိနေတာ ဘယ်သူ ရသလဲဆိုတဲ့ မေးခွန်းကို အဖြေ လွယ်လွယ်လေး ပေးလို့ မရဘူး။

အဓိကအကြောင်းရင်းက ဘာလဲဆိုတော့ စတားဘတ်က ကာပူချီနို ကော်ဖီတစ်ခွက် ၂.၅၅ ဒေါ်လာ ယူတာ အနီးအနားမှာ ကော်ဖီဆိုင် တစ်ဆိုင်မှ မရှိတာကို အကြောင်းပြုပြီး ဈေးတင်ရောင်းနေတာ မဟုတ်ဘူး။ အနားမှာ ကာပူချီနို ကော်ဖီတစ်ခွက် ၂ ဒေါ်လာနဲ့ ရောင်းနေတဲ့ဆိုင် မရှိလို့ မဟုတ်ဘူး။ 

နောက်ထပ် စဉ်းစားစရာတစ်ခုက စတားဘတ် ရောင်းကောင်းနေတာကို သိလို့ အနားမှာ အပြိုင်အဆိုင်လုပ်ပြီး ကော်ဖီဆိုင်လာဖွင့်တဲ့ဆိုင် တစ်ဆိုင်မှ ဘာလို့ မရှိရတာလဲ။ Howard Schultz ရဲ့ ကော်ဖီစီးပွားကို အောက်ဈေးနဲ့ ဈေးကွက်ဝေစု လုယူမယ့် စိတ်ကူး ရှိလို့ မဟုတ်ဘဲ ကာပူချီနို ကော်ဖီ ဖျော်ရောင်းရတာ  လွယ်ကူတာကြောင့် ကော်ဖီရောင်းကောင်းတဲ့ ဘူတာရုံအထွက်နေရာမှာ ကော်ဖီဆိုင် လာဖွင့်တာ မရှိရတာ ဘာကြောင့်လဲ။ 

သောက်လို့ရတဲ့ ကာပူချီနို ဖျော်ပုံတွေ အများကြီး ရှိတယ်။ ခံတွင်းထဲရောက်ရင် ပြန်ထွေးထုတ်ချင်မိတဲ့ ကာပူချီနိုဖျော်ပုံတွေလည်း အများကြီး ရှိတယ်။ ဒါပေမဲ့ သောက်လို့ကောင်းမယ့် ကာပူချီနိုဖျော်ဖို့ မခဲယဉ်းပါဘူး။ ကော်ဖီနှပ်စက်ကလည်း မဝယ်နိုင်ရင်တော့ ကော်ဖီမှုန့်ဖြန့်ဖြူးတဲ့ လုပ်ငန်းဆီမှာ ငှားပြီးသုံးလို့ရတယ်။ ကုန်ကြမ်း ကော်ဖီမှုန့်ကို သူ့လုပ်ငန်းထံမှသာ ရယူဖို့ပဲ လိုတယ်။ ဈေးရောင်ဖို့ ကောင်တာတစ်ခု၊ ကော်ဖီနှပ်စက်တစ်လုံး လူနေဖို့တို့အတွက် နေရာအကျယ်ကြီး မလိုပါဘူး။ တစ်ခမ်းတနားကြီး ဖြစ်လို့လည်း မလိုပါဘူး။ သန့်ရှင်းသပ်ရပ်နေရင် ပြီးတာပဲ။ brand တစ်ခု ထူထောင်ဖို့လည်း မလိုတာမို့ ကြော်ငြာဖိုးတွေ သုံးနေဖို့ မလိုဘူး။ လုပ်ခ ကောင်းကောင်းပေးရတဲ့ အဖျော်ဆရာတွေ ခန့်ထားဖို့လည်း မလိုပါဘူး။ စတားဘတ်နဲ့ မလှမ်းမကမ်းမှာ ကော်ဖီဆိုင်တစ်ဆိုင် ဖွင့်ဖို့ဆိုတာ အကုန်အကျ သိပ်များမှာ မဟုတ်ဘူး။

ဒါပေမဲ့ ဘူတာရုံမှ လူစီးကြောင်း စီးထွက်လာရင် ခလုတ်တိုက်မိမယ့်နေရာတစ်ခုမှာ ကော်ဖီဆိုင်ကို ဖွင့်ဖို့ ဆိုင်ခန်းငှားဖို့ စလုပ်တဲ့အချိန်မှာ ကော်ဖီဆိုင်တစ်ဆိုင်ကို ဒီနားတစ်ဝိုက် ဖွင့်ဖို့ဆိုတာ အတော်မလွယ်ပါလားဆိုတာ စသိလိုက်ရမယ်။ 

အမှန်အတိုင်း မြင်ကြည့်မယ်ဆိုရင် စတားဘတ် ကော်ဖီဆိုင်ရဲ့ အရေးအပါဆုံး အားသာချက်က ဆိုင်တည်နေရာ ဖြစ်ပါတယ်။ နေ့စဉ် အလုပ်တက်ဆင်းတဲ့သူတွေ အများအပြား လမ်းလျှောက်ဖြတ်သန်းသွားတဲ့နေရာမျိုးတွေမှာ ကော်ဖီဆိုင်တွေကို ဖွင့်ထားတယ်။ လူစည်းကားတဲ့ လမ်းထောင့်တစ်နေရာရာမျိုးမှာ ဖွင့်တယ်။ ဘူတာရုံမှ ထွက်လာကြတဲ့သူတွေ ဖြတ်သွားမယ့်နေရာမျိုးမှာ ဖွင့်တယ်။ အဲဒီလို နေရာမျိုးတွေကို စတားဘတ်ဖြစ်ဖြစ် သူ့ပြိုင်ဘက်တွေထဲမှ လုပ်ငန်းတစ်ခုခုကဖြစ်ဖြစ် အရယူထားကြတယ်။ 

