-->


ဝန်ဆောင်မှုက ပုံစံခွက်ထဲ ရောက်နေသလား

ဝန်ဆောင်မှုက ပုံစံခွက်ထဲ ရောက်နေသလား

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ကြော်ငြာတာတွေ၊ အရောင်းမြှင့်တင်တာတွေ မလုပ်ခင် ဝန်ဆောင်မှုကို အရင်ဆန်းစစ်ပါ။

ကိုယ့်ကုမ္ပဏီရဲ့ ဝန်ဆောင်မှုကို အများတကာထက် သာတယ်လို့ ထင်မှတ်မှားနေသလား ဆန်းစစ်ပါ။ 

သူလိုငါလို ပျမ်းမျှသာမန်အဆင့်မှာ ရောက်နေသလား ဆန်းစစ်ပါ။ 

ဝန်ဆောင်မှု ညံ့ဖျင်းနေရင် ကောင်းအောင် အရင်လုပ်ထားပါ။ သာမန်အဆင့်ဆိုရင်လည်း ပိုကောင်းအောင် အရင်လုပ်ပါ။

ဝန်ဆောင်မှု အဆင့်အတန်းကို အကဲဖြတ်ပါ။ ဘယ်လိုအဆင့်အတန်းမျိုးဖြစ်ရမယ် ဆိုတာ ချမှတ်ပါ။ 

ဝန်ဆောင်မှုရဲ့ အရည်အသွေးကို များသောအားဖြင့် လုပ်ငန်း ကုမ္ပဏီဘက်မှ ဆုံးဖြတ်ကြတယ်။

လုပ်ငန်းမှ ရောင်းချတာတွေကို ဝယ်ယူမယ့်သူတွေဘက်မှ မကြည့်ဖြစ်ကြဘူး။

.

ကြော်ငြာတစ်ခု ဖန်တီးလိုက်တယ်။

ကြော်ငြာ ကြံဆဖန်တီးသူအများစုက “ဒါက တကယ်ကောင်းတဲ့ ကြော်ငြာတစ်ခု” လို့ ပြောကြတဲ့အခါ စိတ်ကူးကောင်းတာ၊ လက်ရာမြောက်တာ၊ စာသားကောင်းတာ စသည်တို့ကို ဆိုလိုပါတယ်။ အဲဒီကြော်ငြာကြောင့် ကြော်ငြာရှင်ရဲ့ လုပ်ငန်းအတွက် တကယ်ကောင်းတဲ့ ကြော်ငြာလို့ မဆိုလိုပါဘူး။

.

ကောင်းခြင်းလက္ခဏာများ၊ စံနှုန်းများ၊ အဆင့်ရှိမရှိ ဆုံးဖြတ်ထားတာ ဘယ်သူက ဘယ်ရှုထောင့်မှ ကြည့်ပြီး ဆုံးဖြတ်ထားတာလဲ။

.

လုပ်ငန်းက လူတွေက ဆုံးဖြတ်တာလား။ လုပ်ငန်းနယ်ပယ်က ဆုံးဖြတ်တာလား။ 

ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူတတ်တဲ့ အတ္တက ဆုံးဖြတ်တာလား။

ဝယ်ယူမယ့် အလားအလာရှိသူတွေက ဆုံးဖြတ်တာလား။

.

တကယ့်လက်တွေ့မှာ ဝန်ဆောင်မှု အဆင့်အတန်း အကဲဖြတ်တာ ဝယ်ယူသူတွေ ဖြစ်ပါတယ်။ ဝန်ဆောင်မှုက သူတို့အဖို့ ကျေနပ်အားရတယ်။ တန်ဖိုးထားတယ်။ အသုံးတည့်တယ်။ အဆင်ပြေအောင် ကူညီပေးရာ ရောက်တယ်။ 

 

