အကြောင်းက သူ့ မိသားစုက ကြောင်တစ်ကောင် ၀ယ်ခဲ့ပေးပါလို့ ပူဆာတဲ့အတွက် သူနဲ့အတူ ကြောင်ဝယ်ဖို့ အဖော်လိုက်ရင်း ရောက်ခဲ့တာပါ။
ဆိုင်မှာ သံဇကာကွက်ထဲ ထည့်ထား တဲ့ အိမ်မွေးအလှမွေးကြောင်တွေ အများကြီး တွေ့ရတယ်။
အမွေးအရောင် စုံစုံလင်လင်၊ ကြောင်တိကြောင်ကျား ဂွတို ဂွရှည် ဂုတ်တို ဂုတ်ရှည်ကြောင်တွေ တွေ့ရသလို မြေခွေးနဲ့ တူတဲ့ကြောင်၊ အိမ်ခွေးတို့ တောခွေးတို့နဲ့ တူတဲ့ကြောင် ၀က်မျက်နှာနဲ့ တူတဲ့ကြောင် ခွေးဘီလူးကြောင် စသဖြင့် ကြောင်မျိုးစုံလင်စွာ တွေ့ခဲ့ရတယ်။
ပထမဆုံး သံဇကာကွက်လေးထဲက လေးတိလေးကန် ကြောင်တစ်ကောင်ကို တွေ့ တော့ ဆိုင်ရှင်က ဒါနိုင်ငံခြားမျိုးနဲ့ စပ်ထားတဲ့ ဘိုကပြားကြောင် တန်ဖိုးက ကျပ်တစ်သိန်းလို့ ပြောပါတယ်။
တစ်သိန်းတန် ဘိုကပြားကြောင် ဆိုတော့ မျက်ခုံးပင့်သွားမိလို့ သေချာအောင် ဈေးကို ထပ်မေးကြည့်ရတယ်။
ဆိုင်ရှင်က ဒါဘာဟုတ်သေးလို့လဲ။ ဟိုဘက်က ကြောင်ဆိုရင် နှစ်သိန်းရောင်းဈေး ရှိတယ် လို့ ပြောတာနဲ့ ကြည့်လိုက်တော့ ဂင်တို တို နဲ့ ဘယ်လိုမှ ကြောင်နဲ့မတူဘဲ ခွေးနဲ့တူနေတဲ့ ကြောင်တစ်ကောင်၊ ကြောင်တစ်ကောင်ရဲ့ သွက်လက်ဖြတ်လတ်မှုမျိုးလည်း မတွေ့ရ၊ ကြောင်တစ်ကောင်ရဲ့ ပေါ့ပါးမှုမျိုးလည်း မတွေ့ ရနဲ့၊ ဟုတ်ဟုတ်သေးတော့။
ကျပ်သုံးသိန်းဆိုတဲ့ နောက်ကြောင် တစ်ကောင်ကို ညွှန်ပြပြန်ပါတယ်။
မင်းဟာကလည်း ဈေးကြီးလှ ချေလားကွာ ဆိုတော့ ဆိုင်ရှင်က ဒါနိုင်ငံခြား ဘိုကြောင်မျိုး အစစ်မို့ ဈေးကြီးတာတဲ့။
ကြည့် လိုက်တော့ ခန့်ခန့်ထည်ထည် ဗလကောင်း ကောင်းနဲ့ ကျွန်တော့်စိတ်ထဲမှာတော့ ဘယ်လိုမှ ကြောင်တစ်ကောင်အနေနဲ့ မမြင်မိဘူး။
မင်း ကြောင်က ကြောင်ကော ဟုတ်ရဲ့လားကွာ ခွေးနဲ့များ စပ်ထားသလားလို့တောင် မေးယူရ တယ်။
ကျွန်တော်ကလည်း စပ်စပ်စုစုနဲ့ မင်းဆိုင်မှာ ဗမာကြောင်ကော မရှိဘူးလားကွဲ့လို့ မေးမိတော့ ဘုကြည့်ပြန်ကြည့်ပြီးတော့
''သည်မှာဆရာကြီး.. ဗမာ ကြောင် များ ရပ်ကွက်ထဲက ကြောင်ရှိတဲ့ အိမ်တစ်အိမ် ဘယ်အိမ်သွားတောင်းတောင်း အလကား တောင်ရတဲ့ဟာကို'' တဲ့။
ကျွန်တော်လည်း-''ဟ..ဆိုင်ရှင်ရ၊ မင်းဟာက ဘိုကြောင်ဖြစ်ဖြစ်၊ ဘိုကပြားကြောင်ဖြစ်ဖြစ်၊ ဗမာကြောင်ဖြစ်ဖြစ် ကြွက်ခုတ်ဖို့က လိုရင်း မဟုတ်ဘူးလား။ မင်းကြောင်တွေက ဘာများ ထူးခြားလို့တုန်း။ သာမန်ကြောင်တွေထက်ကြွက်ပိုခုတ်လို့ အာဂကြောင်တွေ ဖြစ်နေတာ လား'' လို့ ပြန်မေးမိတော့ ဆိုင်ရှင်က ရယ်ရယ်မောမောနဲ့ စိတ်ရှည်လက်ရှည် ရှင်းပြတယ်။
