-->
×

Warning

JUser: :_load: Unable to load user with ID: 29


Unilever ရဲ့ ရေခဲမုန့် အောင်ပွဲခံ မားကက်တင်း မဟာဗျူဟာ

Unilever ၏ မူလအစတွင် ရေခဲမုန့်စက်ရုံလုပ်ငန်းတစ်ခု ပါဝင်ပတ်သက်ခဲ့သည်။ 

 

 

Thomas Wall သည် အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ရှိ မိသားစုလုပ်ငန်းဖြစ်သော T. Wall & Sons အမည်ရှိ အသားဆိုင်တွင် နေပူဒဏ်အောင် ဈေးလာဝယ်သူများကို မြင်နေတွေ့နေရာမှ စိတ်ကူးတစ်ခု ရခဲ့သည်။ ကုမ္ပဏီမှ အထူးထုတ်လုပ်ထားသော အသားအူချောင်းများ အဝယ်မလိုက်သည်ကို ထေမိစေရန် အပူဒဏ်ကို ဖြေဖျောက်ဖို့ ရေခဲမုန့် ထုတ်လုပ်ရောင်းချရန် ဖြစ်သည်။ ထိုစိတ်ကူးအကြံကို ၁၉၁၃ ခုနှစ် နွေရာသီတွင် ရရှိခဲ့သည်။

 

၁၉၂၂ ခုနှစ်တွင် အမေရိကန်မှ ရေခဲသေတ္တာများ အင်္ဂလန်သို့ တင်ပို့ရောင်းချသည့်အခါကျမှ သူ့အကြံကို အကောင်အထည်ဖော်ဖို့ ဖြစ်လာသည်။ လန်ဒန်မြို့အနောက်ပိုင်းတွင် ရေခဲမုန့်စက်ရုံ ထူထောင်သည်။ မြင်းလှည်းတစ်စီးဖြင့် မြို့ပတ်ပြီး ရေခဲမုန့် ရောင်းသည်. ထို့နောက်တွင် ဆိုက်ကားများဖြင့် ရေခဲမုန့်အရောင်းသမားများ သုံးစွဲပြီး လှည့်လည်ရောင်းချခဲ့ရာ ၁၉၃၉ ခုနှစ်တွင် ဗြိတိန်နိုင်ငံရှိ လမ်းများပေါ်တွင် ရေခဲမုန့် ဆိုက်ကားများ အစီး ၈,၅၀၀ လှည့်လည် ရောင်းချနေသည့် အခြေအနေသို့ တိုးတက် ရောက်ရှိခဲ့သည်။


ဝေါရေခဲမုန့်သည် လူသိများသည့် ရေခဲမုန့် ဖြစ်နေပြီ ဖြစ်သည်။ ဝေါ၏ အောင်မြင်နေသော ရေခဲမုန့်လုပ်ငန်းကို ဆန်းလိုက်ဆပ်ပြာ ရောင်းချနေသည့် Lever Brothers က ဝယ်လိုက်သည်။ ထိုနောက် ၁၉၃၀ ခုနှစ်တွင် ဒတ်ချ်ကုမ္ပဏီ Margarine Unie နှင့် ပေါင်းလိုက်ကြပြီး အင်္ဂလိပ်-ဒတ်ချ် ကုမ္ပဏီကို Unilever ဟူသောအမည်ဖြင့် ထူထောင်လိုက်ကြသည်။

 

အင်္ဂလိပ်-ဒတ်ချ် ကုမ္ပဏီ Unilever သည် Klondike နှင့် Ben & Jerry's အပါအဝင် ရေခဲမုန့်လုပ်ငန်း နှစ်ဒါဇင်ကို ဝယ်ယူခဲ့သည်။ ကိုယ်ပိုင်ရေခဲမုန့်ကို Magnum ဖြင့် လုပ်ကိုင်သည်။ ကမ္ဘာတစ်လွှားတွင် နိုင်ငံပေါင်း ၆၃ နိုင်ငံတို့တွင် ရေခဲမုန့် ရောင်းချလျက် ရှိသည်။ ကမ္ဘာ့ရေခဲမုန့်ရောင်းအား၏ ငါးပုံတစ်ပုံကို ဈေးကွက်ဝေစု ရရှိထားသည်။ ပြိုင်ဘက် လုပ်ငန်း ၄ခု စုစုပေါင်းထက် ဝေစုပိုကြီးမားသည်ဟု ဈေးကွက်သုတေသနလုပ်ငန်း Euromonitor ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

