Marketing

ကမ္ဘာ့နံပါတ်(၁)ဖြစ်လာအောင် Amazon Brand ဘယ်လိုရင်းနှီးမြှုပ်နှံခဲ့လဲ?

Read 5528 times
ကမ္ဘာ့နံပါတ်(၁)ဖြစ်လာအောင် Amazon Brand ဘယ်လိုရင်းနှီးမြှုပ်နှံခဲ့လဲ?

ပြီးခဲ့တဲ့ နှစ်တွေကို ပြန်ပြောင်းကြည့်ရင် ၂၀၀၆ ခုနှစ်မှာ မိုက်ခရိုဆော့ဖ်က နံပါတ်(၁) နေရာကို ရခဲ့တာ တွေ့ရပါတယ်။ ၂၀၀၇ ခုနှစ်ကစလို့ နံပါတ်(၁) နေရာကို ဂူဂဲလ်နဲ့  အက်ပ်ပဲလ်တို့က ယူခဲ့ကြရာမှ ၂၀၁၉ ခုနှစ်မှာ Amazon က ကျော်တက်ပြီး ထိပ်ဆုံးကို ရောက်ရှိသွားခဲ့တာ ဖြစ်ပါတယ်။ 

 

 

Amazon က စားသုံးသူများရဲ့ယုံကြည်စိတ်ချရခြင်းကို ဆောက်တည်ထားတာဟာ တန်ဖိုးထားခြင်း ရေချိန်ကို မြင့်တက်စေတဲ့ အကြောင်းရင်းခံ တစ်ချက်ဖြစ်ပါတယ်။  အွန်လိုင်း လက်လီရောင်းချမှုမှာ အဓိကကျတဲ့ စိတ်မချစရာ ၂ ခု ရှိနေပါတယ်။ စိတ်မချရတာတစ်ခုက မှာယူတဲ့ ပစ္စည်းအတိုင်း တသွေမတိမ်း မရတတ်တာ ဖြစ်ပါတယ်။ အွန်လိုင်းမှာ ပြသထားတဲ့ပုံတွေမှာ ဖော်ပြထားတာနဲ့ လက်ထဲ ရောက်လာတဲ့ပစ္စည်း တစ်မျိုးတစ်ဖုံ ကွာခြားနေလို့ စိတ်ပျက်မိကြရတယ်။ နောက်တစ်ချက်က ကြန့်ကြာနေတတ်တာ ဖြစ်ပါတယ်။  Amazon က အဲဒီ စိတ်မချစရာ ၂ မျိုးစလုံး ကင်းစင်အောင် အစွမ်းကုန် ဆောင်ရွက်တယ်။ အထစ်အငေါ့ မရှိ ချောမွေ့ မြန်ဆန်အောင် အတတ်နိုင်ဆုံး လုပ်ကိုင်ပေးတယ်။ Amazon မှာ မှာယူရင် ယုံကြည်စိတ်ချရတယ်လို့ နာမည်ကောင်းရဖို့ နည်းလမ်းအမျိုးမျိုး ဆန်းသစ်တီထွင်ပြီး လုပ်ကိုင်နေပါတယ်။ 

 

Brand အပေါ် တန်ဖိုးထားမှုကို ထူထောင်တာမှာ “အချစ်မှာ မျက်စိ မရှိဘူး” ဆိုတဲ့ ဆိုထုံးက အလုပ် မဖြစ်တော့ဘူး။ ရှေးယခင်တုန်းက Brand ကို သုံးဖြစ်အောင် အရင်လုပ်ကြတယ်။ ဒီအတွက် ကြော်ငြာအားကို သုံးတယ်။ ဥပမာ ဆယ်လီတွေနဲ့ ကြော်ငြာပြီး ဆယ်လီရဲ့ ပရိသတ်က Brand ကို သုံးအောင် လုပ်ကြတယ်။ အဲဒီလို သုံးကြတဲ့အခါ Brand ကို နှစ်သက်ချစ်ခင်အောင် အရင်လုပ်လိုက်ကြတယ်။ အဲဒီလို နှစ်သက်ချစ်ခင်သွားပြီဆိုရင် မျက်စိမှတ်ပြီး ယုံကြည်စိတ်ချလိုက်ကြတာကို ရယူလိုက်ကြတယ်။  ချွတ်ချော်မှု ရှိနေရင်လည်း ချစ်လို့ သည်းခံပေးလိမ့်မယ်လို့ မျှော်လင့်ထားတယ်။ 

 

သုံးစွဲ --- ချစ်ခင်နှစ်သက် --  ယုံကြည်စိတ်ချ

Consumption→Love→Trust

 

