အဲ့ဒီလူတွေဟာ ပညာတတ်တွေမဟုတ်ကြဘူးလား??? မှားတယ်။
သူတို့တတ်ကျွမ်းထားတဲ့ပညာတွေကိုမေ့နေကြတဲ့ လူတွေပါ။
ကျွန်တော့်အရင်းနှီးဆုံးသူငယ်ချင်းတယောက်ရှိတယ်။ ကျောင်းနေဖက်ပေါ့ဗျာ။
အထက်တန်းတက်နေတုန်းမှာပဲ သူ့မိသားစုအခြေအနေကြောင့် သူဟာကျောင်းဆက်မတက်နိုင်ရှာဘူး။
ကျွန်တော်ကတော့ ဆယ်တန်းအောင်ပြီးဘွဲ့ရခဲ့တယ်။
အပြင်ကုမ္ပဏီတခုမှာ အလုပ်ဝင်ခဲ့တယ်ပေါ့ဗျာ။
ကျွန်တော်ဟာ ကျွန်တော်ဝါသနာပါတဲ့အလုပ်တွေလုပ်ရင်း ရှင်သန်ခဲ့တယ်။
တနေ့မထင်မှတ်ပဲ သူနဲ့ပြန်တွေ့တော့ အားရဝမ်းသာနှုတ်ဆက်ဖြစ်ကြတယ်။
ဘာတွေလုပ်နေလဲ ? အဆင်ပြေရဲ့လား ?ပေါ့။
သူ့မျက်နှာညှိုးသွားတာကို ကျွန်တော်သတိထားမိလိုက်တယ်။
တပြိုင်နက် သူနှုတ်ကလည်း "ပညာမတတ်တော့ ဒီလိုပဲဖြစ်သလိုရှာစားရတာပေါ့ကွာ"တဲ့။
သူ့ရဲ့အလုပ်က Taxi မောင်းတာပါ။ စိတ်မကောင်းဖြစ်သွားတယ်။
ဒါဟာ သူ့ကိုတချိန်လုံးထိုးနှက်နေတဲ့ သူ့ရဲ့စိတ်ပဲ။
သူတတ်ထားတဲ့ပညာကိုမေ့ပြီး သူ့ကိုသူ အထင်သေးလိုက်တာပဲ။
လုံးဝမလုပ်သင့်တဲ့အရာတခုပါ...
Taxiမောင်းတဲ့သူတယောက်ဟာ ...
-ဘယ်အချိန် ဘယ်လမ်းကမောင်းရင် ခရီးသည်များများတွေ့မယ်။
-ပို့ရမယ့်ခရီးကို အချိန်တိုအတွင်းရောက်အောင် သူပို့တတ်တယ်။
-ဆီ (ဒါမှမဟုတ်) Gasကို ဘယ်လိုချွေတာရမလဲသူသိတယ်။
-မတော်တဆကားပျက်ခဲ့ရင် ဘယ်လိုပြင်ရမယ် ဘာကြောင့်ဖြစ်တယ်ဆိုတာ သူခန့်မှန်းနိုင်တယ်။
-ဒါဟာ သူတတ်ထားတဲ့ သူ့ရဲ့ပညာရပ်ပါ။
-သူကျွမ်းကျင်တဲ့ပညာတွေဆိုတာ မေ့နေတဲ့အရာလေးတွေပါ။
အဲ့တာတွေကျွန်တော့်လိုလူကိုလာမေးကြည့် ကျွန်တော်သူ့လောက်ဘယ်သိမလဲဗျာ။
ဘွဲ့ရမှ ပညာတတ်တာမဟုတ်ဘူး။
အသက်မွေးဝမ်းကျောင်းပြီး ကိုယ့်လုပ်ငန်းကိုကိုယ် ကျွမ်းကျင်စွာလုပ်ကိုင်နေကြသူတွေဟာလည်း ပညာတတ်တွေပါ။
အတန်းပညာမရှိတိုင်း ပညာမတတ်တာမဟုတ်ဘူး။
ဘာအကြောင်းကြောင့်မှလည်း သိမ်ငယ်နေစရာမလိုပါဘူး။
လူအများနဲ့တွေ့ဆုံးပြီးစကားစမြည်ပြောဖြစ်ကြတဲ့အခါ "ငါက ဒီပညာကိုကျွမ်းကျင်တယ်"လို့ ရဲဝင့်စွာထုတ်ဖော်ပြောပါ။
လူတွေရဲ့စိတ်ထဲမှာ ပညာတတ်လို့ပြောလိုက်ရင် ဘွဲ့တံဆိပ်တွေကိုပြေးမြင်တတ်ကြတယ်။
ကျွန်တော်ခံယူထားတဲ့ပညာတတ်ဆိုတာ ပညာရပ်တခုကို ကျွမ်းကျွမ်းကျင်ကျင်လုပ်ကိုင်နိုင်သူတဦးလို့ ပြောချင်ပါတယ်ခင်ဗျာ။
Recommended for you-AQ မြင့်မားအောင် ဘယ်လိုလေ့ကျင့်မလဲ?
Credit; phookyawzin