ဘဏ်တစ်ခုမှာ ဘာလုပ်မှာလဲ ဆီးကြိုပြီး မေးတယ်။ ဖောင်ဖြည့်စရာ ရှိတာ ဖြည့်ပေးတယ်။ လက်မှတ်ထိုးရုံပဲ။ တိုကင်နံပါတ် စာရွက်ပေးတယ်။ ကောင်တာမှာ အလှည့်ကျတဲ့ နံပါတ် မီးလင်းပြီးပြတယ်။ လိုအပ်ရင် ပါးစပ်နဲ့ နံပါတ်အော်ခေါ်ပေးတယ်။ ကိုယ်ဘယ်သူဘယ်ဝါ နာမည်ဘယ်လိုခေါ်တယ် ဘာမှ မပေါက်ကြားဘူး။

နံပါတ်က အစဉ်အတိုင်း ပေါ်နေတယ်။ ကိုယ့်အလှည့် နီးပြီလား မှန်းလို့ရတယ်။ နောက်မှ ရောက်လာပြီး ကိုယ့်အရင် ရသွားတာမျိုး မရှိဘူး။ အရင်လာ အရင်ရ first come first serve ဆိုတာ သေချာတယ်။

နောက်ဘဏ်တစ်ခုမှာ ကိုယ်က ဘာလုပ်ချင်တာလဲ ပြောပြပြီး ဖောင်တောင်းရတယ်။ ဖောင်ကို ကိုယ့်ဘာသာကိုယ် ဖြည့်ရတယ်။ ပြီးရင် ပလတ်စတစ်ခြင်းလေးထဲ သွားထည့်ပြီး ထပ်ထားရတယ်။ အလှည့်ကျသူကို နာမည်ခေါ်တယ်။ ကိုယ့်ရှေ့ ဘယ်နှရောက် ရှိနေလဲ မသိရ။ ကိုယ့်နာမည် ရှိရှိသမျှ လူတွေ အကုန်ကြားရတယ်။

.

တချို့ဝန်ဆောင်မှုတွေက ခေတ်ဟောင်းက ပုံစံဟောင်းကို အမွေဆက်ခံထားကြတယ်။ ဘယ်လိုပင် ကောင်းအောင်လုပ်သော်လည်း ပုံစံခွက်ကြောင့် အဆင့်မြင့်တက်မလာနိုင်ဘူး။ 

ဝန်ဆောင်မှု အဆင့်အတန်း အကဲဖြတ်တဲ့အခါ ပုံစံခွက်ထဲမှာ ရောက်နေသလားဆိုတာ ဆန်းစစ်ဖို့ အရေးကြှီးပါတယ်။

ဘဏ်လုပ်ငန်း သုံးစွဲသူတွေက ပုံစံခွက် ဝန်ဆောင်မှုရဖို့ မမျှော်လင့်ကြပါဘူး။

ဝန်ဆောင်မှု အဆင့်အတန်း အကဲဖြတ်တဲ့အခါ ဝယ်ယူသူတွေ၊ သုံးစွဲသူတွေ မျှော်လင့်ထားကြတဲ့ အဆင့်အတန်းကို ပြည့်မီရဲ့လား အကဲဖြတ်ပါ။ မျှော်လင့်ထားတာထက် အတိုင်းထက်အလွန် ဖြစ်အောင် အဆင့်အတန်း ရှိရဲ့လား ဆန်းစစ်ပါ။

စားသုံးသူတွေ မျှော်လင့်ထားတဲ့ အဆင့်အတန်းက တစ်နှစ်ထက် တစ်နှစ် ပိုပိုမြင့်လာနေပါတယ်။ ပိုခေတ်မီတာကို လိုလားကြတယ်။ သူတို့ရဲ့ စိတ်ထဲမှာ စံအဆင့်အတန်း တိုင်းတာတဲ့ ပေတံ ရှိနေတယ်။

သူတို့က သင့်လုပ်ငန်းကို အကဲဖြတ်ကြပါတယ်။ သူတို့ရဲ့ အကဲဖြတ်ချက်တွေက လုပ်ငန်းရဲ့ အဆင့်အတန်းကို အဆုံးအဖြတ်ပေးပါတယ်။

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Read times
Rate this item
(0 votes)