Life Hacks

အခက်အခဲ နဲ့ ဖိအားဆိုတာ ကြောက်စရာမဟုတ်ပါဘူး

Read 723 times
အခက်အခဲ နဲ့ ဖိအားဆိုတာ ကြောက်စရာမဟုတ်ပါဘူး

ကျမ အတွေ့အကြုံအရပြောရရင် အခွင့်အလမ်းဆိုတာ အခက်အခဲရဲ့ နောက်ကနေ လိုက်ပါလာတတ်တဲ့ အရာမျိုးလို့ ဆိုချင်တယ်။

ကျမလို သာမန်မိန်းမတစ်ယောက်အနေနဲ့ ဘဝက ကျမ ထင်ထားတာထက် ပိုခက်ခဲကြမ်းတမ်းပါတယ်။ဒါပေမဲ့လည်း ကြုံတွေ့ခဲ့ရတဲ့အတွေ့အကြုံတွေက ကျမကို ပိုပြီး ကြံ့ခိုင်လာစေခဲ့သလား မသိပါဘူး။

ဖြစ်အောင်လုပ်မယ် ဆိုတဲ့စိတ်နဲ့ ဘယ်လောက်ခက်ခဲပါစေ အကောင်းအဆိုးတွေကို ရင်ဆိုင်ရင်း နဲ့ကြံ့ကြံ့ခံခဲ့ပါတယ်။

ခုချိန်ထိလည်း အခက်အခဲတွေက စိန်ခေါ်မှုတွေအနေနဲ့ ရှိနေတုန်း။လုပ်ငန်းခွင် ဖိအားတွေ ရှိနေတာပဲ။ ကောင်းသလား၊ မကောင်းဘူလား ကျမ မစဉ်းစားတော့ဘူး။

အခက်အခဲဆိုရင် စိန်ခေါ်မှုပဲ။ ပြဿနာဆိုရင် အခွင့်အလမ်း ပဲလို့ သဘောထားပြီး နေ့စဉ်ဘဝကို ဖြတ်သန်းနေပါတယ်။

လူတိုင်းဟာ လခစားဝန်ထမ်း လို့ဆိုနေပါစေ စီးပွားရေး လုပ်ကြရတာပါ။ ငွေရအောင်လုပ်တဲ့ အလုပ်တိုင်းဟာ စီးပွားရေးပါ။

စီးပွားရေးလုပ်ငန်း လုပ်ကိုင်တဲ့ သူတိုင်း စွန့်စားမှု စီမံခန့်ခွဲခြင်း ကို ကြုံတွေ့ကြရပါတယ်။

ဘယ်လုပ်ငန်းမျိုးမဆို Risk (စွန့်စားမှု) ဆိုတာ ရှိပါတယ်။ Risk မယူရင်လည်း Return ဆိုတာ မရှိနိုင်ပါဘူး။

ကိုယ်တတ်နိုင်တဲ့ ပမာဏတစ်ခုထက်ပိုပြီးတော့ကို ရင်းနှီးမြှုပ်နှံခဲ့ရပါတယ်။ ပြောရရင်တော့ စလုပ်ခဲ့တဲ့ အချိန်ကတည်းကနေ ယနေ့ထိတိုင် ဒီလုပ်ငန်းအောင်မြင်မယ် မအောင်မြင်ဘူးဆိုတာကို ကြိုတင်ပြီး သေသေချာချာမပြောနိုင်ခဲ့သလို၊ ယနေ့ထက်ထိ ရင်းနှီးမြှုပ်နှံနေရဆဲပါပဲ။

ဒီလို မသေချာမှုတွေကြားကနေ လုပ်ငန်းလုပ်ဖို့စတင်ပြီး စွန့်စားခဲ့ရပါတယ်။

ပြီးတော့ လုပ်ငန်းဆက်လက်ရပ်တည်ဖို့၊ တိုးချဲ့ နိုင်ဖို့ နဲ့ ကိုယ့်ဝန်ထမ်းတွေအတွက် အခွင့်အလမ်းတွေ ဖော်ထုတ်ပေးနိုင်ဖို့ကို အစဉ်တစိုက် ကြိုးစားနေရတာကလည်း စွန့်စားမှုတွေ လုပ်နေရတာပါပဲ။

အဲလို ဆောင်ရွက်နေရင်း အရှုံးတွေကိုလည်း ကျားကန်နိုင်မှ လုပ်ငန်းဟာ သက်တမ်းရှည်ပါတယ်။လုပ်ငန်းရှင်တွေ အနေနဲ့ အရှုံးတွေကို ကျားကန်ပြီး ၀င်ငွေတိုးလာမဲ့ နည်းလမ်းတွေကိုလည်း တစ်ဖက်တစ်လမ်းကနေ ရှာဖွေနေရချိန်တွေရှိပါတယ်။

