၁။ အခွင့်အလမ်းကောင်း ရှာတတ်ရမည်
၂။ ဈေးကွက်ကို သုတေသနလုပ်တတ်ရမည်
၃။ ပညာရှာရမည်
၎။ တစ်ဆင့်ချင်း တက်သွားနိုင်ရမည်
အခွင့်အလမ်းကောင်းများ ရှာခြင်းဆိုသည်မှာ ဘာလုပ်မည်နည်းဆိုသည်ကို ပထမဆုံးရွေးချယ်ခြင်းဖြစ်သည်။ လူတိုင်း လုပ်ငန်းရှင်ကြီးတွေ ဖြစ်ချင်သည်။ သို့သော် ဘာလုပ်မည်နည်းဆိုလိုက်လျှင် ဝေဝါးကုန်သည်။ လျှောက်လုပ်တိုင်း အလုပ်ဖြစ်ချင်မှဖြစ်မည်။ ဘာလုပ်လျှင် ချမ်းသာနိုင်မည်နည်းဆိုသည်ကို ပထမဆုံး အခွင့်အလမ်းအဖြစ် သိမြင်နိုင်စွမ်းရှိရမည်။
ပရိဘောဂလုပ်သူက ခိုင်းသမျှထိုင်လုပ်လျှင် မကြီးပွားနိုင်။ မည်သို့ပုံစံ ဒီဇိုင်းထွင်ပြီး ထိုးဖောက်ရမည်ကို ကြံဆနိုင်ရမည်။ စားသောက်ဆိုင်တွင်လုပ်သူကလည်း မှာသမျှ ထိုင်ချက်ပြုတ်ပေးနေသမျှ သူဌေး ဖြစ်ချင်မှဖြစ်မည်။ မည်သို့သော အစားအသောက်မျိုးကို တီထွင်ပြီး ဖောက်ထွက်ရမည်ကို ကိုယ်တိုင် ဝေဖန်ဆန်းစစ်နိုင်မှဖြစ်မည်။
ကြီးပွားချမ်းသာချင်သူသည် တီထွင်မှုကို မြတ်နိုးရသည်။ စွန့်စားဖောက်ထွက်ခြင်းကို သဘောကျသည်။ ခိုင်းတာလုပ်ရခြင်းထက် မခိုင်းဘဲ တီထွင်ပြီး စမ်းသပ်နေရခြင်းကို မြတ်နိုးတတ်သည်။ သူသည် အမြဲထိုင်နေသူမဟုတ်။ အိပ်နေလျှင်ပင် တီထွင်ဖောက်ထွက်နေတတ်သူဖြစ်သည်။
ကိုယ်လုပ်မည့်လုပ်ငန်းသည် ထုတ်ကုန်သက်သက် ထိုင်ထုတ်နေရန်မဟုတ်။ ကိုယ့်ထုတ်ကုန်ကို ဈေးကွက်ရစေရန် ရှာဖွေနိုင်စွမ်းလည်းရှိရမည်။ ဈေးကွက်က ဘာတွေလိုသနည်း၊ ဘယ်လောက်လို သနည်း။ ငါ ဘယ်လောက် ထုတ်ရမည်နည်း ဆိုသည့်အချက်များကို လေ့လာဆန်းစစ်နိုင်စွမ်းရှိရမည်။
ဥပမာ ထမင်းဆိုင်တစ်ဆိုင်ကို ရပ်ကွက်အတွင်း ဖွင့်တော့မည်ဆိုလျှင် ဤရပ်ကွက်အတွင်း၌ အလားတူ ဆိုင်ပေါင်း မည်မျှရှိနေသနည်း။ စားသုံးသူများသည် ဈေးပေါပေါကြိုက်သလား၊ ဈေးကြီးသော်လည်း ကောင်းကောင်းကြိုက်သလား၊ မည်သို့သော အစားအသောက်များကို ကြိုက်သနည်း စသည်တို့ကို သေသေချာချာ လေ့လာစိစစ်ပြီးမှဖွင့်လျှင် ပိုပြီးအောင်မြင်နိုင်သည်။
စွန့်ဦးတီထွင်သူ ဖြစ်ချင်သူတစ်ဦးသည် အမြဲတမ်း လေ့လာသင်ယူနေသူတစ်ဦး ဖြစ်ရမည်။ အောင်မြင်သူတိုင်း ပညာတတ်ကြသည်၊ စာဖတ်ကြသည်။ ပညာတတ်ဆိုသည်မှာ တက္ကသိုလ်မှ ဘွဲ့ဒဂရီကြီးများကို ဆိုလိုခြင်းမဟုတ်။