 

Unilever သည် ရေခဲမုန့်လောကတွင် ဘုရင်တစ်ဆူ ဖြစ်နေပြီဆိုသည်မှာ အငြင်းပွားစရာ မလိုချေ။ သို့သော် ကိုဗစ် ကပ်ဘေးကြီးက အရှိန်တက်နေသည်။ လော့ဒေါင်းများ ဆက်ရှိနေသည်။ ယခင်လို သမားရိုးကျ နည်းလမ်းများဖြင့် ရေခဲမုန့်ကို ရောင်းရန် မဖြစ်နိုင်တော့ချေ။ Unilever သည် တစ်ချိန်တစ်ခါ က သုံးခဲ့သော ဆိုက်ကားဖြင့် နယ်လှည့်ရောင်းသည့် စိတ်ကူးကို အကောင်အထည် ပြန်ဖော်သည်။

 

ရေခဲမုန့် ဆိုင်ရှိရာသို့ ဝယ်စားမည့်သူများ လာဖို့မလို။ ဝယ်စားမည့်သူများ ရှိရာသို့ ရေခဲမုန့် လာရောင်းပေးမည်။ ထိုနည်းလမ်းတွင် ဖြည့်စွက်ချက် တစ်ခု ထပ်တိုးလိုက်သည်။ ရေခဲမုန့် စားလိုလျှင် မှာလိုက်ပါ လာရောင်းပေးမည်။ Unilever သည် တန်ဖိုးအကြီးမားဆုံး ရေခဲမုန့်အမှတ်တံဆိပ် ၁၀ တွင် ၅ ခုကို ပိုင်ဆိုင်ထားသည်။ လူသိများသော Breyers, Cornetto, Carte d'Or နှင့် Ben & Jerry's တို့ကို ပိုင်ဆိုင်ထားသည်။ သို့သော် ရေခဲမုန့် အင်ပါယာသည် ထိုအမှတ်တံဆိပ် အမည်များ၏ ဟိုမှာဘက်အထိ ရောက်ဖို့ လိုသည်။

 

နိုင်ငံအလိုက် ထင်ရှားသော ရေခဲမုန့် အမှတ်တံဆိပ်များ ရှိနေသည်။

 

စပိန်နိုင်ငံတွင် Frigo

အိန္ဒိယနိုင်ငံတွင် Adityaa

မက္ကဆီကိုနိုင်ငံတွင် Holanda

ဂျာမနီနိုင်ငံတွင် Langnese

ဖိလစ်ပိုင်နိုင်ငံတွင် Selecta

တောင်အာဖရိကနိုင်ငံတွင် Ola

အီကွေဒေါနိုင်ငံတွင် Pingüino / ထိုအမှတ်တံဆိပ်များကို ယှဉ်ပြိုင်အနိုင်ယူဖို့ လိုအပ်သည်။

 

လတ်တလော နှစ်များအတွင်း Unilever သည် ဆန်းသစ်တီထွင်မှုများ အားကောင်းသော ပြိုင်ဘက်များကို တွန်းထုတ်ထားနိုင်ရန် ပရီမီယံ ရေခဲမုန့်များကို အမှတ်တံဆိပ်အမည်သစ်များဖြင့် ထုတ်လုပ်သည်။ အီတလီစတိုင် ရေခဲမုန့်များ၊ ရှာလပတ်ရည်စတိုင် ရေခဲမုန့်များ အဆန်းထွင်ပြီး ထုတ်လုပ်သည်။ အမေရိကန်တွင် Talenti ၊ အီတလီတွင် Grom ၊ ဩစတေးလျတွင် Weis စသော အမည်များဖြင့် ထုတ်သည်။ အမည်များသည် မကြားဖူးသဖြင့် စိမ်းနေမည် ဖြစ်သော်လည်း အမည်သစ်နှင့်အတူ ဆန်းသစ်တီထွင်မှုအသစ်ကို ရချင်သူများအတွက် ရည်ရွယ်သည်။

 

Unilever လက်ထဲ ကိုင်ထားသော အနိုင်ဖဲချပ်မှာ ကုမ္ပဏီမှ မူရင်းမူလအဖြစ် ထုတ်လုပ်သော Magnum ရေခဲမုန့် ဖြစ်သည်။  Magnum သည် ကမ္ဘာပေါ်တွင် အရောင်းရဆုံး ရေခဲမုန့်ဖြစ်သည်။ ယခုနှစ်တွင် အမေရိကန်ဒေါ်လာ ၃.၈ ဘီလျံ ရောင်းရမည်ဟု မျှော်လင့် ထားသည်။ နောက်ထပ် ရောင်းအားကောင်းသည့် brand များမှာ Cornetto (အမေရိကန်ဒေါ်လာ ၂.၄ ဘီလျံ ) and General Mills' (GIS) Häagen-Dazs (အမေရိကန်ဒေါ်လာ ၃.၂ ဘီလျံ ) တို့ ဖြစ်သည်။

 

Unilever သည် Magnum ရေခဲမုန့်ကို အလေးအနက်ထားပြီး ထုတ်လုပ်ခဲ့သည်။ ကလေးများအတွက် ဆိုသည်ထက် လူကြီးများလည်း စားကြအောင် ရည်ရွယ် လုပ်ကိုင်ခဲ့သည်။ရေခဲမုန့်နှင့် ရေခဲချောင်းတို့သည် ကလေးများ စားကြသည့် သွားရည်စာ ဖြစ်ခဲ့ရာမှ လူကြီးများက တစ်ခုတ်တရဖြင့် စားကြသည့် အဖြစ်သို့ရောက်အောင် Unilever က ပြုပြင်ပြောင်းလဲပေးခဲ့သည်။ ပင်လယ်ကမ်းခြေ နေပူပူမှာ အအေးစာ ရေခဲမုန့် ရေခဲချောင်း အပျော်စားကြခြင်းအစား ရာသီမရွေး နေရာမရွေး ရေခဲမုန့်ကို အရသာခံပြီး စားကြအောင်လည်း Unilever က ပြုပြင်ပြောင်းလဲပေးခဲ့သည်။အရွယ်ရောက်ပြီးသူ လူကြီးများ ရေခဲမုန့် စားလာကြသည့်အခါ ရေခဲမုန့်လုပ်ငန်းကဏ္ဍသည် ပြောင်းလဲသွားသည်။ လူကြီးကြိုက်ဖြစ်အောင် ဉီးတည် ထုတ်လုပ်ကြရသည်ဖြစ်ရာ ကျန်းမာရေးနှင့် ပိုမိုညီညွှတ်အောင် ထုတ်လုပ်ကြရသည်။

 

အပိုင်းအကန့်တိုင်းအတွက် ရေခဲမုန့် အမျိုးမျိုး

 

Unilever က ဈေးကွက်ကို အသက်အရွယ် အပိုင်းအခြားအရ ပိုင်းကန့်ပြီး ကွက်ကြားလုပ်ကိုင်ခြင်း မပြုဘဲ ရေခဲမုန့်ဈေးကွက် တစ်ခုလုံးကို ချိန်ရွယ် လုပ်ကိုင်သည်။ ထို့အတွက် ရေခဲမုန့် brand ၃၅ ခု ဖြင့် လုပ်ကိုင်သည်ဖြစ်ရာ အရွယ်အစား စုံသည်။ ပုံပန်းသဏ္ဍာန်လည်း စုံလင်သည်။ ထုပ်ပိုးပုံလည်း အမျိုးစုံလင်သည်။ မည်သည့် အခါသမယအတွက်မဆို ဆီလျော်သည့် ရေခဲမုန့် အမျိုးအစား brand ရှိနေစေသည်။

 

သဘာဝ သစ်ခွရနံ့သတ်ရေခဲမုန့်မှအစ ပန်းသီးရေခဲမုန့်အထိ အစုံအလင် ရှိသည်။ ဈေးသက်သာသော ရေခဲမုန့်များလည်း ရှိသည်။ ရေခဲချောင်းများလည်း အမျိုးမျိုး ရှိသည်။ ညဉ့်နက်မှာ အဆာပြေစားဖို့ အရွယ်သေးသေး Magnum Bites ရှိသည်။ ဈေးကြီးသည့် ပရီမီယံ အတန်းအစား ရေခဲမုန့်များလည်း ရှိသည်။ကိုဗစ်ကြောင့် အိမ်တွင်းအောင်းကြရသည့်အခါ ယခင်က မစားဖြစ်သည်များကို မှာစားဖြစ်ကြသည်။ အိမ်မှာ ရေခဲမုန့် မှာစားကြသည့် မိသားစုများ များပြားနေသည်။ သို့ဖြစ်ရာ ရေခဲမုန့် ရောင်းအား ထိုးတက်သည်။ Unilever ၏ ရေခဲမုန့် အမျိုးမျိုးတို့ ရောင်းအားတက်သည်။ ဧပြီလနှင့် ဇွန်လအတွင်း ၂၆% တိုးခဲ့သည်။ နောက်ထပ် သုံးလပတ် ဇူလိုင်လမှ စက်တင်ဘာလအတွင်း ၁၆% ထပ်တိုးသည်။

