တိတိကျကျပြောရင်တော့ ကြိုးစားရက်နဲ့မအောင်မြင်သေးတဲ့သူတွေအတွက်ပါ။အောင်မြင်မှုအတွက် အခြေခံအကျဆုံးက ကြိုးစားမှုပါပဲ။ ဒါတင်ပဲလားဆိုတော့ မလုံလောက်သေးပါဘူး။ သေချာပေါက်အောင်မြင်ဖို့ဆိုရင်တော့ ကျန်တဲ့ဖြည့်စီးရမယ့် အချက်လေးတွေ ရှိသေးတယ်ဆိုတာ သတိပြုသင့်ပါတယ်။
(၁) ဖန်တီးမှု
အောင်မြင်ချင်လို့ ကြိုးစားနေတဲ့သူအချင်းချင်းမှာ ဘယ်အရာက ကွဲပြားသွားစေမလဲ? အဓိကကတော့ ဖန်တီးမှုပါပဲ။ ကိုယ့်ရဲ့ဖန်တီးမှုနဲ့လျှောက်တဲ့လမ်းဟာ တစ်မူထူးခြားမယ်ဆိုရင် အောင်မြင်ဖို့ ရာခိုင်နှုန်းပိုများနေပါလိမ့်မယ်။ အခက်အခဲလား? အောင်မြင်မှုဆီသွားတဲ့လမ်းတိုင်းမှာအခက်အခဲဆိုတာကတော့ ရှိတာပေါ့ဗျာ။
(၂) တိုးတက်မှု
ဘယ်တော့မှ ရပ်တန့်ပစ်လိုက်လို့ မရတဲ့အထဲမှာ တိုးတက်မှုပါတယ်။ တိုးတက်ခြင်းဆိုတာကို ရပ်လိုက်ပြီဆိုတာနဲ့ ဒီအတိုင်းသူ့ဟာသူ ရပ်နေမှာမဟုတ်ဘူး။နောက်ပြန်ဆွဲနေမှာ။ ဒါကို သတိပြုရပါမယ်။ နောက်ပြီး အားလုံးအလိုလို အရှိန်အဟုန်နဲ့ ပြေးနေတဲ့ခေတ်မှာ ကိုယ့်ရဲ့တိုးတက်မှုဆိုတာကလည်း အရှိန်အဟုန်နဲ့ရှိနေသင့်ပါတယ်။ တကယ်လို့ သင်သာ တကယ်အောင်မြင်ချင်တယ်ဆိုရင်ပေါ့။
(၃) ပူးပေါင်းလုပ်ဆောင်မှု
ဘယ်လောက်ပဲ အောင်မြင်တဲ့သူဖြစ်ဖြစ်၊ ဘယ်လောက်ပဲ ထူးချွန်တဲ့သူဖြစ်ဖြစ်။ တစ်ခုနားလည်ရမှာက အရာတိုင်းကို ကိုယ်တစ်ယောက်တည်း လုပ်ဆောင်လို့မရနိုင်ပါဘူး။ ရနိုင်တယ်ပဲထားဦးတော့ အသင်းအဖွဲ့နဲ့လုပ်ဆောင်ချက်လောက်တော့ အရည်အသွေးကောင်းနိုင်မှာ မဟုတ်ပါဘူး။ ဆယ်ယောက်အားဟာ တစ်ယောက်အားထက်တော့အမြဲသာနေမှာပါ။ ဒီတော့ အောင်မြင်မှုကို ဆုပ်ကိုင်ချင်ရင် ဘယ်လိုလူမျိုးတွေနဲ့ ပူးပေါင်းလုပ်ဆောင်ရမလဲဆိုတာကို နားလည်ရပါမယ်။
(၄) လိုက်လျောညီထွေမှု
ယုံကြည်ရာကို စွဲစွဲမြဲမြဲဆုပ်ကိုင်တာဟာ ကောင်းတယ်။ အရှုံးပေးတတ်တာ မကောင်းဘူး။ အဲဒီ့လိုပဲ ခေါင်းမာတဲ့အကျင့်ကတော့ မကောင်းဘူး။ လိုက်လျောညီထွေဖြစ်တတ်တာတော့ကောင်းတယ်။ ဒီအချက်လေးကို ရှင်းရှင်းလင်းလင်း သဘောပေါက်ရင်တော့ သင်ဟာ လူရည်လည်တဲ့သူတစ်ယောက် ဖြစ်လာမှာပါ။
(၅) ရည်မှန်းချက်တွေ
မြေပုံမရှိဘဲ ဘယ်ရတနာသိုက်ကိုမှ ရှာမရနိုင်ဘူး။ ဒီလိုပဲ ဘာရည်မှန်းချက်မှ မရှိဘဲလည်း ဘာအောင်မြင်မှုမှလည်းပဲ မရနိုင်ဘူး။ ရှင်းရှင်းလေးပါပဲ။ ဒီတော့အောင်မြင်ချင်ပြီလား ဒါဆို ဘာဖြစ်ချင်လဲဆိုတာကို သိအောင်အရင်လုပ်ဖို့လိုပါမယ်။
Recommended for u- ကျရူံးခြင်းမှ အောင်မြင်မှုပန်းတိုင်သို့ ရောက်ရှိလာသူ
Source: ရွှေညာမောင်(focus youth E-magazine)