ဝါရှင်တန် ဒီစီ မှာ တည်ရှိတဲ့ကော်ဖီဆိုင် တချို့ကို ကြည့်ကြမယ်။ ဒူပွန့်ဆာကဲမက်ထရို မြေအောက်ရထားဘူတာရုံအထွက်နေရာနဲ့ ၁၀ ကိုက်အတွင်းမှာ ရှိတဲ့နေရာတစ်ခုမှာ Cosi ဆိုတဲ့ ကော်ဖီဆိုင် ရှိတယ်။ ဖာရာဂတ် နော့သ် မက်ထရို မြေအောက်ဘူတာရုံ အထွက်နေရာမှာ စတားဘတ် ကော်ဖီဆိုင် ရှိတယ်။ ဖာရာဂတ် ဝက်စ် မက်ထရို မြေအောက်ဘူတာရုံ အထွက်နေရာမှာလည်း စတားဘတ် ကော်ဖီဆိုင် ရှိတယ်။ ဘူတာရုံထဲကနေ ထွက်လာပြီး အင်တာနေရှင်နယ် စကွဲယား ပလာဇာထဲကို ဝင်ကြတဲ့ လူစီးကြောင်းပေါ်မှာ ရှိနေတာ ဖြစ်ပါတယ်။ နယူးယောက်မြို့ ပင်န်ဘူတာရုံနားမှာ Seattle Coffee Roaster ကော်ဖီဆိုင် ရှိတယ်။ တိုကျိုမြို့ ရှင်ဂျုကူ ဘူတာရုံအထွက်မှာ စတားဘတ် ကော်ဖီဆိုင် ရှိတယ်။ လန်ဒန်မြို့ ဝါတားလူး ဘူတာရုံနားမှာလည်း ရုံသေးသေးလေးနဲ့ ရောင်းနေတဲ့ AMT ကော်ဖီဆိုင် ရှိတယ်။ တစ်နှစ်တာကာလမှာ ဆိုင်နား ဖြတ်လျှောက်သွားတဲ့သူ ဦးရေ ၇၄ သန်း  ရှိတယ်။ 

စတားဘတ်က ကော်ဖီကြိုက်တဲ့ ပရိသတ်ကို ညှို့ငင်ပြီး ဆိုင်ထဲ ရောက်လာစေတယ်ဆိုရင် ကော်ဖီသမားတွေက ခရီးတိုတစ်ခုကို တကူးတက လမ်းလျှောက်သွားပြီး စတားဘတ်ဆိုင်မှာ ကော်ဖီလာဝယ်သောက်ကြလိမ့်မယ်။ လူသွားလူလာ များပြားတဲ့နေရာမျိုးကိုမှ ရွေးချယ်ပြီး လမ်းကြုံလို့ ဝင်ဝယ်သောက်တာမျိုးကို အရေးလုပ်နေဖို့ မလိုဘူး။ ချောင်ကျကျနေရာမျိုးမှာ ဆိုင်ဖွင့်ထားလို့ရမယ်။ အခုတော့ လူစည်းကားရာနေရာ၊ ရုံးတက်ရုံးဆင်း ဖြတ်သန်းသွားတဲ့သူတွေ များပြားတဲ့နေရာမျိုးတွေမှာ ဆိုင်ဖွင့်ထားတယ်။ ရောင်းဈေးကို မြင့်မားထားနိုင်တာဟာ စတားဘတ်ရဲ့ ကော်ဖီက ကောင်းလွန်းလို့ ဈေးတင်ရောင်းလည်း အလုပ်ဖြစ်နေတာ မဟုတ်ဘူး။ ဆိုင်ဝန်ထမ်းတွေ ဆက်ဆံရေးကောင်းလွန်းပြီး ဈေးရောင်းတော်လွန်းလို့လည်း မဟုတ်ဘူး။ အနီးအနားမှာ ကာပူချီနိုတစ်ခွက် ၂ ဒေါ်လာနဲ့ ရောင်းနေတဲ့ဆိုင် မရှိလို့ စတားဘတ်က ၂.၅၅ ဒေါ်လာဈေးနဲ့ ရောင်းနေတာ မဟုတ်ဘူး။ ဘာကြောင့် အဲဒီဈေးနဲ့ ရောင်းနေတာလဲဆိုတော့ ဆိုင်ရဲ့ တည်နေရာကြောင့် ဖြစ်ပါတယ်။

အဓိကကျတာက ဆိုင်ရဲ့ တည်နေရာ ဖြစ်ပါတယ်။

အဲဒီ ဆိုင်တည်နေရာကို ဘယ်သူက ထိန်းချုပ်ထားသလဲ။

Read times
Rate this item
(0 votes)