 

လော့ဒေါင်းချထားခြင်းများကြောင့် လူအများတို့သည် အွန်လိုင်းမှ မှာစားကြသည်။ Unilever ၏ e-commerce လုပ်ငန်းကဏ္ဍလက်တံက အွန်လိုင်းဈေးခင်းသစ်ထဲ နေရာယူထားပြီးသား ဖြစ်သည်။ မှာကြားသည့်ဆီသို့ ရေခဲမုန့် အရောက်ပို့ပေးသည့်စနစ်ဖြင့် ရေခဲမုန့်များ ရောင်းချသည်။ ရေခဲမုန့် ထုတ်လုပ် ဖြန့်ဖြူးရသည်မှာ ပညာသားပါသည်။ ထောက်ပံ့ပို့ဆောင်ရေးသည် လျင်မြန်သွက်လက်ဖို့ လိုသည်။ ရေခဲမုန့် အရည်မပျော်ခင် မှာကြားသူများ လက်ထဲ ရောက်အောင် ပို့ပေးဖို့ အရေးကြီးသည်။

 

တစ်ဘက်၌ အခြေအနေအရပ်ရပ်ကြောင့် ဝယ်လိုအား ကောင်းလာနေစဉ် အခြားတစ်ဘက်၌ ရေခဲမုန့်ကောင်းကောင်းကို ထုတ်လုပ်ဖို့ ကြိုးစားရသည်။ စားသုံးသူလက်ထဲ အကောင်းဆုံး အခြေအနေဖြင့် ရောက်ရှိအောင် ကြိုးပမ်းရသည်။  ရေခဲမုန့် လုပ်ငန်းသည် လွန်ခဲ့သည့် နှစ်ပေါင်း ၁၀၀ ခန့်က Thomas Wall လုပ်ကိုင်ခဲ့သည်နှင့် မတူတော့ချေ။ ရေခဲမုန့်အတွက် လိုအပ်သော ထည့်သွင်းရမည့် ပစ္စည်းအမယ်များ စုံစုံလင်လင် အလွယ်တကူ ရနိုင်နေပြီ ဖြစ်သည်။ နည်းပညာပိုင်းတွင်လည်း ဖွံ့ဖြိုးတိုးတက်ခဲ့ပြီ ဖြစ်သည်။ အရသာအမျိုးမျိုး ရနံ့အမျိုးမျိုး ဖန်တီးနိုင်သည်။ ပုံစံအမျိုးမျိုး လုပ်ကိုင်နိုင်သည်။

 

Unilever သည် ယူကေနှင့် အိုင်ယာလန် ဈေးကွက် နှစ်ခုမှာပင်လျှင် ရေခဲမုန့်နှင့် ရေခဲချောင်း အမျိုးပေါင်း ၄၃၁ ခု ထုတ်လုပ်ရောင်းချလျက် ရှိသည်။ Unilever ၏ ကိုယ်ပိုင်ပင်တိုင်ဖြစ်သော Magnum အမည်ဖြင့် ထုတ်သော ရေခဲမုန့်သည် ခွက်၊ ဘူး၊ ရေခဲချောင်း အကြီးအသေး အစရှိသည်တို့ကို တစ်နှစ်လျှင် အရသာ ၃၅ မျိုးဖြင့် ထုတ်လုပ်ပေးနေသည်။

 

ပညာသားပါသော ထုတ်လုပ်ပုံ

 

နမူနာအဖြစ် Cornetto ရေခဲမုန့်ကို ကြည့်လျှင် ဝေဖာကန်တော့ချွန်ဖြင့် ထည့်ပြီး အပြင်မှ အလုံထုပ်ပိုးပေးထားသည်။ ရေခဲမုန့်မှာ သစ်ခွရနံ့သတ်သည့် ရေခဲမုန့်ထဲတွင် ဟေဇယ်စေ့များ ထည့်ပေးထားသည်။ အပြင်လွှာမှာ ချော့ကလက်ဖြင့် ကာပေးထားသည်။

 

Cornetto ice cream cones in a freezer in Bangkok, Thailand in December 2019.

