Life Hacks

ဂျက်မား၊ မာခ့်ဇူကာဘတ်၊ အီလွန်မက်စတဲ့ ကျော်ကြားသူတွေနဲ့ အိမ်နီးချင်း ဖြစ်ချင်ပါသလား???

Read 11258 times
ဂျက်မား၊ မာခ့်ဇူကာဘတ်၊ အီလွန်မက်စတဲ့ ကျော်ကြားသူတွေနဲ့ အိမ်နီးချင်း ဖြစ်ချင်ပါသလား???

ယဉ်ကျေးလိမ္မာတဲ့ ပတ်ဝန်းကျင်မှာ
ကြီးပြင်းလာသူဟာ ယဉ်ကျေးလိမ္မာပါလိမ့်မယ်။ အရက်သမား လောင်းကစားသမားတွေ ပေါများတဲ့
ပတ်ဝန်းကျင်မှာ ကြီးပြင်းလာသူဟာ အရက်သမား လောင်းကစားသမား ဖြစ်လာဖို့ များပါတယ်။
ဒါဆိုရင် ကံမကောင်းစွာနဲ့ မကောင်းတဲ့ ပတ်ဝန်းကျင်မှာ နေရသူအတွက် ကောင်းတဲ့လူတစ်ယောက် ဖြစ်လာဖို့
အခွင့်အလမ်း မရှိတော့ဘူးလား။ ရှိပါတယ်။ အဲဒါက ပတ်ဝန်းကျင်သစ်ကို ဖန်တီးဖို့ပါ။ အဲဒီလို ဖန်တီးဖို့
မိမိပတ်ဝန်းကျင်က လူတွေကို မောင်းထုတ်ပြီး ကောင်းတဲ့ လူတွေကို လာနေခိုင်းဖို့ မလိုသလို
မိမိကိုယ်တိုင်လည်း ကောင်းတဲ့ ပတ်ဝန်းကျင်နေရာကို ပြောင်းရွှေ့သွားဖို့ မလိုပါဘူး။ ဒါဆိုရင်
ပတ်ဝန်းကျင်သစ်ကို ဘယ်လိုပြောင်းလဲဖန်တီးနိုင်ပါသလဲ။
အဲဒါက သင့်ပတ်ဝန်းကျင်မှာ သင် စံနမူနာယူရမယ့် အိမ်နီးချင်းတွေကို လာနေခိုင်းလိုက်ပါ။
ဟာ၊ အဓိပ္ပာယ် မရှိတာ။ မဖြစ်နိုင်တာလို့ သင် ပြောချင်မှာပါ။ ဖြစ်နိုင်ပါတယ်။ ဒီလိုပါ။ သင်ဟာ အောက်က
ပုဂ္ဂိုလ်ကြီး ၁၀ ယောက်ကို အိမ်နီးချင်းအဖြစ် လာနေခိုင်းချင်တယ်ဆိုပါစို့။
၁။ ဂျက်မား - တရုတ်နိုင်ငံက အလီဘာဘာကုမ္ပဏီပိုင်ရှင် ဘီလျံနာသူဋ္ဌေးကြီး
၂။ ဝါရင်ဘတ်ဖက် - စတော့ရှယ်ယာနဲ့ ကမ္ဘာ့အချမ်းသာဆုံး ဘီလျံနာသူဋ္ဌေးကြီး
၃။ ဘီလ်ဂိတ် - Microsoft ဆော့ဖ်ဝဲနဲ့ ကမ္ဘာ့ဒုတိယ အချမ်းသာဆုံး ဘီလျံနာသူဋ္ဌေးကြီး
၎။ ဆာရစ်ချတ်ဘရင်ဆန် - အင်္ဂလန်က Virgin Group ပိုင်ရှင် ဘီလျံနာသူဋ္ဌေးကြီး
၅။ မာ့ခ်ဇူကာဘတ် - Facebook တီထွင်သူ ဘီလျံနာသူဋ္ဌေးကြီး
၆။ အီလွန်မတ်စ် (Elon Musk) - အာကာသဒုံးပျံ၊ လျပ်စစ်ကားဖြင့် ချမ်းသာလာတဲ့ ဘီလျံနာသူဋ္ဌေးကြီး
၇။ နဲလ်ဆင်မန်ဒဲလား - တောင်အာဖရိကမှာ လူဖြူအုပ်ချုပ်မှုမှ လွတ်မြောက်အောင် လုပ်ပေးခဲ့တဲ့ ခေါင်းဆောင်ကြီး
၈။ မဟတ္တမဂန္ဒီ - အိန္ဒိယနိုင်ငံကို ဗြိတိသျှလက်အောက်မှ လွတ်လပ်ရေးရခဲ့သူ
၉။ ရော်နယ်ဒိုး - ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု အကြိမ်ကြိမ်ရထားသူ
၁၀။ ဒေါ်နယ်ထရန့် - လက်ရှိအမေရိကန်သမ္မတ
သူတို့ကို သင့်အိမ်နီးချင်းဖြစ်စေအောင် ဘယ်လို လုပ်ရမလဲ။ သူတို့အကြောင်း ရေးထားတဲ့ စာအုပ်တွေ သူတို့အထုပ္ပတ္တိစာအုပ်တွေကို ဖတ်ပါ။ သေချာဖတ်ရင်းနဲ့ သင် သူတို့နဲ့ ရင်းနှီးလာမယ်။ သူတို့ရဲ့ စိတ်နေသဘောထား အကျင့်စရိုက်တွေကို သိလာလိမ့်မယ်။ တဖြည်းဖြည်းနဲ့ သူတို့ရဲ့ အကျင့်စရိုက် စိတ်နေသဘောထားတွေဟာ သင့်ကို ကူးစက်လာလိမ့်မယ်။ သင်လည်း သူတို့လို့ ကမ္ဘာကျော်ပုဂ္ဂိုလ် ဖြစ်လာပါလိမ့်မယ်။
အချုပ်ပြောရရင် မကောင်းတဲ့ ပတ်ဝန်းကျင်မှာ နေသူဟာ မကောင်းတဲ့ သူတစ်ယောက် ဖြစ်လာပါလိမ့်မယ်။ အဲဒီလို မဖြစ်ဖို့ မကောင်းတဲ့ ပတ်ဝန်းကျင်ကို ကောင်းတဲ့ ပတ်ဝန်းကျင်နဲ့ အစားထိုးပြောင်းပစ်ဖို့ စံပြပုဂ္ဂိုလ်တွေကို အိမ်နီးချင်းတွေဖြစ်အောင် လုပ်ယူပါ။ သူတို့အကြောင်း စာအုပ်တွေ ဖတ်ပါ။ ဒါဆိုရင် သူတို့နဲ့ ရင်းနှီးပြီး သူတို့လို စံပြလူသားဖြစ်လာပါလိမ့်မယ်။

Read-အရေးကြီးတာက......ဘာလဲဆိုတာ အရင်သိအောင်လုပ်ပါ

Credit; Bamaw Thein Pe