ကျွန်တော့်ဆိုင်မှာ သည်လိုကြောင်အမျိုးအစားတွေကို လူကုံတန်တွေ လာလာ ၀ယ်ကြတာဗျ။ ကြောင်အရည်အချင်းတွေထဲမှာြွကက်ခုတ်ဖို့ တစ်ခုတည်းလို့ ထည့်မတွက်နဲ့လေ။ အခုလို မော်ဒန်ခေတ်ကြီးမှာ ကြောင်ဆိုတိုင်း ကြွက်ခုတ်နိုင်ရမယ်ဆိုတဲ့ သီအိုရီကို တရားသေ စွဲမထားသင့်ဘူး ဆရာကြီးရဲ့။
နောက်ပြီးတော့ကြွက်ဆိုတာ ကြောင်အနှစ်သက်ဆုံး အစာလို့လည်း တရားသေ၀ါဒဆိုတာလည်း မေ့လိုက်တော့။ တချို့ ကြောင်တွေဆိုကြွက်ခုတ်ဖို့ဝေးလို့ ကြွက်ဖြတ်ပြေးရင်တောင် တုန်နေပြီ။
ကြွက်မြင်တာနဲ့ သူတို့က ချောင်ကပ်နေပြီ။
သည်လိုကောင်တွေ ကို ဘာလို့မွေးသလဲ ဆိုတော့ အလှတစ်မျိုးအနေနဲ့ မွေးတာ။
နောက်ပြီး လူကုံတန်အိမ်တွေမှာ ဂုဏ်တစ်ခုလိုထားတာ။
ဧည့်ကောင်းဆောင်ကောင်းလာရင် အိမ်ရှင်က သူတို့ကြောင် စတိုင် ထွားထွားကိုပြရတာကိုက ဂုဏ်တစ်ခု။
ကြောင် ဂုဏ်သရေရှိပေါ့ဗျာ။
တချို့ဆို အိမ်ဦးခန်းမှာ ဆိုဖာပေါ်မှာကို ထားတာ။
တချို့ သဲသဲလှုပ်တွေဆို သူတို့ မွေးထားတဲ့ကြောင်ကို ညောင်းညာမှာလည်းစိုး တခြားကြောင်တွေ ရန်မူမှာလည်း စိုးတော့ ကြိုးနဲ့ချည်ပြီး ကြောင်ကျောင်းရတာမျိုး။
လူက တကူးတကတောင် လုပ်ပေးရတာ။
ကျွေးမွေးတဲ့ အစားအသောက်ဆိုရင် လည်း သီးသန့်တိရစ္ဆာန်စာအရောင်းဆိုင်မှာ ကြောင်စာ အနေနဲ့ကို သီးသန့်ဝယ်ကျွေးရတာ။
ဒိတ်အောက်တာကျွေးရင် သည်ကောင်တွေက စားတောင် မစားဘူး။
ကြောင်အိပ်ရာလည်း သီးသန့်ထားသိပ်ရတာပဲ။
တချို့ဆို လူနဲ့ အိပ်ရာထဲတောင် အတူတူထားသိပ်ရတယ်ဆိုပဲ။
သည်လိုကောင်တွေများ နာမကျန်းဖြစ်ကြည့်။
ကြောင်ရှင်တွေ သဲသဲလှုပ်။ တိရစ္ဆာန်အထူးကု ဆေးခန်းမှာ ပြကြတော့တာပဲ။
ဆရာကြီးမွှန်းတဲ့ ဗမာကြောင်လား။ တစ်ခါမွေး လေးငါးဆယ်ကောင်လောက်နဲ့ ပေါမှ ပေါ။
ဟုတ်တိပတ်တိဘာများ ကျွေးမွေးစရာ ဂရုစိုက်စရာလိုလို့လည်း။
သူ့ဘာသာ ကြွက်ခုတ် စားတာပဲ။
အိမ်မှာ ထမင်းကျန်ဟင်းကျန်ဘာနဲ့ ဖြစ်ဖြစ် ကျွေးတာနဲ့စားတော့တာပဲ ဘယ်မှာမဆို အိပ်တာပဲ။ ဆရာကြီးကြောင်က ကြွက်ပဲ ခုတ်တတ်တာလေ။ ဘယ်ကလာ ဂုဏ်သရေရှိ ရမှာလဲ။
လူရှေ့သူရှေ့ လူနားကပ်ရင်တောင် အကန်ခံရမှာ။
သည်ကောင်တွေက ဈေးကွက် လည်းမ၀င်။ ဈေးကွက်ဝင်ပုံစံလည်း မဟုတ်နဲ့ ဘယ်လိုလုပ်ပြီး ဆိုင်ပေါ် တင်ရောင်းမတုန်း။ ဘယ်သူကရော အမြတ်တနိုး ၀ယ်မတုန်း။
