အဲဒါကြောင့်မို့လို့ ခြေတုန်လက်တုန်နဲ့ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်နေမှာ သေချာပါတယ်။ ဒီစိတ်ကပဲ တစ်ခါတလေ အလွဲလွဲချော်ချော်တွေဖြစ်သွားအောင် လုပ်နိုင်စွမ်းရှိပါတယ်။ တိကျသေချာတဲ့အဖြေတွေကို ဒိုးဒိုးဒေါက်ဒေါက် ပြန်ပြီးဖြေကြားနိုင်ဖို့နဲ့ ပထမဆုံးတွေ့မြင်ရတဲ့ ကျွန်မတို့တွေရဲ့ ပုံရိပ်ကောင်းမွန်ဖို့ ဆိုတဲ့အခါ ဒီလိုစိတ်မတည်ငြိမ်မှုတွေကို တက်နိုင်သလောက် လျှော့ချနိုင်မှဖြစ်ပါလိမ့်မယ်နော်။ ဒီတော့ အလုပ်အင်တာဗျူးဝင်ခါနီး ဖြစ်နေတဲ့ စိတ်မတည်ငြိမ်မှုတွေကို ဘယ်လိုထိန်းသိမ်းလို့ရလဲ ကြည့်ရအောင်။
လမ်းလျှောက်ပါ
အင်တာဗျူးကို လမ်းလျှောက်သွားခိုင်းတာမဟုတ်ပါဘူးနော်။ အင်တာဗျူးမ၀င်ခင် စောင့်နေတဲ့အချိန်မျိုးမှာ စင်္ကြန်နည်းနည်းလျှောက်နေလိုက်ပါ။ လေကောင်းလေသန့်ခံလို့ရတဲ့နေရာဆို ပိုအဆင်ပြေပါတယ်။ အသက်ဝဝရှုခြင်းက စိတ်ဖိစီးမှုကို ပြေပျောက်စေပြီး လမ်းလျှောက်ခြင်းကလည်း လူကို တည်တည်ငြိမ်ငြိမ်ဖြစ်စေပါတယ်။
S.T.O.P နည်းလမ်းကို အသုံးပြုပါ
အရမ်းစိတ်ဖိစီးနေတဲ့အချိန်တွေ၊ စိတ်လှုပ်ရှားနေတဲ့အချိန်တွေမှာ S.T.O.P နည်းလမ်းကို အသုံးပြုရပါတယ်။ S ကတော့ “Stop” ပါ။ ဟိုဟိုဒီဒီလွင့်နေတဲ့စိတ်တွေကို ရပ်လိုက်ပါ။ T ကတော့ “Take Breaths” ပါ။ အသက်ရှုရပါမယ်။ အသက်ရှုဖို့တောင် မေ့နေတယ်ဆိုတာမျိုးမဖြစ်မခံဘဲ အသက်ဝဝရှုပါ။ O ကတော့ “Observe” ပါ။ ကိုယ့်ရဲ့ စိတ်နဲ့ ခန္ဓာအားလုံးကို ဂရုစိုက်ပါ။ P ကတော့ “Proceed” ပဲဖြစ်ပါတယ်။ ကိုယ့်ရဲ့ ခြေမကိုင်မိလက်မကိုင်မိ အခြေအနေကို ပြန်လည်သုံးသပ်ပြီးပြီဆိုရင် ကိုယ့်ကိုယ်ကိုယ် ပြန်လည်ဖြေလျှော့ဖို့ လိုအပ်ပါတယ်။
အဆိုးဆုံးအတွက်ပြင်ဆင်ထားပါ
အလုပ်အင်တာဗျူးသွားဖြေမယ့်သူတွေကို တစ်ခုပဲ အကြံပေးချင်ပါတယ်။ အဲဒါကတော့ “အကောင်းဆုံးအတွက် ကြိုတင်ပြင်ဆင်ပြီး အဆိုးဆုံးအတွက် ပြင်ဆင်ထားဖို့ပါပဲ။”။ ဒီအလုပ်မရခဲ့ရင်လည်း ငါဘာဆက်လုပ်မယ်။ ငါ့စိတ်ကို ဘယ်လိုနှစ်သိမ့်မယ်စသည်ဖြင့် အဆိုးဆုံးကိုလည်း ရင်ဆိုင်နိုင်အောင် ပြင်ဆင်ထားပါ။ အလုပ်ဆိုတာ ကံနဲ့လည်းဆိုင်ပါသေးတယ်။ တော်တိုင်းလည်း မရပါဘူး။
ကြိုတင်ပြင်ဆင်ပါ
ကြိုတင်ပြင်ဆင်မှုမရှိတဲ့ အလုပ်တွေဟာ ဘယ်အလုပ်မှ အောင်အောင်မြင်မြင် ပြီးမြောက်နိုင်မယ်မထင်ပါဘူး။ အင်တာဗျူးဝင်တဲ့အခါ လိုအပ်တဲ့ စာရွက်စာတမ်းတွေ၊ စကားတွေနဲ့ အ၀တ်အစားကအစ သေသေသပ်သပ်ဖြစ်နေအောင် ကြိုတင်ပြင်ဆင်ထားလိုက်ပါ။ ဒီလိုပြင်ဆင်မှုဟာ သင် အလုပ်ရဖို့ ရာခိုင်နှုန်းဝက်သေချာစေပါတယ်။
မနက်စာကောင်းကောင်းစားထားပါ
ရင်တုန်ပန်းတုန်ဖြစ်ရတာ မနက်စာမစားလို့လည်း ပါပါတယ်။ ဗိုက်မဝရင် ပိုပြီး စိတ်မတည်ငြိမ်ပါဘူး။ ဒါကြောင့် မနက်စာကို ၀၀လင်လင်စားထားဖို့လိုအပ်ပါတယ်။ ဘယ်လောက်ပဲ စိတ်လှုပ်ရှားနေပါစေ။ အစားစားဖို့ မမေ့ပါနဲ့။ အင်တာဗျူးပြီးမှ စားမယ်လို့လည်း မလုပ်ပါနဲ့။ မသွားခင်ကတည်းက ဝအောင်စားထားပါ။
ဒါလေးတွေကတော့ အင်တာဗျူးသွားဖြေမယ့်သူတွေ မှတ်သားထားသင့်ပါတယ်။ တစ်ခါတလေ တချို့လူတွေက တော်ရဲ့တတ်ရဲ့သားနဲ့ စိတ်လှုပ်ရှားမှုကြောင့်ပဲ လွဲချော်သွားတတ်လို့ပါ။ အားလုံးပဲ ကိုယ်လိုချင်တဲ့အလုပ်အကိုင်အခွင့်အလမ်းတွေကို ရရှိကြပါစေနော်။
Credit;Akhayar