TO GET INSTANT UPDATE
https://t.me/Guid4U
JOIN THE CHANNEL
အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ထုတ်ပြန်သည့် တရားမဝင် ကြော်ငြာရောင်းချနေမှုများနှင့်ပတ်သက်၍ အများပြည်သူသို့ အသိပေးကြေညာချက်ကို ဖော်ပြအပ်ပါသည်။
တရားမဝင် ကြော်ငြာရောင်းချနေမှုများနှင့်ပတ်သက်၍ အများပြည်သူသို့ အသိပေးကြေညာချက်
ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသည် အရည်အသွေး စစ်မှန်ကောင်းမွန်ပြီး၊ ဘေးအန္တရာယ်ကင်းရှင်းသော အစားအသောက်များကို အများပြည်သူတို့ စားသုံး နိုင်ရန် စဉ်ဆက်မပြတ် စနစ်တကျစီစဉ်ကြပ်မတ်ကွပ်ကဲလျက် ရှိပါသည်။
အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန၏ တရားမဝင် Online စောင့်ကြည့်ရေးအဖွဲ့အနေဖြင့် Online Media များမှ အစားအသောက်များ ကြော်ငြာရောင်းချနေမှုများကို စိစစ်ခဲ့ရာ အောက်ဖော်ပြပါ အချက်အလက် များဖြင့် တရားမဝင် အစားအသောက်များကို Social Media တွင် အလွန်အကျွံ ကြော်ငြာရောင်းချနေကြောင်း စိစစ်တွေ့ရှိရပါသည်။
စိစစ်ချက်များအရ -
• မြန်မာနိုင်ငံတွင် သွင်းကုန်ထောက်ခံချက်ရရှိထားခြင်းမရှိသော အစား အသောက်များ ရောင်းချနေခြင်း၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက် အတုများ ပြုလုပ်၍ ကြော်ငြာရောင်းချခြင်း၊
• ရောင်းချသည့် Online Page တွင် လိပ်စာအပြည့်အစုံ ဖော်ပြထားမှု မရှိခြင်းတို့အပြင်
• နာမည်ကြီး လူသိများ၊ ထင်ရှားကျော်ကြားသော အတတ်ပညာရှင်၊ အသိပညာရှင်များ၏ ရုပ်ပုံများ၊ ဗီဒီယိုများကို အသုံးပြု၍ မိမိ၏ ကုန်ပစ္စည်းအမှတ်တံဆိပ်များ ထည့်သွင်းကာ လိမ်လည်ကြော်ငြာရောင်းချခြင်း၊
• ရောဂါရှာဖွေ၊ ကုသ၊ ပျောက်ကင်း၊ သက်သာ၊ ကာကွယ်စေရန်အတွက် မဟုတ်သည့် ဓာတ်စာ၊ ဖြည့်စွက်စာများကို “ရောဂါကုသပျောက်ကင်းနိုင်သည်” ဟူ သော စာသားများဖြင့် အလွန်အကျွံကြော်ငြာခြင်းများဖြင့် Online/ Social Media များတွင် ရောင်းချနေကြောင်း တွေ့ရှိရပါသည်။
သို့ဖြစ်ပါ၍ စားသုံးသူပြည်သူများအနေဖြင့် ယင်းအချက်များဖြင့် ကြော်ငြာရောင်းချနေသော သွင်းကုန် ထောက်ခံချက် မှတ်ပုံတင်ထားခြင်းမရှိသော အစားအသောက်များကို ဝယ်ယူသုံးစွဲခြင်း မပြု ကြရန်နှင့် ဆင်ခြင်သုံးစွဲနိုင်ပါရန်အတွက် သွင်းကုန်ထောက်ခံချက်ရရှိထားသောကုန်ပစ္စည်းများကို https://esubmission.fda.gov.mm/search-product တွင် တိုက်ဆိုင်စစ်ဆေးကြည့်ရှုနိုင်ပါကြောင်း အသိပေးအပ်ပါသည်။
ထို့အပြင် မိမိတို့သုံးစွဲနေသည့် အစားအသောက်များနှင့် ပတ်သက်၍ သံသယဖြစ်ဖွယ် တစ်စုံတစ်ရာတွေ့ရှိပါက အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ နေပြည်တော် သို့ ရုံးချိန်အတွင်း သတင်းပေးပို့ အကြောင်းကြားနိုင်ပါကြောင်း အသိပေးနှိုးဆော်အပ်ပါသည်။
သတင်းပေးပို့ရန်။ ။
အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊
ပြည်ကြီးဇေယျာလမ်း၊
စံပယ်အိမ်ရာရှေ့၊
ဇေယျာသီရိရပ်ကွက်၊
ဇမ္ဗူသီရိမြို့နယ်၊
နေပြည်တော် ပြည်ထောင်စုနယ်မြေ။
ဖုန်း။
၀၆၇-၃၄၀၃၂၅၀၊ ၀၆၇-၃၄၀၃၁၆၇
အီးမေးလ်။
အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ကျန်းမာရေးဝန်ကြီးဌာန
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL