Life Hacks

မိမိကိုယ်မိမိ ရင်းနှီးမြုပ်နှံခြင်း

Read 355 times
မိမိကိုယ်မိမိ ရင်းနှီးမြုပ်နှံခြင်း

နောက်ပြီး Tony က ပြောတယ်။ သူလဲ ဒီမေးခွန်းကို Warren Buffett ကို မေးဖူးပါသတဲ့။ Warren Buffett ဆိုတာ ကမ္ဘာ့အချမ်းသာဆုံး ဘီလီယံနာတွေထဲကတစ်ယောက်၊ ရင်းနှီးမြှုပ်နှံမှု ဂုရုတစ်ပါးပါ။ သူ ဘယ်ကိုရင်းနှီးမြှုပ်နှံမှာလဲဆိုတာကို တစ်ကမ္ဘာလုံးစောင့်ကြည့်ပြီး သိချင်နေရလောက်တဲ့အထိ သူ့ရဲ့ ရင်းနှီးမြှုပ်နှံမှ တွက်ကိန်းပါဝါက သိပ်ကြီးမားပါတယ်။

ရင်းနှီးမြှုပ်နှံမှုတွေ မရေမတွက်နိုင်အောင် လုပ်ခဲ့တဲ့ Warren Buffett ရဲ့ဘဝမှာ သူ့ရဲ့အကောင်းဆုံးရင်းနှီးမြှုပ်နှံမှုက သူ့အသက် ၂၀ မှာ တက်ခဲ့တဲ့ Dale Carnegie ရဲ့ Public Speaking Seminar ဖြစ်ပါသတဲ့။ သူက Tony ကို ဆက်ပြောတယ်။

“ ကိုယ့်ကိုယ်ကို ရင်းနှီးမြှုပ်နှံတယ်ဆိုတာ ဘဝမှာ အလုပ်သင့်ဆုံးနဲ့ အရေးအကြီးဆုံး ရင်းနှီးမြှုပ်နှံမှုတစ်ခုပါ။ တစ်ခုခု ပိုသိလိုက်တယ်၊ ပိုနားလည်လိုက်တယ်၊ ပိုလုပ်နိုင်လာတယ်ဆိုရင် ဘယ်လို ရင်းနှီးမြှုပ်နှံမှုကမှ ဒီအရာထက် ပိုတန်ဖိုးကြီးတာ မရှိပါဘူး။”

အတတ်ပညာတစ်ခုခုဖြစ်ဖြစ်၊ အသက်မွေးဝမ်းကြောင်းပညာဖြစ်ဖြစ်၊ အသိပညာဖြစ်ဖြစ်၊ ကိုယ့်အတွက်ကိုယ် ရင်းနှီးမြှုပ်နှံလိုက်တဲ့အခါ ရလာတဲ့ အကျိုးဆက်က ဘဝကြီးတစ်ခုလုံး ပြောင်းလဲသွားတာ ဖြစ်စေနိုင်ပါတယ်။

စာဖတ်နေရင်း မယ်ရိုးကိုယ်တိုင်လဲ ကိုယ့်ဖာသာမေးမိတယ်။ အခုအချိန်ထိ လုပ်ခဲ့ဖူးသမျှထဲမှာ အကောင်းဆုံး ရင်းနှီးမြှုပ်နှံမှုက ဘာလဲလို့စဉ်းစားတော့

လွန်ခဲ့တဲ့ ၄ နှစ် 12.7.2014 က တက်ခဲ့တဲ့ တီချယ် အေးအေးသန့် (AAT Business Park) ရဲ့ ၅ သိန်းတန် Management Course လို့ တွေးလိုက်မိတယ်။ ဘာလို့ ၅ သိန်းတန်ဆိုတာကို ထည့်ပြောရတာလဲဆိုရင် အဲဒီအချိန်က မယ်ရိုးအတွက် ၅ သိန်းဆိုတာ အတော်များတာကိုး။

တစ်ဘဝလုံး လေ့လာထားသမျှ ကွန်ပျူတာတွေ၊ မိုဘိုင်းနည်းပညာတွေဆိုတာကလဲ အင်တာနက်ဖိုးပဲရင်းရတဲ့ Self-Learning တွေချည်းပဲ။ ၁၀ ရက်စာ သင်တန်းတစ်ခုကို ၅ သိန်းပေးပြီးတက်ဖို့ဆိုတာ အတော်ကြီးကို စဉ်းစားရတဲ့ကိစ္စပါ။ (အခုခေတ် ၂၀၁၈ မှာတောင် ၁၀ ရက် ၅ သိန်းဆိုတာကိုက များနေတုန်းပဲမလား)

