ခေါင်းဆောင်မှုညံ့ဖျင်းတဲ့သူတွေဆီက ကြားနေကျစကားတွေက “ဝန်ထမ်းတွေလူပါးဝတယ်” “ဝန်ထမ်းတွေမမြဲဘူး” “ကိုယ့်အလုပ်လို မလုပ်ကြဘူး” “စေတနာမထားဘူး” “ကြည့်မနေရင် အလုပ်မလုပ်ကြဘူး” ဆိုတဲ့စကားတွေပါ။
ခေါင်းဆောင်မှုအဆင့် (၅)ဆင့်ရှိတယ်။
ကိုယ့်ရဲ့ အနေအထားနဲ့ လက်အောက်ငယ်သားတွေရဲ့ ကိုယ့်အပေါ်မှာ ထားတဲ့သဘောထားကို မူတည်ပြီး ဘယ်အဆင့်မှာပါလဲဆိုတာ ဆန်းစစ်ကြည့်ပါ။
ဒီအဆင့်တွေကိုဖတ်ပြီး စိတ်အေးရတယ် ကိုယ့်ကိုကိုယ်ကျေနပ်မိတယ်ဆိုရင် ကိုယ်ဟာ လမ်းကြောင်းမှန်ပေါ်ရောက်နေတာဖြစ်ပြီး ငါနဲ့လည်း မတူပါလားလို့ ခံစားမိနေတယ်ဆိုရင်တော့
ကိုယ့်ရဲ့ခေါင်းဆောင်မှုနဲ့ လူတွေကိုစီမံခန့်ခွဲတဲ့ပုံစံကို ပြောင်းလဲဖို့ လိုနေပြီဆိုတာ သတိရပါ။
၁။ အာဏာပြသူ (Position)
အခြေခံအကျဆုံးခေါင်းဆောင်မှုပုံစံပါ။
ခန့်အပ်ခံလိုက်ရတဲ့ ဘယ်သူမဆို ခေါင်းဆောင်ဖြစ်နိုင်တယ်။
အလုပ်သဘောအရ၊ ရာထူးအရ၊ လုပ်ပိုင်ခွင့်အရ ခေါင်းဆောင်ဖြစ်လာတယ်။
ဒီခေါင်းဆောင်မှုနောက်မှာ လူတွေက သူ့နောက်ကိုလိုက်ရတယ် ဘာလို့လဲဆိုတော့ လိုက်မှဖြစ်မှာမို့လို့။
အဲဒီလိုလိုက်မှ ပိုက်ဆံရမှာမို့လို့။ ဥပမာ မန်နေဂျာအသစ်တစ်ယောက်ရောက်တယ်ဆိုရင် သူ့အောက်ကလူတွေက အဲဒီမန်နေဂျာနောက်ကို လိုက်ကိုလိုက်ရမယ်။
နားထောင်ရမယ်။ မဟုတ်ရင် အလုပ်ဖြုတ်ခံရမယ်၊ လစာမရဘဲနေမယ်။
ဒီတော့ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ နောက်ကလိုက်ရမယ်။ ပြဿနာက ဒီခေါင်းဆောင်မှုပုံစံမှာ နောက်လိုက်တွေက ကြိုးစားအားထုတ်မှုအနည်းဆုံးပဲလုပ်တယ်။
သူတို့အလုပ်အတွက် တာဝန်ကျေရုံပဲလုပ်မယ်။ အလုပ်မဖြုတ်ခံရရုံလေးပဲ။ သူ့ရဲ့ အခြေခံအကျဆုံးက အာဏာ(Rights)ပဲ။ “ငါဒါကိုလုပ်မယ် မင်းတို့လိုက်လုပ်ရမယ်။
ဘာလို့လည်းဆိုတော့ ငါက မန်နေဂျာမို့လို့။” ဒီခေါင်းဆောင်မှုပုံစံရဲ့ မြင်သာထင်သာတာကတော့ အလုပ်ဆင်းချိန်ရောက်တာနဲ့ ဝန်ထမ်းတွေ ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်ကြတာပဲ။
၂။ ဆက်ဆံရေးကောင်းသူ (Permission)
ဒီအဆင့်မှာ လူတွေက ကိုယ့်နောက်ကိုလိုက်ကြတာက သူတို့လိုက်ချင်လို့။ လိုက်ချင်လို့လိုက်တာနဲ့ လိုက်ရမှာမို့လိုက်တာကြား ကွဲပြားခြားနားမှုအရမ်းကြီးတယ်။
ဒီအဆင့်မှာခေါင်းဆောင်မှုပုံစံက သူ့ရဲ့ လက်အောက်ငယ်သားတွေနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေး တည်ဆောက်ထားတယ်။