အတတ်ပညာနှင့် အသိပညာကို ပေါင်းစပ်ပြီး တီထွင်နိုင်စွမ်းရှိခြင်းမျိုးကို ဆိုလိုသည်။ အမှားအမှန် ဆင်ခြင်ခွဲခြားနိုင်စွမ်းနှင့် လုပ်ငန်းအပေါ် ပိုင်းဖြတ်နိုင်စွမ်းများကိုလည်း ပညာဟုခေါ်ပါသည်။ ကိုယ်လုပ်ရမည့် လုပ်ငန်းအတွက် အမြဲတမ်း တိုးတက်စေရန် သက်ဆိုင်သော အတွေ့အကြုံ၊ ဗဟုသုတများကို ရှာဖွေလေ့လာနေခြင်းကလည်း ပညာဖြစ်သည်။ ယနေ့ အောင်မြင်နေသည့် လုပ်ငန်းရှင် အွန်ထရယ်ပရယ်နား ၉၅ ရာခိုင်နှုန်းခန့်သည် တက္ကသိုလ်၊ ကောလိပ်များမှ ဘွဲ့ဒီဂရီတစ်ခုခု ရရှိထားကြသူများဖြစ်သည်။
လုပ်ငန်းအောင်မြင်စေရန် ခုန်ပျံကျော်လွှား တက်သွား၍မရပါ။ တစ်ဆင့်ချင်း တက်လှမ်းသွားနိုင်စေရန် ကြိုးစားရမည်။ အောင်မြင်သူ အွန်ထရယ်ပရယ်နားတို့၏ ဖြတ်သန်းမှုခရီးလမ်းများကို လေ့လာကြည့်ပါ။ သူတို့ တစ်ဆင့်ချင်း တက်ခဲ့ကြသူများဖြစ်နေသည်ကို တွေ့ကြရပါလိမ့်မည်။ နှစ်ပေါင်းများစွာ သူတို့ဘဝတွေကို ရင်းနှီးမြှုပ်နှံခဲ့ပြီးမှ ထိပ်ဆုံးတွင် နေရာလေးတစ်နေရာ ရလာကြခြင်းဖြစ်ပါသည်။
အချို့သော စွန့်ဦးတီထွင်သူများသည် ချက်ချင်းအောင်မြင်သည်ဟု ထင်ကောင်းထင်ကြလိမ့်မည်။ သို့သော် သူတို့သည် အခြားသောလုပ်ငန်းတစ်ခုတွင် ဘဝကိုနှစ်ထားသော်လည်း၊ အားလပ်ချိန်များတွင် သူတို့ဖြစ်ချင်သည့်အလုပ်ကို စူးစိုက်လုပ်ဆောင်နေတတ်မှန်း သိချင်မှသိမည်။
စွန့်ဦးတီထွင်သူ တစ်ယောက် ဖြစ်လာရန် မလွယ်ပါ။ အချိန်တွေအများကြီးပေးကာ ရုန်းကန်ခဲ့ရပါသည်။ အချို့လည်း စိတ်မရှည်နိုင်သဖြင့် စွန့်လွှတ်သွားခဲ့သည်များလည်း ရှိနိုင်ပါသည်။ အခက်အခဲများနှင့် စွန့်စားအားထုတ်ရမှုသည် လုပ်ငန်းတိုင်းတွင် ရှိနိုင်ပါသည်။ အောင်မြင်သူတိုင်း လွယ်လွယ်လေးနှင့် အနေအထားတစ်ခုကို ရောက်လာသည်မဟုတ်။ သူတို့တွင် ရင်းနှီးခဲ့ရသော စွန့်လွှတ်နစ်နာခဲ့မှုပေါင်းများစွာနှင့် ဘဝကို တည်ဆောက်ခဲ့ကြခြင်းဖြစ်ကြောင်း နားလည်ထားသင့်သည်။
Read-အောင်မြင်ချင်သူတွေ လေ့လာသင့်တဲ့ Dell ရဲ့မတူညီတဲ့ အတွေးအခေါ်
Source; The Voice