၂ဝ၁၉ ခုနှစ် စက်တင်ဘာလ ၁ဝရက်နေ့မှာ ကုမ္ပဏီရဲ့ အမှုဆောင်ဥက္ကဋ္ဌရာထူးကနေ ဂျက်မားအနားယူတော့မယ်လို့ အလီဘာဘာကုမ္ပဏီက ကြေငြာခဲ့ပါတယ်။
အရင်တုန်းက အင်္ဂလိပ်စာ ဆရာတစ်ဦးဖြစ်တဲ့ ဂျက်မားဟာ ပညာရေးလောကမှာ ပရဟိတလုပ်ငန်းတွေကို အာရုံစိုက်ချင်တဲ့ အတွက်
အလီဘာဘာကုမ္ပဏီ ဥက္ကဋ္ဌရာထူးကနေ အနားယူမှာဖြစ်ပါတယ်။
လက်ရှိအချိန်မှာ အလီဘာဘာကုမ္ပဏီရဲ့ အမှုဆောင်ချုပ်ဖြစ်တဲ့ ဒန်နီယယ်ကျန်းက ဂျက်မားရဲ့ နေရာကို ဆက်ခံမှာပါ။
ဂျက်မားဟာ အလီဘာဘာအုပ်စုနဲ့ လက်အောင်ခံလုပ်ငန်းတွေကို ထိပ်တန်းအဆင့် စီမံခန့်ခွဲမှုတွေလုပ်နေတဲ့ ကော်မတီဝင် ၃၆ ဦးမှာ ဆက်လက်ပါဝင်သွားမှာဖြစ်ပါတယ်။
ဥက္ကဋ္ဌရာထူး လွှဲပြောင်းပေးအပ်မှု အဆင်ပြေချောမွေ့ပြီး အောင်မြင်မှုရစေဖို့အတွက် တစ်နှစ်ကြာအထိ အချိန်ယူထားတာလို့ အလီဘာဘာကုမ္ပဏီက ပြောပါတယ်။
အလီဘာဘာကုမ္ပဏီဆိုတာ အွန်လိုင်းပေါ်မှာ ရောင်းဝယ်ဖောက်ကားမှုတွေ အကြီးအကျယ်လုပ်နေတဲ့ e-commerce ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။
ဥက္ကဋ္ဌရာထူးကနေ အနားယူကြောင်းကြေညာချက်မှာတော့...
"အလီဘာဘာကုမ္ပဏီ ၁၉ နှစ်ပြည့် နှစ်ပတ်လည်အထိမ်းအမှတ်ဖြစ်တဲ့ ဒီနေ့မှာ သတင်းတချို့ ဝေမျှပေးဖို့ ကျွန်တော်စိတ်လှုပ်ရှားမိပါတယ်။
ဒါရိုက်တာဘုတ်အဖွဲ့တွေရဲ့ ထောက်ခံချက်အရ ဒီနေ့ကနေ တစ်နှစ်တင်းတင်းပြည့်တဲ့ ၂ဝ၁၉ ခုနှစ် စက်တင်ဘာလ ၁ဝ ရက်(အလီဘာဘာကုမ္ပဏီရဲ့ နှစ် ၂ဝ ပြည့် အထိမ်းအမှတ်) မှာ
အမှုဆောင်ချုပ် ဒန်နီယယ်ကျန်းက အလီဘာဘာအုပ်စုရဲ့ ဘုတ်အဖွဲ့ဥက္ကဋ္ဌအဖြစ် ကျွန်တော့်နေရာကို လွှဲပြောင်းဆက်ခံမှာပါ။
အမှုဆောင်ဥက္ကဋ္ဌအဖြစ် ဆက်ရှိနေမယ့် လာမယ့် ၁၂ လအတွင်း အသွင်ကူးပြောင်းရေး အဆင်ပြေချောမွေ့ပြီး အောင်မြင်ဖို့ ဒန်နီယယ်နဲ့ ကျွန်တော် ပူးပေါင်းဆောင်ရွက်သွားမှာပါ။
အဲဒါပြီးရင်တော့ ၂ဝ၂ဝ ပြည့်နှစ် ရှယ်ယာရှင်များ နှစ်ပတ်လည်အစည်းအဝေးအထိ အလီဘာဘာကုမ္ပဏီ ဒါရိုက်တာဘုတ်အဖွဲ့မှာကျွန်တော်ဆက်ရှိနေမှာပါ။
ဒီအစီအစဉ်ကို ကျွန်တော် ၁ဝ နှစ်လောက် အချိန်ယူစဉ်းစားပြီး ပြင်ဆင်ခဲ့တာပါ။