လူတွေက သူ့ကိုသဘောကျလို့ သူ့နောက်ကိုလိုက်တာ။ တချို့ခေါင်းဆောင်တွေဟာ ခေါင်းဆောင်နေရာခန့်ထားလို့သာ ဖြစ်နေရတယ်။
ဘယ်သူမှ သူတို့ကိုသဘောမကျဘူး။ လူတွေကို ခေါင်းဆောင်တဲ့သူကို သူဦးဆောင်ရတဲ့သူတွေက မကြိုက်ဘူးဆိုတာ ဘယ်လောက်မှားယွင်းတဲ့ခေါင်းဆောင်မှုဖြစ်မလဲ။
ဒီအဆင့်မှာတော့ အဲဒီလိုမဖြစ်တော့ဘူး။ သူပြောတာ လိုက်လုပ်ရမှာမို့ လုပ်ရတာမဟုတ်ဘဲ လုပ်ချင်လို့ကိုလုပ်ပေးတာပေါ့။
အပေါ်ကပုံစံနဲ့ အားစိုက်ထုတ်မှုချင်း ကွဲပြားသွားတယ်။
ဒီအဆင့်ရဲ့ အခြေခံအကျဆုံးအချက်က ဆက်ဆံရေး (Relationships) ပါ။ ကိုယ်တိုင်လည်းကြုံခဲ့ဖူးမှာပါ။
ကိုယ်မုန်းတဲ့ အထက်အရာရှိတွေပေါ့။ ဒီအဆင့်မှာ ရှိတဲ့ခေါင်းဆောင်တွေဟာ အချက်(၃)ချက် အဓိကရှိတယ်။
(က) သေချာနားထောင်တတ်တယ်
(ခ) သေချာမြင်တတ်တယ်
(ဂ) လေ့လာသင်ယူတယ်
၃။ အလုပ်ပြီးသူ (Production)
ဒီအဆင့်ရဲ့ ခေါင်းဆောင်မှုအခြေခံအကျဆုံးအချက်က ရလဒ် (Results) ပါ။ အဆင့် ၁ နဲ့ ၂ ကို မရနိုင်ဘဲ အဆင့် ၃ကို မရောက်နိုင်ဘူး။
ဆက်ဆံရေးကောင်းနေရုံနဲ့ပဲလည်း ပြီးမနေဘဲ ရလဒ်တွေ၊ စွမ်းဆောင်ရည်တွေလည်း လိုအပ်သေးတယ်။
ဒီအဆင့်မှာခေါင်းဆောင်သူက “ငါပြောသလိုလုပ် ငါလုပ်သလိုလုပ်” ဆိုတဲ့လူမျိုးတွေဖြစ်ရမယ်။
ကိုယ်တိုင်တော့ မလုပ်နိုင်ဘဲ မလုပ်ပြဘဲ လက်အောက်ငယ်သားတွေကို အတင်းအကြပ်စေခိုင်းတဲ့သူမဖြစ်ရဘူး။
ရှေ့ကဦးဆောင်တဲ့သူတွေဖြစ်တယ်။ ငါ့နောက်ကလိုက်ခဲ့ကြလို့ ခေါ်ကြသူတွေဖြစ်တယ်။
ရှေ့ကတက်ကြလို့ နောက်မှာချန်ပြီး အမိန့်ပေးတဲ့သူမဖြစ်ရဘူး။
ဥပမာ ကိုယ့်လက်အောက်ကလူတွေ အလုပ်ကိုအချိန်မှန်လာစေချင်တယ်၊ အလုပ်ကိုကြိုးစားစေချင်တယ်ဆိုရင် ကိုယ်တိုင်အချိန်မှန်ပြမှဖြစ်မယ်။
ကိုယ်တိုင် အလုပ်ကြိုးစားပြမှဖြစ်မယ်။ မဟုတ်ဘဲ “မင်းအလုပ်ကိုနောက်မကျစေနဲ့” ပြောပြီး ကိုယ်တိုင်က လာချင်တဲ့အချိန်မှလာတဲ့သူမျိုးဆိုရင်တော့ ဖြစ်နိုင်မှာမဟုတ်ဘူး။
ခေါင်းဆောင်တွေဟာ သူတို့နဲ့တူတဲ့သူတွေကိုပဲ မွေးထုတ်ပေးနိုင်ကြတယ်။ ကိုယ်စိုက်ပျိုးတာကို ကိုယ်ရိတ်သိမ်းကြရတယ်။
၎။ တိုးတက်စေသူ (People development)
ဆက်ဆံရေးကောင်းနေရုံမဟုတ်တော့ဘူး၊ အလုပ်ပြီးစေတာတစ်ခုတည်းမဟုတ်တော့ဘူး။
ဒီအဆင့်မှာခေါင်းဆောင်သူက သူဦးဆောင်တဲ့သူတွေကို တိုးတက်ဖွံ့ဖြိုးအောင်လုပ်ပေးသူတစ်ယောက်ဖြစ်လာပြီ။
ပျိုးထောင်ပေးသူတစ်ယောက်ဖြစ်လာပြီ။
