Business Marketing

ကလေးသာသာအရွယ်နဲ့ သန်းကြွယ်သူဌေးဖြစ်နေတဲ့ ကောင်မလေးနှစ်ယောက်

Read 17 times
ကလေးသာသာအရွယ်နဲ့ သန်းကြွယ်သူဌေးဖြစ်နေတဲ့ ကောင်မလေးနှစ်ယောက်

သူဌေးမလေးတွေ ဖြစ်နေပါပြီ။

သူတို့ဟာ Minneapolis ကောင်တီရှိ မြို့လေးတစ်မြို့မှာနေထိုင်ပါတယ်။ ဘာတွေများလုပ်လို့ ကလေးသာသာအရွယ်နဲ့ ခုလိုချမ်းသာသွားတာလဲဆိုတော့ MLM တွေလုပ်၊ မဲတွေစုလို့ မဟုတ်ပါဘူး။

 ဖြတ်လမ်းနည်းတွေကိုလည်း သူတို့မစဉ်းစားပါဘူး။ Da Bomb Bath Fizzers လို့ နာမည်ပေးထားတဲ့ ရေချိုးခန်းသုံး ပစ္စည်းလေးတွေကို ကိုယ်တိုင်ပြုလုပ် ရောင်းချပြီး ခုလိုချမ်းသာလာတာ ဖြစ်ပါတယ်။

သူမတို့နှစ်ယောက် ဒီအလုပ်ကိုစလုပ်ဖြစ်တာက 2013 ခုနှစ်ကပါ။ ညီအစ်မနှစ်ယောက်က ရေချိုးခန်းထဲ ထည့်သုံးတဲ့ Bath Bomb လေးတွေကို ကိုယ်တိုင်ပြုလုပ်ဖို့တွေးမိကြပါတယ်။

အဲ့ဒီအချိန်တုန်းက Isabel Bercaw က ၁၂နှစ်၊ Caroline က ၁၀နှစ်သာရှိပါသေးတယ်။

 

ညီအစ်မနှစ်ယောက်က ဒီလိုidea ရသွားတော့ သူတို့မြို့မှာရှိတဲ့ ဈေးရောင်းပွဲတော်တစ်ခုမှာ စာရင်းပေးပြီး လူကြီးတွေဆီက ပိုက်ဆံနည်းနည်းချေးယူလိုက်ပါတယ်။

သူတို့အိမ်မြေအောက်ခန်းထဲမှာ Bath Bomb လေးတွေစလုပ်ပြီး ဈေးရောင်းပွဲတော်မှာရောင်းတော့ ပထမတစ်ရက်နဲ့တင် အခု ၁၅၀ လုံးရောင်းကုန်သွားတယ်။

သူတို့က ပျော်လည်းပျော် မျက်လုံးလည်းပြူးသွားပါတယ်။"ဒီလိုရောင်းရတော့ ထိတ်ထိတ်ပျာပျာဖြစ်ခဲ့တယ်" လို့ Caroline ကပြောပါတယ်။

ဈေးရောင်းပွဲတော်က နှစ်ရက်ဆိုတော့ နောက်တစ်ရက်အတွက် Bath Bomb လေးတွေမနားမနေလုပ်ကြရပြန်ပါတယ်။

ဒီတစ်ခါတော့ မိဘတွေကပါ မနေသာတော့ပဲ ကူညီရတော့တာပါ။ ဒုတိယတစ်ရက်မှာလည်း သူတို့ထုတ်ကုန်လေးတွေ ရောင်းကုန်သွားပြန်တော့ ချေးထားတဲ့ပိုက်ဆံလည်းပြန်ပေး ဈေးရောင်းပွဲတော်ကဆိုင်ခန်းဖိုးလည်းပြန်ဆပ်သွားနိုင်တာပေါ့။

အပိုထွက်လာတဲ့ ပိုက်ဆံတွေနဲ့ ဒီအလုပ်ကိုဆက်လုပ်ဖို့ သူတို့ဆုံးဖြတ်လိုက်ကြပါတယ်။ သူတို့မြို့မှာရှိတဲ့ အလှပြင်ဆိုင်ပိုင်ရှင်ကလည်း သူတို့ရဲ့ ထုတ်ကုန်ကို ဆိုင်မှာတင်ရောင်းပေးဖို့ သဘောတူခဲ့တယ်။

သူတို့နှစ်ယောက်က ဈေးရောင်းပွဲတော်လုပ်ချိန်တိုင်း ဒီထုတ်ကုန်တွေကို သွားရောင်းကြပါတယ်။ တဖြည်းဖြည်းနဲ့ သူတို့ ထုတ်ကုန်တွေကို လက်ကားပေးလာနိုင်တယ်။

စတိုးဆိုင်တွေကို ကိုယ်တိုင်သွားပြီး ချိတ်ဆက်တာရော၊ အီးမေးလ်ပို့ပြီး ချတ်ဆက်တာရော လုပ်ခဲ့တယ်လို့ဆိုပါတယ်။ ကလေးတွေဆိုတော့ Professional ဆန်ဆန်လည်း မလုပ်တတ်ခဲ့ဘူးလို့ Isabel Bercaw က သူမအတွေ့အကြုံတွေကို မျှဝေခဲ့ပါသေးတယ်။
သူတို့ Bath Bomb လေးတွေရဲ့ ထူးခြားချက်က Bath Bomb တစ်ခုချင်းစီရဲ့ အတွင်းဘက်မှာ လက်ဆောင်တွေ ထည့်ထားတာပါ။