ဒီအစီအစဉ်ကို ကြေညာနိုင်ခဲ့လို့ ဝမ်းသာပါတယ်။
အလီဘာဘာကုမ္ပဏီရဲ့ ရောင်းရင်းတွေကိုလည်း အထူးကျေးဇူးတင်ပါတယ်။
ပြီးခဲ့တဲ့ ၁၉ နှစ်အတွင်း သူတို့ရဲ့ ယုံကြည်မှု၊ အားပေးထောက်ခံမှု
ပူးပေါင်းပါဝင်မှုတွေက ဒီနေ့အချိန်မှာ ကျွန်တော်တို့ကို ယုံကြည်မှုနဲ့ ခွန်အားအပြည့်ဖြစ်အောင် ပြင်ဆင်ပြီးသား ဖြစ်စေခဲ့ပါတယ်။
အလီဘာဘာကုမ္ပဏီဟာ တစ်ဦးချင်းအပေါ် မှီခိုနေရတဲ့ ကုမ္ပဏီအဖြစ်ကနေ အကောင်းဆုံး အစုအဖွဲ့နဲ့ ပါရမီရှင်တွေကို ဖွံ့ဖြိုးတိုးတက်စေတဲ့
ယဉ်ကျေးမှုစနစ် တည်ဆောက်မယ့် နောက်အဆင့်တစ်ခုကို တက်လှမ်းမယ်ဆိုတာ အခု အသွင်ကူးပြောင်းမှုက သက်သေပြနေပါတယ်။
၁၉၉၉ ခုနှစ်မှာ အလီဘာဘာကုမ္ပဏီကို စတင်ဖွဲ့စည်းချိန်က ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က တရုတ်နိုင်ငံနဲ့ တစ်ကမ္ဘာလုံး ဂုဏ်ယူရတဲ့ ကုမ္ပဏီတစ်ခု၊
ရာစုနှစ် ၃ ခု ဖြတ်သန်းပြီး ၁ဝ၂ နှစ်အထိ တည်မြဲနေမယ့် ကုမ္ပဏီဖြစ်ရေးပါပဲ။
ဒါပေမဲ့ ဒီကုမ္ပဏီမှာ ဘယ်သူမှ ၁ဝ၂ နှစ်အထိ မနေနိုင်ကြပါဘူး။
အဓွန့်ရှည်တည်မြဲတဲ့ အလီဘာဘာကုမ္ပဏီဖြစ်ဖို့ ကောင်းတဲ့ အုပ်ချုပ်မှုစနစ်၊ ယဉ်ကျေးမှု ဗဟိုပြုတဲ့ အတွေးအမြင်၊ တိုးတက်ဖွံ့ဖြိုးလာတဲ့ ပါရမီရှင်တွေ စဉ်ဆက်မပြတ် ပေါ်ထွက်ဖို့ စတဲ့ အချက်တွေနဲ့ တည်ဆောက်ရမှာပါ။
ဘယ်ကုမ္ပဏီမှ တည်ထောင်သူတွေကိုချည်းပဲ မှီခိုနေလို့ မရပါဘူး။ ဒါကို ကျွန်တော်တို့ သိသင့်ပါတယ်။
လူတစ်ယောက်ရဲ့ စွမ်းဆောင်ရည်၊ ခွန်အားကို ရုပ်ပိုင်းဆိုင်ရာ ကန့်သတ်ချက်တွေ ရှိပါတယ်။
တာဝန်ယူမှု၊ တာဝန်ခံမှုအပိုင်းအတွက် ဥက္ကဋ္ဌနဲ့ အမှုဆောင်ချုပ် ပခုံးပေါ်မှာချည်းပဲ တင်ထားလို့ရတဲ့ ကုမ္ပဏီမရှိပါဘူး။
ကုမ္ပဏီကနေ ဂျက်မားထွက်သွားရင် အလီဘာဘာကုမ္ပဏီ ဘယ်လောက်ထိအဓွန့်ရှည်ဖွံ့ဖြိုးတိုးတက်နိုင်မလဲဆိုတဲ့ မေးခွန်းကို လွန်ခဲ့တဲ့ ၁ဝ နှစ်ကတည်းက ကျွန်တော်တို့တွေ ကိုယ့်ကိုယ်ကို ပြန်မေးခဲ့ကြပါတယ်။
လုပ်ငန်းစုရဲ့ ခေါင်းဆောင်မှုပိုင်း ဆက်ခံရေးဆိုင်ရာ ပြဿနာကို ဖြေရှင်းဖို့အတွက် တစ်ခုတည်းသောနည်းလမ်းကတော့ ကောင်းမွန်တဲ့ ယဉ်ကျေးမှု၊
