Life Hacks

ကိုယ့်ကိုယ်ကို ယုံကြည်မှု

Read 410 times
ကိုယ့်ကိုယ်ကို ယုံကြည်မှု

ကိုယ့်ကိုယ်ကို ဘယ်သူလဲ ဆိုတာကို သိတဲ့သူဟာ သူများလုပ်တာကို လိုက်မလုပ်ဘူး။ သူလုပ်ချင်တာကို လုပ်တယ်။ သူ့မှာ ကိုယ်ပိုင်အယူအဆဆိုတာ ရှိတယ်။ ကိုယ်ပိုင်ခံယူချက်ဆိုတာ ရှိတယ်။ သူ့မှာ ရေရှည်ရည်မှန်းချက် ရှိတယ်။ အစီအစဉ် ရှိတယ်။ သူဟာ လမ်းပျောက်နေတဲ့သူ မဟုတ်ဘူး။ လမ်းမရှိတဲ့နေရာမှာ လမ်းထွင်ပြီး သွားနေတဲ့သူ ဖြစ်တယ်။

အခက်အခဲ မရှိတာထက် အခက်အခဲကို ဥာဏ်နဲ့ ဖြေရှင်းနိုင်တာက ကိုယ့်ကိုယ်ကို ယုံကြည်မှုကို ပိုပြီး အားကောင်းစေတယ်။ ကိုယ့်ဘဝကို ပြောင်းလဲနိုင်တဲ့စွမ်းအား ကိုယ့်မှာရှိပါတယ်။

နေ့စဉ် ကိုယ့်စိတ်ကို လမ်းမှန်နေအောင် လမ်းတည့်ပေးနေရင် တဖြည်းဖြည်း အားမကိုးသင့်တာတွေကို အားကိုးမနေတော့ပဲ အယူသည်းတာတွေ ဗေဒင်ယတြာယုံတာတွေ ပျောက်ပြီးတော့ ကိုယ်လုပ်နိုင်တာတွေကို သဘာဝကျကျ အကြောင်းအကျိုး ကိုက်အောင်တွေးပြီး အကြောင်းမှန်ကိုလုပ်လို့ အကျိုးမှန်ကို ရလာလိမ့်မယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှု ပိုရှိလာမယ်။ ဒါကြောင့် စိတ်အေးချမ်းမှုလည်း ပိုရှိလာမယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှု မရှိသေးသ၍ စိတ်အေးချမ်းမှု မရှိနိုင်သေးဘူးဆိုတာကိုတော့ လေးလေးနက်နက် သဘောပေါက်မှ ဖြစ်မယ်နော်။

ကိုယ့်ကိုယ်ကို ယုံကြည်တဲ့သူဟာ ကိုယ့်အမှားကို ကိုယ်ဝန်ခံရမှာ မကြောက်ဘူး။ မှားနေရင် မှားတယ်လို့ လက်ခံရမှာ ဝန်မလေးဘူး။ အဲဒါဟာ အင်အားကြီးတဲ့စိတ်ရဲ့ လက္ခဏာ ဖြစ်တယ်။ အင်အားမရှိတဲ့စိတ်ဟာ မှားမှာကို သိပ်ကြောက်တယ်။ အထူးသဖြင့် ကိုယ်မှားနေတာကို သူများသိမှာ သိပ်ကြောက်တယ်။

ကိုယ့်ကိုယ်ကို ကိုယ်တကယ်ယုံကြည်တဲ့သူဟာ ကိုယ့်မေးခွန်းကို ကိုယ်မေးပြီးတော့ ကိုယ့်အဖြေကို ကိုယ်ရှာတဲ့သူ ဖြစ်တယ်။ သူများမေးခွန်းနဲ့ သူများအဖြေကို ကျေကျေနပ်နပ် လက်မခံဘူး။ ကိုယ့်ကိုယ်ကို ကိုယ်တကယ်ယုံကြည်မှုရှိတဲ့သူဟာ ငါ ဘာလုပ်ချင်သလဲ။ ငါလုပ်ချင်တာ တရားသလား။ မျှတသလား ဆိုတာကို ကိုယ့်ဥာဏ်နဲ့ကိုယ် ဆုံးဖြတ်တယ်။

ကိုယ့်ကိုယ်ကို ကိုယ်ယုံကြည်မှုမရှိတဲ့သူဟာ “ other directed ” သူများရဲ့ ထင်မြင်ချက် ဝေဖန်ချက်ကို ဦးစားပေးပြီး ကိုယ့်ဘဝကို နေကြတယ်။ စိတ်ဓာတ်အင်အားကြီးတဲ့သူ လွတ်လပ်မှုကို တကယ်တန်ဖိုးထားတဲ့သူကတော့ “ inner directed ” ငါ ဘာလုပ်ချင်သလဲ၊ ဘယ်လိုလုပ်ရင် အားလုံးအတွက် အကောင်းဆုံး ဖြစ်မလဲဆိုတာကို ကိုယ့်ဥာဏ်နဲ့ကိုယ် စဉ်းစားတယ်။ ရဲရဲရင့်ရင့် ဆုံးဖြတ်တယ်။ အများမကြိုက်လဲ မှန်တယ်လို့ ယုံကြည်တာကို လုပ်တယ်။

များသောအားဖြင့် ပစ္စည်းဥစ္စာတို့၊ ရာထူးတို့ ရှိလာတဲ့အခါမှာ လူက မာနတော်တော်ကြီးလာတယ်။ မာနကြီးလာတာကို Psychic inflation လို့ ခေါ်နိုင်တယ်။ ကိုယ့်ကိုယ်ကို လူတယောက်အနေနဲ့ တန်ဖိုးရှိတယ်လို့ တကယ်မယုံကြည်တဲ့သူဟာ ပြင်ပအရာတွေကို မှီပြီးတော့ အဲဒီအရာတွေအားကိုးနဲ့ ကိုယ့်ကိုယ်ကို တန်ဖိုးရှိတယ်လို့ ပြချင်တယ်။ အဲသလို ပြချင်တဲ့အခါမှာ မာနကြီးလာတာပဲ။

မာနကြီးတယ်ဆိုတာကိုက သူ့ကိုယ်သူ ယုံကြည်မှုမရှိဘူးဆိုတာကို ပြနေတာပဲ။ မာန်မာနကြီးကြီးနဲ့ နေပြလိုက်တာဟာ အမှန်တော့ သူ့ရင်ထဲမှာ ကြိတ်ပြီးတော့ ဖြစ်နေတဲ့ လူအထင်မကြီးမှာ ကြောက်တဲ့စိတ်ကို ဖုံးလိုက်တဲ့ လုပ်နည်းလုပ်ဟန် တစ်မျိုးဖြစ်တယ်။ ချုပ်ချယ်ချင်တာဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိတဲ့သူ၊ သူတပါး အပေါ်မှာလည်း ယုံကြည်စိတ်ချမှုမရှိတဲ့သူတွေ လုပ်တတ်တဲ့ အပြုအမူ ဖြစ်တယ်။

Recommended for u- လုပ်ငန်းခွင်မှာ ဝေဖန်မှုတွေကြုံလာရင် ဒီလို ရင်ဆိုင်လိုက်ပါ

Source:စိတ်ပြူတင်းပေါက်