အခု အဲဒီလို လုပ်ရင် အောင်မြင်ဖို့ မသေချာတော့ဘူး။ လူမှုကွန်ရက်တွေက နေရာအနှံ့ လူတိုင်းဆီကို လက်လှမ်းမီနေတယ်။ စိတ်မချရတာကို ပေးမိရင် လူမှုကွန်ရက်မှာ စိတ်မချရသဖြင့် မယုံကြည်ထိုက်ကြောင်း တင်ပြတာတွေ ချက်ချင်း တက်လာနိုင်တယ်။ နှစ်သက်ချစ်ခင်တာကြောင့်နဲ့တော့ မျက်စိမှိတ်ပြီး မယုံကြည်ကြတော့ဘူး။ မျက်စိမှိတ်ပြီး ယုံနေတဲ့သူတွေ ရှိနေရင်လည်း မျက်စိဖွင့်ကြည့်ကြဖို့ လူမှုကွန်ရက်တွေကနေ တပ်လှန့်နှိုးဆော်ကြလိမ့်မယ်။ ဒီတော့ ယုံကြည်စိတ်ချမှုတွေ ရရှိစေဖို့ အရင်ဆုံး တည်ဆောက်ကြရတယ်။ ယုံကြည်စိတ်ချလို့ သုံးစွဲတဲ့ အဖြစ်ကို ရောက်စေပြီးမှ Brand အပေါ် နှစ်သက်ချစ်ခင်မှုကို ဖြစ်ပေါ်စေတယ်။ 

 

ယုံကြည်စိတ်ချ -- သုံးစွဲ --- ချစ်ခင်နှစ်သက် 

 

Trust→Consumption→Love

 

ဒီတော့ ယုံကြည်စိတ်ချရမှုကို အရင်ဆုံး တည်ဆောက်ကြတာကို တွေ့ရပါတယ်။

BrandZ ရဲ့ TOP100 Most Valuable Global Brands 2019 စာရင်းမှာ TOP10 ဝင်တဲ့ Brand (၁၀)ခုမှာ လက်လီအရောင်း အရောက်ပို့လုပ်ငန်း နှစ်ခုကို တွေ့ရပါတယ်။ တစ်ခုက တရုတ်ပြည်မှ Alibaba Group ဖြစ်ပြီး နံပါတ် ၇ နေရာမှာ ရောက်ရှိနေပါတယ်။ ကျန်တစ်ခုက အခု ပြောပြနေတဲ့ Amazon ဖြစ်ပါတယ်။ Brand တန်ဖိုးက အမေရိကန်ဒေါ်လာ သန်းပေါင်း ၃၁၅,၅၀၅ ဖြစ်ပါတယ်။  အခုလို အခြေအနေမျိုးဆီကို ရောက်လာဖို့ အကုန်အကျခံရတာတွေ မလွဲမသွေ ရှိနေပါတယ်။

 

သုံးစွဲ --- ချစ်ခင်နှစ်သက် --  ယုံကြည်စိတ်ချ ဖြစ်စဉ်နဲ့ သွားတဲ့အခါ  သုံးစွဲသူက စတင်သုံးစွဲလိုက်ချိန်မှာ   Brand အနေဖြင့် ဝင်ငွေတွေ စတင် ရရှိပါတယ်။ 

 

ယုံကြည်စိတ်ချ -- သုံးစွဲ --- ချစ်ခင်နှစ်သက်  ဖြစ်စဉ်နဲ့ သွားတဲ့အခါ သုံးစွဲကြလို့ ဝင်ငွေ ရရှိမယ့်အဖြစ်ကို မရောက်ခင်မှာ ယုံကြည်စိတ်ချမှု အရင်ရအောင် လုပ်ကိုင်နေတာတွေအတွက် အကုန်အကျခံရတာတွေ မလွှဲမရှောင်သာ ရှိနေပါတယ်။ အဲဒါကို “ကုန်ကျစရိတ်များ” လို့ မရှုမြင်ဘဲ  “ရင်းနှီးမြှုပ်နှံမှုများ” လို့ ရှုမြင်ကြပါတယ်။ ဟုတ်ပါတယ်။ Brand တည်ဆောက်တာဟာ ကုန်ကျစရိတ် မဟုတ်ပါဘူး။ ရင်းနှီးမြှုပ်နှံမှု ပြုခြင်းသာ ဖြစ်ပါတယ်။ Brand building is an investment, not a cost ဖြစ်ပါတယ်။ 

Read More>>> တစ်ကမ္ဘာလုံးလစာအမြင့်ဆုံးရရှိနေတဲ့ ရာထူးအလုပ်အကိုင် (၆)မျိုး

Myanmar Advertising Directory