ပါရမီရှင်တွေနဲ့ ဆက်ခံသူတွေ စဉ်ဆက်မပြတ်မွေးထုတ်ပေးတဲ့ ယန္တရားအပေါ်မှာ အခြေံခံတဲ့စနစ် ဖန်တီးဖို့ပါပဲ။
ကျောင်းဆရာတစ်ယောက်အဖြစ် သင်ကြားလေ့လာခဲ့တဲ့ ကျွန်တော့်အတွက် အခုရရှိခဲ့တဲ့ အောင်မြင်မှုအပေါ်မှာ အရမ်းဂုဏ်ယူပါတယ်။
ဆရာတွေကို သူတို့နေရာ ဆက်ခံမယ့် ကျောင်းသား၊ ကျောင်းသူတွေ အမြဲတမ်းလိုလားတတ်ပါတယ်။
အဲဒီတော့ ကျွန်တော့်အတွက် ကုမ္ပဏီခေါင်းဆောင်ရာထူးကိုလူငယ်တွေ၊ ပါရမီရှင်တွေ ဆက်ခံနိုင်အောင် လုပ်ပေးရပါတယ်။
ဒါမှပဲ ကမ္ဘာ့နေရာတိုင်းမှာ စီးပွားရေးလုပ်နိုင်တဲ့ ကျွန်တော်တို့ရဲ့စီမံကိန်းကို သူတို့ ဆက်ခံနိုင်ကြမှာပါ။
ကမ္ဘာတစ်ဝန်းက လုပ်ငန်းငယ်လေးတွေ၊ လူငယ်တွေ၊ အမျိုးသမီးတွေကို ကူညီစေနိုင်မယ့် စီမံကိန်းဖော်ဆောင်ဖို့က ကျွန်တော် စိတ်အားထက်သန်ပါတယ်။
ဒန်နီယယ်က အလီဘာဘာကုမ္ပဏီမှာ လုပ်လာတာ ၁၁ နှစ်ရှိပါပြီ။
အမှုဆောင်ချုပ်နေရာ ရယူပြီးကတည်းက သူ့ရဲ့ထူးခြားတဲ့ ပါရမီ၊ လုပ်ငန်းသဘောတရား၊ ပြတ်သားတဲ့ ခေါင်းဆောင်မှုပိုင်းကို သူသက်သေပြနိုင်ခဲ့ပါတယ်။
သူ့ရဲ့ဦးဆောင်မှုအောက်မှာ အလီဘာဘာကုမ္ပဏီက ၃ လပတ် ၁၃ ပတ်ဆက်တိုက် ဖွံ့ဖြိုးတိုးတက်ခဲ့ပါတယ်။
သူ့ရဲ့ ထိုးထွင်းသိမြင်မှုက ပြိုင်ဘက်မရှိပါပဲ။
ဒါကြောင့်လည်း ၂ဝ၁၈ ခုနှစ်အတွက် တရုတ်မီဒီယာရဲ့ နံပါတ် ၁ စီအီးအို အဖြစ် ရွေးချယ်မှုကို ထိုက်ထိုက်တန်တန် ရရှိခဲ့တာပါ။
အဲဒီလို အကြောင်းရင်းတွေကြောင့် သူနဲ့ သူ့အဖွဲ့က စားသုံးသူတွေ၊ ဖောက်သည်တွေနဲ့ ရှယ်ယာရှင်တွေရဲ့ အားပေးယုံကြည်မှု ရရှိခဲ့တာပါ။
ကျွန်တော့်အတွက်တော့ ပညာရေးလောကထဲ ပြန်သွားချင်ပါတယ်။ ဒီအလုပ်ကို ကျွန်တော် ချစ်တဲ့အတွက် စိတ်လှုပ်ရှားမိပါတယ်။
အိမ်မက်သစ်တွေ အကောင်အထည်ဖော်နိုင်မလားဆိုတာ စမ်းကြည့်ချင်ပါသေးတယ်။
အားလုံးကို ကျွန်တော်ကတိပေးနိုင်တာတစ်ခုကတော့ အလီဘာဘာကုမ္ပဏီဟာ ဘယ်တုန်းကမှ ဂျက်မားအတွက် မဟုတ်ခဲ့ပါဘူး။
ဂျက်မားကိုတော့ အလီဘာဘာကုမ္ပဏီက အမြဲတမ်းပိုင်ဆိုင်တယ်ဆိုတာပါပဲ။
Recommended for you-Career Changing လုပ်ဖို့ ဘာတွေလိုအပ်လဲ
Source; nanmaegyi