စောင့်ရှောက်ရေး ဂေဟာများ၊ လောင်းကစားဝိုင်းကြီးများ၊ ဟိုတယ်နဲ့ ကုမ္ပဏီအဆောက်အအုံများမှာ ကျန်းမာရေးလေ့ကျင့်ခန်းများလုပ်တဲ့ ကလပ်များလိုက်ထောင်ရင်းက အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီး တစ်ဦးဖြစ်လာခဲ့တာပါ။သူဟာ Dragons Den ဆိုတဲ့ BBC တီဗီအစီအစဉ်တစ်ခုမှာလည်း ဒိုင်တစ်ဦးအဖြစ် ပုံမှန်တာဝန်ယူဆောင်ရွက်နေတာဖြစ်ပါတယ်။
ဘန်နက်တိုင်းဟာ အတ္ထုပ္ပတ္တိစာအုပ် တစ်အုပ်ကိုလည်း ရေးသားထုတ်ဝေခဲ့ဖူးပါတယ်။ ဘန်နက်တိုင်းဟာ စကော့တလန်မှာမွေးဖွားတာဖြစ်ပြီး မောင်၊နှမ ၇ယောက်ရှိသူဖြစ်ပါတယ်။ သူရဲ့အဖေဟာ Singer အမှတ်တံဆိပ် စက်ရုံတွင် အလုပ်လုပ်တာဖြစ်ပြီး အမေကတော့ သန့်ရှင်းရေးအလုပ်လုပ်တာဖြစ်ပါတယ်။ မိသားစုကမပြေလည်တဲ့အတွက် ဘန်နက်တိုင်းသည် အသက် ၁၆ နှစ်မှာ ကျောင်းထွက်လိုက်ရပါတယ်။
ကျောင်းထွက်ပြီးနောက်မှာ ဗြိတိသျှရေတပ်တွင် ဝင်ရောက်အမှုထမ်းခဲ့ပါတယ်။ ရေတပ်မှာ အထက်အရာရှိတစ်ဦးကို ခြိမ်းခြောက်မှုနဲ့ စစ်ခုံရုံးအတင်ခံရပါတယ်။ ပြစ်မှုထင်ရှားတာကြောင့် ထောင်ဒဏ်ကိုးလချမှတ်ခြင်း ခံခဲ့ရပါတယ်။ ပြစ်ဒဏ်ခံရပြီးနောက် ရေတပ်ကလည်း သူ့ကို ထုတ်လိုက်ပါတယ်။ ဘန်နက်တိုင်းဟာ ထောင်ကထွက်လာပြီး ရေခဲမုန့်ရောင်းဖို့ ဗင်ကားလေးတစ်စီးကို ဝယ်ခဲ့ပါတယ်။ အဲဒီရေခဲမုန့်ကားကို Duncan's Super Ices လို့ အမည် ပေးလိုက်ပါတယ်။
ကားတစ်စီးထဲနဲ့စတင်လိုက်တာ နောက်ပိုင်းမှာတော့ ဗင်ကား(၄)စီး ဖြစ်လာခဲ့ပါတယ်။ စတာလင်ပေါင် သုံးသိန်းလောက် ရင်းနှီးမြှုပ်နှံလာနိုင်တဲ့ အနေအထားကိုရောက်ရှိခဲ့ပါတယ်။ ရေခဲမုန့်ရောင်းနေရင်းနဲ့မှ Quality Care Nursing Homes ဆိုတဲ့ လုပ်ငန်းတစ်ခုကို ထူထောင်ခဲ့ပါတယ်။ ၅နှစ်အတွင်းမှာပဲ လုပ်ငန်းတိုးတက်အောင်မြင်ခဲ့ပြီး စတာလင်ပေါင် ၄၆ သန်းဖြင့် ပြန်လည် ရောင်းချနိုင်ခဲ့ပါတယ်။
အာရှတိုက်မှာ အသက်ငယ်ပြီးအောင်မြင်နေတဲ့ သန်းကြွယ်သူဌေး (၄)ယောက်