 

Cornetto ကို ထုတ်လုပ်ရသည်မှာ အတော်ရှုပ်ထွေးသည်။ အရည်ကြိုထားသော ပူပူလောင်လောင် ပါသလို အေးခဲထားသည်ကို ရောထည့်ရသည်လည်း ပါသည်။ ရေကြိုက်သောအရာများ ပါသလို ရေနှင့်မတည့်သောအရာများလည်း ပါသည်။ သဘာဝ မတူကြသည်များကို ကန်တော့ချွန်ဝေဖာခွက်ထဲ ရေခဲမုန့်အဖြစ် တည်ရှိနေအောင် လုပ်ပေးထားရသည်။ Cornetto ကု စတင်ထုတ်လုပ်စဉ်က ဝေဖာ ကန်တော့ချွန်ခွက်သည် သတ်မှတ်သက်တမ်း မပြည့်ခင်မှာပင် မာမာချာချာ မဖြစ်တော့ဘဲ ပျော့အိ ရွှပ်ပက်သွားသည့် အဖြစ်ကို ကြုံရသည်။ အင်ဂျင်နီယာအဖွဲ့က နည်းလမ်းများ ရှာကြံပြီး ထုတ်လုပ်မှု လုပ်ငန်းစဉ်ကို ပြုပြင်ပေးခဲ့ကြသည်။

ဓာတုအင်ဂျင်နီယာ Veitch က “ ရေခဲမုန့်က အတော်ရှုပ်ထွေးပါတယ်။ လုပ်ရကိုင်ရတာ အင်မတန် ခက်ခဲတယ်။ ထုတ်လုပ်တဲ့ လုပ်ငန်းစဉ်မှာ အတိမ်းအစောင်းမခံတဲ့ အဆင့်တွေ ရှိတယ်။ အထိမခံဘူး။ အရသာနဲ့ အရည်အသွေးကို ထိခိုက်သွားနိုင်တဲ့ အဆင့်တွေ ရှိတယ်” ဟု မှတ်ချက်ပြုသည်။

 

Twister ice cream lollipops on an assembly line in a Unilever factory in Konya, Turkey.

 

အိမ်အရောက်ပို့

 

Unilever သည် ရာသီမရွေး ရေခဲမုန့် စားကြရန် လွယ်ကူဖို့ ရေခဲမုန့် ရောင်းသည့်ဆိုင်ကို ရှာဖို့မလိုဘဲ အိမ်မှ မှာစားနိုင်ကြစေဖို့ Ice Cream Now အမည်ဖြင့် အိမ်တိုင်ရာရောက် ရေခဲမုန့် ပေးပို့သည့် ဝန်ဆောင်မှုကို လုပ်ဆောင်ခဲ့ရာ ကိုဗစ်ကာလတွင် ရောင်းအား ထိုးတက်သွားစေခဲ့သည်။

မြို့ကြီးပေါင်း ၁၀၀ ကျော်တွင် အိမ်တိုင်ရာရောက် ရောင်းချပေးနေပြီး အခြားစားစရာလုပ်ငန်းများ ဖြစ်သော Uber Eats, DoorDash, Grubhub (GRUB), Just Eat (JSTTY) and Domino's Pizza (DMPZF) အစရှိသည်တို့နှင့်လည်း လက်တွဲထားသည်။ ပီဇာစားပြီး အချိုတည်ဖို့ ရေခဲမုန့်ကို တစ်ပါတည်း မှာနိုင်စေသည်။ မိနစ် ၃၀ အတွင်း အရောက်ပို့ပေးသည်။ စက်ဘီးများဖြင့် ပေးပို့ခြင်းအပြင် လေထဲပျံသန်းပြီး ဒရုန်းများဖြင့်လည်း ပို့ပေးသည်။

 

အိမ်မှ မှာစားသည့် ဈေးကွက်သည် လျင်မြန်စွာ ကြီးထွားလာနေစဉ် ရေခဲမုန့်ကို အိမ်မှာပဲနေပြီး အိမ်မှ မှာစားသည့် ဈေးကွက်သည်လည်း ကြီးထားလာနေသည်။ Euromonitor က ခန့်မှန်းထားသည်မှာ ယခုနှစ်တွင် အိမ်အရောက်ပို့ ရေခဲမုန့်ဈေးကွက်သည် အမေရိကန်ဒေါ်လာ ၁.၇ ဘီလျံ အထိ ဖြစ်လာလိမ့်မည်။

Read times
Rate this item
(0 votes)