Life Hacks

သင်ခေါင်းဆောင်တစ်ယောက်ဖြစ်နိုင်လား?

Read 469 times
သင်ခေါင်းဆောင်တစ်ယောက်ဖြစ်နိုင်လား?

နောက်လိုက်တွေကို အကောင်းဆုံး ဦးဆောင်ပဲ့ကိုင်နိုင်တဲ့ အရည်အချင်း ရှိတဲ့သူဟာ ခေါင်းဆောင်ကောင်းလို့ ဆိုလို့ရပါတယ်။ ဒီတော့ခေါင်းဆောင်တစ်ယောက် ဖြစ်ဖို့ ဆိုရင် ဘာလိုမလဲ?
ဟုတ်ကဲ့.. ခေါင်းဆောင်တစ်ယောက်ဖြစ်ဖို့ဆိုရင် ခေါင်းဆောင်တစ်ယောက်မှာ ရှိသင့်တဲ့ အရည်အသွေးမျိုးတွေကို ကျင့်ကြံဖို့လိုပါမယ်။ ဒီအရည်အသွေးတွေဟာ မီလျံနာသူဌေးကြီးကနေစပြီး အတန်းပညာစုံအောင် မတတ်တဲ့သူတွေထိ ကျင့်ကြံလို့ရပါတယ်။

(၁) ခေါင်းဆောင်မှုဆိုတာ သင်ယူလေ့လာခြင်းကစတယ်

ခေါင်းဆောင်ဆိုတာ မွေးကတည်းက သူရဲကောင်းတစ်ယောက်လို အလိုလျောက်ဖြစ်လာတာမဟုတ်ပါဘူး။ ကိုယ်သာ ခေါင်းဆောင်တစ်ယောက် ဖြစ်ချင်စိတ်ရှိပြီး ခေါင်းဆောင်မှုစွမ်းရည်တွေကို သင်ယူလေ့လာ ကျင့်သုံးနေမယ်ဆိုရင် လူတိုင်း ခေါင်းဆောင်တစ်ယောက် ဖြစ်လာနိုင်ပါတယ်။

(၂) နောက်လိုက်တွေအပေါ် အားကိုးပါ

ခေါင်းဆောင်ဆိုတာ အရာရာတိုင်း၊ တာဝန်တိုင်းကို သူတစ်ယောက်တည်းရဲ့ ပုခုံးမှာ ထမ်းထားရုံနဲ့ မလုံလောက်ပါဘူး။ သူတစ်ယောက်တည်း အရည်အချင်းရှိနေရုံနဲ့ မပြီးသေးပါဘူး။ သူ့နောက်လိုက်တွေ၊ အဖွဲ့သားတွေရဲ့ အရည်အသွေးတွေ တိုးတက်လာအောင် လုပ်ဖို့လည်း သူ့မှာ တာဝန်ရှိပါတယ်။ နောက်လိုက်တွေအပေါ် ယုံကြည်မှုအပြည့်နဲ့ အားကိုးတတ်ဖို့လည်း လိုပါတယ်။

(၃) သင်ပြရမယ် သင်ယူရမယ်

ခေါင်းဆောင်တစ်ယောက်ဟာ ကိုယ်သိ၊ ကိုယ်တတ်ထားတာကို ဝေမျှဖို့ ဝန်လေးနေလို့မရပါဘူး။ ကိုယ့်နောက်လိုက်တွေအတွက် ကိုယ့်မှာရှိထားတဲ့အရာမှန်သမျှကို ပေးဆပ်ဖို့ အမြဲအဆင်သင့်ဖြစ်နေရပါမယ်။ ဒါတင် မကသေးပါဘူး။ သင်ယူဖို့လည်း အမြဲ အားထုတ်နေရပါမယ်။ ကိုယ့်ထက် စီနီယာတွေဆီက သင်ယူရမှာဖြစ်သလို တစ်ခါတစ်ရံမှာတော့ ကိုယ့်နောက်လိုက်တွေဆီကပါ သင်ယူဖို့ လိုအပ် လာတာ မျိုးတွေလည်း ရှိတတ်ပါတယ်။

(၄) ခေါင်းဆောင်ဆိုတာ အရှင်သခင်မဟုတ်ပါ

ခေါင်းဆောင်ဆိုတာ နောက်လိုက်တွေရဲ့ အရှင်သခင်မဟုတ်ပါဘူး။ နောက်လိုက်တွေရဲ့ အားကိုးရာ ဦးဆောင်သူပါ။ ဒီအဓိပ္ပာယ်နှစ်ခုကို ကွဲကွဲပြားပြား သိဖို့လိုပါမယ်။ ကိုယ်ဟာ အရှင်သခင်ဖြစ်ချင်တာလား။ ခေါင်းဆောင် ဖြစ်ချင်တာလား။

(၅) ဟန်ဆောင်တတ်ရမယ်

လူသားမှန်ရင် ဝမ်းနည်းတတ်တယ်။ လူသားမှန်ရင် အားငယ်တတ်တယ်။ လူသားမှန်ရင် စိတ်ဓါတ်ကျတတ် တယ်။ ဒါပေမယ့် သင်ဟာ ခေါင်းဆောင်တစ်ယောက် လုပ်တော့မယ်ဆိုရင်တော့ နောက်လိုက်တွေရှေ့မှာ ဝမ်းနည်းလို့ မရပါဘူး။ အားငယ်လို့မရဘူး။ စိတ်ဓါတ်ကျလို့မရဘူး။ သူတို့အတွက် စံနမူနာကောင်းတစ်ယောက် ဖြစ်ဖို့လိုသလို သူတို့ကို စိတ်ဓါတ်ခွန်အား မြှင့်တင်ဖို့ကလည်း သင့်ရဲ့တာဝန်တစ်ခုပါပဲ။
(၆) ခွင့်လွှတ်တတ်ရမယ်
နောက်လိုက်တွေရဲ့ အမှားအယွင်းတွေအတွက် အငြိုးအတေးထားတတ်ရင် သင်ဟာ ခေါင်းဆောင်ကောင်းမ ဟုတ်တာ သေချာပါတယ်။ သူတို့ရဲ့ အမှားတွေအတွက် ခွင့်လွှတ်တတ်ဖို့လည်း လိုပါမယ်။

(၇) ခေါင်းဆောင်ဖြစ်ချင်ဖို့ပဲလိုတယ်

ခေါင်းဆောင်တစ်ယောက်ဖြစ်ဖို့ ဘာလိုလဲလို့ တည့်တည့်မေးလာရင်တော့ ခေါင်းဆောင်တစ်ယောက် ဖြစ်ချင် စိတ်ရှိဖို့ လိုတယ်လို့ပဲ ပြောရမှာပါပဲ။ သင့်မှာသာ ခေါင်းဆောင်ဖြစ်ချင်စိတ် တကယ်ရှိရင် သင်ဟာ ခေါင်းဆောင် တစ်ယောက်အဖြစ် ရပ်တည်ခွင့်ရဖို့ အခွင့်အရေးအတော်များသွားပါပြီ။

Read-ကျွန်တော်တို့အားလုံးအတုယူရမယ့် အိုဘားမားရဲ့ မဟာဗျူဟာကဘာလဲ???

Source; အောင်မြင်ခြင်း၏ သော့ချက်များ