ဘန်နက်တိုင်းဟာ ဘာဆက်လုပ်ရမယ်လို့စဉ်းစားရင်းမှ "ကျွန်တော် အခွန် ၄၀ ရာခိုင်နှုန်းလောက် ဆောင်လိုက်ရတယ်။ ကျွန်တော် မွန်တီကာလိုကို လိုင်းပြောင်းလိုက်တယ်။ နောက်ထပ် ငါးနှစ်လုပ်ကြည့်ဖို့ ငွေတွေကို ရင်းနှီး မြှုပ်နှံလိုက်တယ်” လို့ပြောပါတယ်။ ၁၉၉၆ ခုနှစ် ဒီဇင်ဘာလမှာ Bannatyne Fitness ဆိုသည့် ကျန်းမာရေးကစားခန်းကို ထူထောင်လိုက်ပါတယ်။ အခုချိန်မှာတော့ ဘန်နက်တိုင်းရဲ့ကုမ္ပဏီမှာ ဝန်ထမ်းပေါင်း ၁၂၀ဝ ကျော် ရှိနေပြီဖြစ်ပါတယ်။
ဘန်နက်တိုင်းဟာ ကျန်းမာရေးကလပ်ပေါင်း ၂၄ ခု ထူထောင်ထားနိုင်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အားကစားလေ့ကျင့်တဲ့ ကျန်းမာရေးစင်တာပေါင်း ၆၁ ခုအထိ ပိုင်ဆိုင်လာခဲ့ပါတယ်။ သူဟာအခြားလုပ်ငန်း ဟိုတယ်နှင့် ကာစီနို လုပ်ငန်းများကိုလည်း စိတ်ဝင်စားပါတယ်။ ဘားဆိုင်နှင့် အိုးအိမ် လုပ်ငန်းများကိုလည်း ထပ်မံတိုးချဲ့လုပ်ကိုင်ခဲ့ပါသေးတယ်။ ဗြိတိန်နိုင်ငံတစ်ဝန်းလုံးကို လုပ်ငန်းခွဲပေါင်းများစွာနဲ့ ဖြန့်ကျန့်နိုင်ခဲ့တာပါ။
"လူတွေက အောင်မြင်ဖို့ ကျော်ကြားဖို့ အလိုရှိကြတယ်။ အောင်မြင်အောင် အလုပ်တွေလုပ်နေကြတယ်။ အလုပ်ထဲမှာပဲ နေကြတဲ့သူတွေလည်း များတယ်။ ကျွန်တော်ငယ်ငယ်ကလည်း ဒီစိတ်မျိုးပဲ ရှိတယ်။ ဒါပေမဲ့ စိတ်ကူးတိုင်း ဖြစ်လာနိုင်တာမှ မဟုတ်တာ။ ကျွန်တော့်စိတ်က တစ်ခုခုလုပ်ချင်ပြီဆိုရင် ချက်ချင်းကောက်လုပ်လိုက်တာပဲ” လို့ ဘန်နက်တိုင်းကပြောပါတယ်။
ဘန်နက်တိုင်းက သူဟာ ကမ္ဘာ့အတော်ဆုံး မန်နေဂျာ တစ်ဦး မဟုတ်ကြောင်းကို ပြောပါတယ်။ ဒါပေမယ့် သူ့ကုမ္ပဏီမှာ အကောင်းဆုံးလူတော်များကို မွေးထုတ်ပေးနေတာဖြစ်ပါတယ်။"ကျွန်တော် အသက် ၁၁ နှစ်ကနေ ၁၈ နှစ်သား လူငယ်တွေအထိ အီးမေးလ်တွေ့ရတယ်။ သူတို့က ကြီးလာရင် စွန့်ဦးတီထွင်လုပ်ငန်းရှင်ကြီးတွေ ဖြစ်ချင်ပါတယ်။ ဆိုပြီးတော့ ကျွန်တော့်ဆီ စာတွေရေးကြတယ်။ သိပ်ကောင်းတာပေါ့။ ကျွန်တော်ပြောချင်တာက တကယ် ဖြစ်ချင် တကယ်လုပ်ပဲ” ဆိုတာကတော့ ဒန်ကင် ဘန်နက်တိုင်း (Duncan Bannatyne) ပြောခဲ့တာပဲဖြစ်ပါတယ်။
Source; The Voice
Myanmar Advertising Directory