သူရှင်းပြတော့လည်း ဟုတ်တုတ်တုတ်။
ကြောင်ချင်းအတူတူတောင် ကြောင်တန်းစား အတော်ကွဲသွားတယ်။
ကြောင်ဆိုရင်ကြွက်ခုတ်မှလို့ ပြောဖူးတဲ့ ဆရာ့ဆရာကြီးတွေ သည်ခေတ်သစ် ကြောင်သီအိုရီအသစ်ကို သိမသွားဘူးထင်ပါ့။
တိုတိုပြောရရင် အပြောကောင်းတဲ့ ကြောင်ဆိုင်ရှင်ကြောင့် ကျွန်တော့်သူငယ်ချင်း လည်း ဘိုကြောင်တစ်ကောင်ပိုင်ရှင် ဖြစ်သွားပါလေရော။
တစ်ပတ်လောက်နေတော့ ''ဘယ်နဲ့လဲ မင်း ဘိုကြောင်'' လို့မေးကြည့်တော့ ''ဘိုကြောင်ဆိုတော့ သွေးကြီးတာပေါ့ ဗျာ။
သီးသန့်ကြောင်စာ ၀ယ်ဝယ်ကျွေးရလို့ မိသားစုလစဉ် အသုံးစရိတ်ထဲမှာ သူ့အတွက်ပါ ထည့်တွက်နေရပြီ။ ဘယ်ကလာကြွက်ခုတ်မှာလဲ။
ငါးကြော်မကြိုက်၊ ကြောင်မိုက်ဆိုတဲ့ စကား ပုံတောင် သူလုပ်တာနဲ့ မျက်စိလည်သွားပြီ။ ငါး ကြော်တောင်မစားဘူး။
သူ့အတွက် ကြောင်စာ ထုပ်ကို သက်သက် ၀ယ်ကျွေးနေရတယ်။
ကြောင်ဆရာပြောတဲ့အတိုင်း အိမ်ဦးခန်းမှာပဲ နေတာပေါ့။
ဧည့်သည် တစ်ယောက်ယောက် လာရင် အိမ်က မိသားစုကတော့ ကြွားစရာ ရနေတာပေါ့'' လို့ ပြန်ဖြေတယ်။
သူ့ဘိုကြောင်ဖားကြီးအကြောင်း ရောက်တတ်ရာရာပြောရင်းကနေ ''အေးလေ တို့ လက်ရှိဈေးကွက်မှာ ဖြစ်နေတာနဲ့ အတူတူပဲကွလို့ ''ပြန်ပြောမိတယ်။
ဈေးကွက်က ခေတ်စနစ်ပြောင်း သွားပြီဆိုတော့ ဈေးကွက်ထဲမှာ တွေ့လိုက်ရတဲ့ ဘိုမျိုးနွယ်ဝင် ကြွားကြွားရွားရွားတွေ အလျှိုလျှို ပေါ်လာလိုက်တာလေ။
ဖြူတာတွေရော မည်း တာ တွေရော အစုံပဲ။
တို့ဆီက လုပ်ငန်းရှင်တွေကလည်း ကိုယ့်ဆီမှာ အားထုတ်နိုင်တဲ့သူတွေ ဘယ်လောက်များနေနေ သည့်အတွက် ရင်းနှီးမြှုပ်နှံမှု တိုးမလုပ်ချင်ကြပေမဲ့ နိုင်ငံခြားသားဆိုရင်တော့ ဘယ်လောက် ဈေးဖြစ်ဖြစ်၊ ဈေးကြီးပေးပြီးတာ့ ခေါ်ချင်တော့တာပဲ။
ကြောင်ကြီးခန့်ခန့် ထည် ထည်နဲ့ ပရိတ်သတ်အကြား ငါလိုလူကမှ သည်လိုလူမျိုးတွေ ငှားပြီးခိုင်းထားနိုင်တာလို့ ၀ံ့ဝါချင်ကြတာကလား။
အေးလေ တို့တွေက လည်း ဗမာကြောင်တွေလိုပဲ ကြွက်ပဲခုတ် တတ် တာကလား။
မဂ္ဂဇင်းတစ်ခုထဲမှာ သူ့လုပ်ငန်း ကြော်ငြာ မှာ ဒီစကားပုံလေးကို ထည့်သုံးထားတာ တွေ့ရ တယ်။
''ကြောင်ဖြူသည် မည်းသည်ထက် ကြွက်ခုတ်ဖို့က ပိုအရေးကြီးသည်'' တဲ့။
ကျွန်တော်ကလည်း အဲဒီစကားပုံမှာ တစ်ခုလောက် ထပ်ဖြည့်လိုက်ချင်တယ်။
သင့်ကြောင် အနေနဲ့လည်း ကြောင်ဈေးကွက်ဝင်ဖို့ ပိုပြီး အရေးကြီးသည်လို့။
PAOH