ငယ်ငယ်တုန်းကကိုယ်တွေတောင် အရုပ်လက်ဆောင်ပါတဲ့ မုန့်တွေဆိုအရုပ်မက်လို့ဝယ်ကြတာမျိုး၊ သနပ်ခါးဘူးထဲ ရွှေပြားလက်ဆောင်ပါတယ်ဆိုရင် သနပ်ခါးကို ဖဲ့ကြည့်တာမျိုးလေ။

အဓိကက သူတို့ပစ္စည်းလေးတွေက တကယ့် Organic ဖြစ်တာရယ်၊ အတွင်းမှာ အရုပ်၊ သော့ချိတ်၊ ပျော်ရွှင်စရာစာတိုလေးတွေလိုမျိုး Surprise Gift လေးတွေပါတာရယ်ကြောင့် ပိုပြီးမြန်မြန်ရောင်းလို့ကုန်တာဖြစ်ပါတယ်။

ဒီလိုလက်ဆောင်လေးတွေက Bath Bomb ရေပျော်လို့လုံးဝကုန်သွားမှပေါ်လာတာပါ။ အဓိကက လူတွေရဲ့စူးစမ်းချင်စိတ်နဲ့ Surprise ဆိုသဘောကျတတ်တဲ့စိတ်ကို ဖမ်းဆုပ်မိသွားတာ ဖြစ်နိုင်ပါတယ်။

သူတို့ Bath Bomb လေးတွေ လက်လီလက်ကားရောင်းချလာရပြီး လုပ်ငန်းက တဖြည်းဖြည်းအောင်မြင်လာချိန်မှာ ဂိုဒေါင်တစ်ခုဆီပြောင်းပြီး စနစ်တကျလုပ်ငန်းတည်ဆောက်ရပါတော့တယ်။

အခုဆို ၀န်ထမ်း ၁၅၀ နဲ့ တစ်လကို Bath Bomb အခုရေ ၅သိန်းထိ ထုတ်လုပ်ရတဲ့ လုပ်ငန်းကြီးဖြစ်လာပါပြီ။ စတိုးဆိုင်ပေါင်း ၇ ထောင်ကျော်မှာရောင်းချနေကြပါပြီ။

တစ်ခါတစ်လေ သူတို့ Bath Bomb လေးတွေကို အလယ်ကနေခွဲ၊ ပါတဲ့ လက်ဆောင်လေးကိုယူပြီး လျှော့ဈေးနဲ့ ပြန်ရောင်းတာမျိုးလဲ ကြုံရပါတယ်တဲ့။

အခုဆိုရင် သူတို့က ကျောင်းတစ်ဖက် အလုပ်တစ်ဖက်နဲ့ အလုပ်များနေသူတွေပါ။သူတို့လုပ်ငန်း ဟာ မိသားစုလုပ်ငန်းဖြစ်လာပြီး သူတို့ရဲ့ အဖေနဲ့ အမေအပြင် အသက် ၁၁ နှစ်သာရှိသေးတဲ့ မောင်လေး Harry ကလည်း ကူညီတယ်လို့သိရပါတယ်။

Harry ကတော့ ကောင်လေးတွေအကြိုက် Bag Bomb တို့ Ninja Bomb တို့ထုတ်လုပ်တာပါ။

သူတို့ညီအစ်မနှစ်ယောက်ကောလိပ်တက်ရတဲ့ အခါ Business ပိုင်းကို အဓိက သင်ယူလေ့လာမယ်လို့ ရည်မှန်းထားကြပြီး ပစ္စည်းတစ်ခုဝယ်ယူခြင်း၊ ရောင်းချခြင်းနဲ့ပတ်သတ်ပြီး Psychological Aspect ကိုပိုပြီးစိတ်ဝင်စားကြတယ်လို့ ဆိုပါတယ်။

သူတို့နှစ်ယောက်ကို ဒီလုပ်ငန်းရဲ့ အောင်မြင်မှုသော့ချက်ကိုမေးတဲ့ အခါမှာတော့ "တကယ်တော့ ကျွန်မတို့ အဲ့ဒီတုန်းက အရမ်းငယ်သေးတယ်။

အလုပ်တစ်ခုကို စိတ်ကူးကောင်းကောင်းနဲ့ လုပ်လိုက်တာပဲရှိတယ်။ မြတ်မှဖြစ်မယ်၊ ရှုံးမှာကြောက်တယ်ဆိုတာမျိုး မရှိခဲ့ဘူးလေ။

ဒီလိုမကြောက်တာကြောင့်လည်းပါမယ်။ လူကြီးဖြစ်လာတော့ လုပ်ငန်းတစ်ခုကို တွက်ချက်ပြီးလုပ်သင့်မှန်းသိလာတယ်။ ဒါပေမဲ့ အရမ်းစဉ်းစားတွက်ချက်လွန်ပြီး မလုပ်ရဲဘဲ ဖြစ်သွားတာမျိုးတော့ လုံးဝ အဖြစ်မခံပါနဲ့။

ကိုယ်ယုံကြည်ရာအတိုင်း လုပ်ဆောင်ပါ " လို့ပြောပြသွားခဲ့ပါတယ်။

Sisterpreneurs လို့ညွှန်းဆိုကြတဲ့သူမတို့နှစ်ယောက်ရဲ့ အကြောင်းကနာမည်ကြီးသတင်းဌာနတွေ၊ မဂ္ဂဇင်းတွေမှာ အများကြီးပါဝင်ခဲ့ပြီး အများက အားကျရတဲ့ ဆယ်ကျော်သက်ကောင်မလေးနှစ်ယောက် အဖြစ်ရပ်တည်နေပါတယ်။

Read-ထက်မြက်တဲ့ စီးပွားရေးလုပ်ငန်းရှင် တစ်ယောက်ဆိုတာ

Credit; Original Writer