အဲဒီအချိန်တွေက အခက်အခဲဆုံးအချိန်တွေပါ။ လုပ်ငန်းကို ရပ်မပစ်ချင်လို့ ကြိုးစားရုန်းကန်ရတာ ဘယ်လောက်ခက်သလဲဆိုတာ လုပ်ငန်းရှင်ဖြစ်မှ သိပါတယ်။

ဒါပေမဲ့ ကျမက အခက်အခဲကို စိန်ခေါ်မှုလို့ မြင်ခဲ့တာ။ကျမတစ်သက်လုံး စိန်ခေါ်မှုတွေကို ကြိုက်နှစ်သက်ခဲ့တာ၊ စွန့်စားရမှာ နေပျော်ခဲ့တာတွေက ခုလို စီးပွားရေးလုပ်ငန်းနဲ့ ပတ်သက်တဲ့၊ ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်တဲ့ စွန့်စားမှုတွေနဲ့ ရှောင်လွဲလို့မရတဲ့ စွန့်စားမှုတွေကြားမှာ

ရှင်သန်နေရတာဖြစ်တဲ့အတွက် ကိုယ့်အနေနဲ့ Risk ကို ဘယ်လောက်ထိပဲ ယူမယ်ဆိုတာကိုတော့ ပုံသေ တွက်ထားလို့ကို မရပါဘူးအဲဒါကပဲ ကိုယ့်ကို စိတ်ဖိအားတွေ ဖြစ်စေပြန်တယ်။

အဲဒီမှာဖိအားဆိုတာနဲ့ပတ်သက်ပြီး ကျမ စဉ်းစားကြည့်တာတွေ ရှိတယ်။

ဖိအားဆိုတာကို မကောင်းတဲ့ဘက်ကနေ ကြည့်မယ်ဆိုရင်တော့ စိတ်ဖိဆီးမှု များစေတယ်၊ အမျိုးသမီးတွေအတွက် အရွယ်ကျစေတယ်၊ ပင်ပန်းစေတယ်ပေါ့။

ဖိအားဆိုတာကို ကောင်းတဲ့ဘက်ကနေ မြင်ကြည့်မယ်။

သေချာတွေးကြည့်မယ် ဆိုရင် ဒီဖိအားတွေကြောင့်သာ ကျမတို့တွေက နိုးနိုးကြားကြားဖြစ်နေပြီးတော့ အလုပ်တွေကို လုပ်ဖြစ်ကြတာပါ။

ဖိအားတွေက ပိုပြီး သန်မာအောင်လုပ်ပေးတယ်။ ဖိအားတွေကို ခံနိုင်ရည်ရှိမှ နောက်ထပ်အဆင့်တစ်ဆင့်ကို တက်နိုင်မယ်။

ဖိအားမရှိတဲ့ ဘ၀ဟာ ယေဘူယျအားဖြင့် သက်သာတယ်လို့ ထင်ရပေမဲ့ သေချာစဉ်းစားကြည့်ရင်တော့ ပင်လယ်ပြင်မှာ ကုန်မပါတဲ့ သဘောင်္တစ်စင်းလိုပါပဲ။ ရေပြင်မှာ လေပြင်းလေးတိုက်လိုက်တာနဲ့ လဲပြိုသွားတဲ့ သဘောင်္တစ်စင်းလို

တည်ငြိမ်မှုမဲ့၊ ခွန်အားမဲ့ ပြီး တိမ်းမှောက်သွားနိုင်တယ်လေ။ အဲဒီလိုတွေးမိတိုင်း...။

ဖိအားဆိုတာ ကျမကို ပိုတော်အောင် ပိုထက်အောင် ပိုပြီး ခံနိုင်ရည် ရှိအောင် လုပ်ပေးတဲ့ အရာပဲလို့ နားလည်မိတော့တယ်။

အဲဒါကြောင့် ကျမဟာ ဒီကနေ့ထိ ရှင်သန်နေတာပါ။ စိန်ခေါ်မှုတွေနဲ့ အခက်အခဲတွေသာ မရှိခဲ့ရင် ကြံ့ခိုင် သန်မာတဲ့ ကျမ ဆိုတာ ဖြစ်မလာနိုင်ပါဘူး။

အခက်အခဲတွေနဲ့ ဖိအားတွေကို မကြောက်ပါနဲ့ ကိုယ့်အတွက် အကောင်းဆုံးဖြစ်အောင် အသုံးပြုလိုက်ပါရှင်။

Recommended for you-ဘ၀မှာ ဘာတွေလုပ်ပြီး အသက်ရှင်မလဲ???

Credit; Original Writer

ကျွန်တော်တို့ MMRD မှ Myanmar Advertising Directory စာအုပ်များအပြင် အခြားသော စာအုပ်များလဲ ထွက်ရှိနေပါပြီနော်...။

 

Directory Book 1