ဒါပေမယ့် အဲဒီသင်တန်းရဲ့ပထမဆုံးနေ့ အိမ်ပြန်လာတဲ့အချိန်မှာတော့ ၅ သိန်းက တစ်ရက်ထဲနဲ့ အရင်းကျေသွားတယ်လို့ ခံစားခဲ့ရပြီး ဘဝမှာ အတန်ဆုံး သင်တန်းတစ်ခု ဖြစ်သွားတော့တာပဲ။ အဲဒါက Business Management နယ်ပယ်ထဲကို စတင်လှမ်းခဲ့တဲ့ ပထမဆုံး ခြေလှမ်းတစ်ခုပါ။

အဲဒီနောက်ပိုင်းတော့ ကိုယ်သိချင်တယ်၊ သင်ချင်တယ်၊ တတ်သင့်တယ်ထင်ရင် ဈေးဘယ်လောက်များများ အရေးမစိုက်တော့ဘူး။ တခြားဟာပဲ အငတ်ခံ၊ လျော့သုံးပြီး ကိုယ့်ကိုယ်ကို ရင်းနှီးမြှုပ်နှံတာကို ပိုသုံးခဲ့တယ်။ ဒီနေရာမှာ ဈေးကြီးမှ ကောင်းတယ်ဆိုတာကို ပြောချင်တာမဟုတ်ပါဘူး။ လူတိုင်းအတွက် အရေးပါမှုတွေက မတူကြဘူးဆိုတော့ ကိုယ့်အထွာနဲ့ကိုယ်မှာတော့ ဈေးကြီးတယ်ဆိုတဲ့ ကိန်းဂဏန်းတစ်ခု ရှိနေမှာပဲလေ။

အဓိကက ကိုယ်ပေးရတဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ အဲဒီကနေကိုယ်ဘယ်လောက် ရလိုက်သလဲဆိုတော့ ပေတံ နဲ့ပဲ ပြန်တိုင်းသင့်ပါတယ်။

မနှစ်ကလဲ NLP ကို Tad James ဆီမှာ $4000 နီးပါးပေးပြီး စွန့်စွန့်စားစား သွားတက်တုန်းကလဲ အဲဒီအတိုင်းပဲ။ ကိုယ့်သူငယ်ချင်းတွေ ကားဝယ်စီးကြတဲ့အချိန် ကိုယ့်မှာ $4000 တန် တစ်ပတ်စာ သင်တန်းအတွက် ရင်းနှီးမြှုပ်နှံခဲ့တာပါ။ ပေးခဲ့ရတာနဲ့ တန်ရုံမက ပိုပြီး ပြန်ရလာခဲ့တာပဲ။ ဒါကြောင့် ကိုယ့်ကိုယ်ကို ရင်းနှီးမြှုပ်နှံမှုကို မနှမြောပါနဲ့။ ရည်ရွယ်ချက်ရှိတယ်၊ အကျိုးရလဒ်မြင်တယ်ဆိုရင် လုပ်သာလုပ်ပါ။ အသုံးမဝင်တဲ့ ပညာရပ်ဆိုတာ မရှိပါဘူး။ တစ်ချိန်ချိန် တစ်နေရာရာမှာ သေချာပေါက် အသုံးဝင်လာမှာပါ။

ဒီစာရဲ့ အဆုံးသတ်ကိုတော့ Jim Rohn ရဲ့နာမည်ကျော်စကားနဲ့ပဲ အဆုံးသတ်ပါရစေ။

“ သင့်ရဲ့ လေ့လာသင်ယူမှုတွေကို အသိပညာရပ်တစ်ခုအဖြစ်ပဲ ထားလိုက်မယ်ဆိုရင်တော့ သင်ဟာ အရူးတစ်ယောက်ဖြစ်လာမှာပါ။ ဒါပေမယ့် သင့်ရဲ့ သင်ယူလေ့လာမှုတွေကို လုပ်ဆောင်မှု (Action) ပြောင်းလိုက်နို်င်ရင်တော့ သင်ကြွယ်ဝ ချမ်းသာလာပါလိမ့်မယ်”

Recommended for u- အချိန်တိုင်းမှာ ယုံကြည်မှုနဲ့အတူ နေထိုင်ဖို့ပါ

Source : မယ်ရိုး(Tim Ferriss ရဲ့Tools of Titans)