ဒီအဆင့်မှာ ကိုယ့်လက်အောက်ငယ်သားတွေကို ကိုယ်လိုလူတစ်ယောက်ဖြစ်လာအောင် လေ့ကျင့်ပျိုးထောင်မှုတွေကို အဓိကအာရုံစိုက်ပြီး တာဝန်တွေလွှဲပေးနိုင်သူတစ်ယောက်ဖြစ်နေပြီ။
သူ့ရဲ့ အခြေခံအကျဆုံးအချက်က မွေးထုတ်ခြင်း (Reproduction) ပါ။ ဒီနေရာမှာ အရေးပါတဲ့ အဆင့်သုံးခုရှိတယ်။
(က) လူရွေးချယ်တဲ့အချိန် မှန်ကန်ရမယ်
(ခ) နေရာချတဲ့ပုံစံ၊ အသုံးချတဲ့ပုံစံမှန်ကန်ရမယ်
(ဂ) သူတို့တွေကို အကောင်းဆုံး ပြင်ဆင်ပေးထားရမယ်။ ဒီအတွက် အဆင့်ငါးဆင့်ထပ်ခွဲပေးထားတယ်။
“ငါလုပ်မယ်”၊ “ငါနဲ့အတူလုပ်”၊ “မင်းလုပ်ကြည့်ငါကြည့်ပေးမယ်”၊ “မင်းဘာသာလုပ်တော့”၊ “မင်းတခြားတစ်ယောက်နဲ့အတူလုပ်ပြီး သင်ပေးတော့”
၅။ လေးစားခံရသူ (Pinnacle)
ဒီအဆင့်ကို မြင်သာထင်သာရှိစေတာကတော့ လေးစားမှု (Respect) ပါ။
ဒီအဆင့်ကိုရောက်ဖို့အတွက် ခဏလေးနဲ့မဖြစ်နိုင်ဘူး။
ဘဝတစ်သက်တာလုံး လေ့လာသင်ယူသွားမှရမယ်၊ ဖွံ့ဖြိုးတိုးတက်သွားမှရမယ်၊ အောင်မြင်အောင်၊ တိုးတက်အောင် ဖွံ့ဖြိုးအောင် ဦးဆောင်သွားနိုင်ခဲ့ရမယ်။
နာမည်တစ်ခုကြားတာနဲ့ အဲဒီလူဦးဆောင်တဲ့နောက်ကို ဘယ်လိုအခက်အခဲပဲရှိရှိ လိုက်မယ်ဆိုတာမျိုးပေါ့။
ကိုယ့်ရဲ့ အထက်အရာရှိအဖြစ် မရှိတော့ရင်တောင် တသသ ဖြစ်နေမယ့်သူမျိုးပေါ့။
ဥပမာ ဗိုလ်ချုပ်အောင်ဆန်းဆိုတဲ့နာမည်ကြားရုံနဲ့ သူ့နောက်က သေသေကြေကြေလိုက်မယ်ဆိုတာမျိုးပေါ့။
ဒီအတွက်ခဏလေးနဲ့တော့မဖြစ်နိုင်ဘူး။
ယုံကြည်မှုတွေ၊ သိက္ခာတရားတွေ၊ ရိုးသားမှုတွေ၊ ကြိုးစားအားထုတ်မှုတွေ၊ ယုံကြည်ချက်တွေ ဘဝတစ်သက်တာလုံး ရင်းနှီးမြှုပ်နှံထားရတာ။
ကိုယ်ဘယ်အဆင့်လဲမှာသိနိုင်ဖို့အတွက် ကိုယ့်လက်အောက်ငယ်သားတွေ ကိုယ့်ကိုဘယ်လိုမြင်လဲဆိုတာကို စဉ်းစားကြည့်ရင်သိနိုင်ပါတယ်။
ကိုယ်မရှိတော့တာနဲ့ ဖြစ်ချင်တာဖြစ်နေတဲ့လုပ်ငန်းခွင်လား။ ကိုယ့်ကိုရွံကြောက်ကြောက်နေကြတာလား။ ချစ်ခင်လေးစားကြလား။
ကိုယ့်ကိုဂရုစိုက်ကြလား။ ဒါကို ပြန်မြင်အောင်ကြည့်နိုင်မယ်ဆိုရင် ကိုယ်ရောက်နေတဲ့အဆင့်ကို ခန့်မှန်းနိုင်ပါတယ်။
အန္တိမရည်မှန်းချက်ကတော့ ကိုယ်ရောက်နေတဲ့အဆင့်ကနေ မြင့်နိုင်သမျှ မြင့်အောင်တက်သွားဖို့ပါပဲ။
ကိုယ့်နာမည်ကြားလိုက်တာနဲ့ သူ့နောက်တော့ ဘယ်လိုပဲဖြစ်ဖြစ် လိုက်မယ်ဆိုတာမျိုးပေါ့။
Recommended for you-ပရိုပီသတယ်ဆို တာ ဘယ်လိုမျိုးလဲ
(ကိုးကား - 5 levels of Leadership by John C. Maxwell)
Credit; drthureainhlaingwin