Life Hacks

မိမိဝန်ထမ်းရဲ့ မြင့်မားတဲ့ စွမ်းဆောင်ရည်ကို အမြဲတမ်း ရရှိစေဖို့

Read 262 times
မိမိဝန်ထမ်းရဲ့ မြင့်မားတဲ့ စွမ်းဆောင်ရည်ကို အမြဲတမ်း ရရှိစေဖို့

အဲဒီဝန်ထမ်းရဲ့ စွမ်းဆောင်ရည် အပြည့်အ၀ရရှိဖို့ ဆိုတာကတော့ အကြောင်းအရာတစ်ခုတည်းအပေါ်မှာ မူတည်နေတာ မဟုတ်ပါဘူး။ ၀န်ထမ်းရဲ့ ကိုယ်ပိုင်အရည်အသွေး၊ လုပ်ငန်းခွင်ရဲ့ ပံ့ပိုးပေးမှုနဲ့ အထောက်အကူ ပြုမှုတွေကလည်း အရမ်းကို အရေးပါပါတယ်။

လုပ်ငန်းခွင်အတွင်း ပြင်းပြတဲ့ ဆန္ဒရှိပြီး အမြဲတမ်း တက်ကြွနေစေဖို့၊ လုပ်ငန်းတာဝန်တိုင်းကို မငြီးမငြူ အောင်မြင်အောင် ဆောင်ရွက်နိုင်စေဖို့ဆိုရင် အဓိကကတော့ ၀န်ထမ်းရဲ့ မူလအရည်အချင်း ( Attitude )၊ ပင်ကိုယ်တက်ကြွမှု ( Motivation ) နဲ့ လုပ်ငန်းခွင့်အခွင့်အရေးနဲ့ အသိအမှတ်ပြုမှု (Opportunity) တွေဟာ အချိုးတကျ ရှိနေဖို့ လိုအပ်ပါတယ်။

P = A + M + O ဆိုပြီး မှတ်ထားလို့ ရပါတယ်။

 

မူလ အရည်အချင်း

မိမိမှာ လက်ရှိလုပ်နေတဲ့ လုပ်ငန်းခွင်အတွက် လိုအပ်တဲ့ အရည်အချင်းကောင်းတွေ ရှိနေသလား ဆိုတာ ပြန်ဆန်းစစ်ရပါမယ်။ မိမိကိုယ်တိုင်က ပြည့်ဝတဲ့ အရည်အချင်းတွေ ရှိမနေရင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု လျော့နည်းပြီး တက်ကြွမှုလည်း အထိုက်အလျောက်ပဲ ရှိနေမှာပါ။

ဒါဆိုရင် ဘယ်လို အခွင့်အလမ်းနဲ့ အခွင့်အရေးကောင်းတွေကများ ကိုယ့်ဆီ ရောက်လာနိုင်ပါမလဲ။ အရာဝတ္ထု၊ ပစ္စည်းတွေတောင်မှ အရည်အသွေး ပြည့်ဝကောင်းမွန်တာတွေကိုပဲ လူတွေက ရွေးချယ် ဝယ်ယူတတ်ကြတာပါ။ ဒါကြောင့် အမြဲတမ်း လေ့လာနေဖို့၊ သင်ယူနေဖို့ လိုအပ်ပါတယ်။ ဓားပမာ မတုံးသွားအောင် အမြဲသွေးပေးဖို့ လိုပါတယ်။

 

ပင်ကိုယ်တက်ကြွမှု

ပင်ကိုယ်တက်ကြွမှုကို လုပ်ငန်းခွင်အတွက် အပ်နှင်းရာမှာတော့ လုပ်ငန်းခွင် ၀င်ရောက်ကာစမှာ အပြည့်အ၀နီးပါး ရှိတတ်ပေမယ့် လုပ်သက်ရှိတာနဲ့အမျှ လျော့နည်းလာတတ်တဲ့သဘာဝ ရှိပါတယ်။ ပုံမှန်အားဖြင့် ၀န်ထမ်းဘက်မှာ ရှိတဲ့ တက်ကြွမှုက ၅၀ ရာခိုင်နှုန်း၊ လုပ်ငန်းခွင်ဘက်က ပေးတဲ့ တက်ကြွစေမှုက ၅၀ ရာခိုင်နှုန်း ရှိတယ်ဆိုကြပါစို့။

အလုပ်ထဲမှာ အမြဲတမ်း တက်တက်ကြွကြွ အလုပ်လုပ်တတ်တဲ့ သူတွေကို တွေ့ဖူးကြမှာပါ။ ဝန်ထမ်းတွေရဲ့ တက်ကြွမှုတွေကို ဆက်လက် ထိန်းထားနိုင်ဖို့ကတော့ လုပ်ငန်းခွင်ရဲ့ တာဝန်ပါ။ သူတို့ကို အကြံပြုခွင့် ပေးရမယ်၊ မေးမြန်းခွင့် ပေးရမယ်၊ ခိုင်းတာပဲလုပ် ဆိုတာထက် အသစ်သစ်သော အရာတွေကို ယုံယုံကြည်ကြည်နဲ့ လုပ်ခွင့်ပေးသင့်ပါတယ်။ ဒါမှသာ သူတို့ကိုယ်သူတို့ ယုံကြည်မှု ပိုရှိလာပြီး အလုပ်လုပ်တဲ့အခါ တက်တက်ကြွကြွနဲ့ မြန်မြန်ဆန်ဆန် အလုပ်ပြီးမြောက်စေမှာပါ။

 

လုပ်ငန်းခွင် အခွင့်အရေးနဲ့ အသိအမှတ်ပြုမှု

နောက်ဆုံးတစ်ချက်ကတော့ အခွင့်အရေး ဖြစ်ပါတယ်။ ဝန်ထမ်းတစ်ဦးအနေနဲ့ သူ့ရဲ့ အရည်အချင်းတွေကို ဒီထက်ပိုပြီး လုပ်နိုင်တယ်ဆိုတာ အားလုံးသိအောင် ထုတ်ပြဖို့အတွက်ဆိုရင် လုပ်ငန်းခွင်မှာ သူ့အတွက် အခွင့်အရေး အမြဲရှိနေဖို့ လိုပါတယ်။ ၀န်ထမ်းက အမြဲတမ်း တဆင့်မြင့် တာဝန်တွေကို ထမ်းဆောင်ဖို့ အဆင်သင့်ဖြစ်နေတယ်ဆိုရင် လုပ်ငန်းခွင်ကလည်း သူ့အတွက် အမြဲတမ်း တဆင့်မြင့် ရာထူးပေးနိုင်ဖို့ လိုပါတယ်။

မိမိက အရည်အချင်းလည်း ရှိမယ်၊ လုပ်ငန်းခွင်မှာ တက်ကြွပြီး အလုပ်ကြိုးစားမယ်ဆိုရင်တောင် လုပ်ငန်းခွင်အခြေအနေက အခွင့်အရေး မပေးရင် ၀န်ထမ်းက သူ့ရဲ့ စွမ်းဆောင်ရည်ကို လျှော့ချပစ်လိုက်တတ်ကြပါတယ်။ ဒါကြောင့် အလုပ်အပေါ် တာဝန်ယူမှု၊ တာဝန်ခံမှု၊ အလုပ်ကြိုးစားမှုနဲ့ ရလဒ်ကောင်းထွက်တဲ့ လုပ်ဆောင်မှုတွေပေါ် မူတည်ပြီး အသိအမှတ်ပြုပေးတာမျိုး၊ ရာထူးတိုးပေးတာမျိုး၊ လစာတိုးပေးတာမျိုး စတာတွေကို ပြုလုပ်ပေးသင့်ပါတယ်။

အထူးသဖြင့်တော့ ၀န်ထမ်းအနေနဲ့ မိမိရဲ့ ရှေ့မှောက်ကို အခွင့်အရေးက ရောက်ရှိလာတဲ့အခါ အဆင်သင့် အသုံးချနိုင်အောင် ရှိနေပြီးသား အရည်အချင်းတွေကို ပိုမို တိုးတက်နေအောင် အမြဲ ပြင်ဆင်ထားပါ။ မိမိလုပ်နိုင်တယ်ဆိုတာ မိမိလုပ်ငန်းခွင်ရဲ့ ယုံကြည်မှုရရှိအောင် အမြဲတမ်း တက်တက်ကြွကြွနဲ့ အလုပ်ကြိုးစားသင့်သလို လုပ်ငန်းခွင်များမှာလည်း ၀န်ထမ်းတိုင်းရဲ့ အရည်အချင်းအလျောက် လူမှန် နေရာမှန် ချထား၊ တာဝန်ပေးနိုင်ခြင်းဖြင့် အောင်မြင်တဲ့ လုပ်ငန်းခွင် ဘ၀များကို ပိုင်ဆိုင်နိုင်ကြကြောင်းပါ။

 

Ref: HelpBiz Clinic

Written by Su Mon Oo