Life Hacks

ဘဝအတွေ့အကြုံဟာ အကောင်းဆုံးဆရာပါ

Read 2111 times
ဘဝအတွေ့အကြုံဟာ အကောင်းဆုံးဆရာပါ

တစ်ချို့က ဒီလိုနေ့စဉ် သင်ခန်းစာတွေက သင်ယူလေ့လာပြီး မိမိဘဝအတွက် ဆောင်ရန်၊ ရှောင်ရန်အဖြစ် ကြိုးစားဆောင်ရွက်သွားကြသူတွေရှိသလို တစ်ချို့က နောက်ပြန်လှည့် အရှုံးပေးသွားကြသူတွေလည်း ရှိပါတယ်။

ဘဝမှာ အတွေ့အကြုံဆိုတာ အကောင်းဆုံးသင်ပြပေးနေတဲ့ ဆရာတစ်ဆူလိုပါဘဲလို့ လူကြီးသူမတွေရဲ့ပြောစကားကို ငယ်ရွယ်ချိန်တုန်းက နားမလည်ခဲ့ပေမယ့် အရွယ်ရောက်လို့ လက်တွေ့ဘဝတွေမှာ ကျင်လည်ဖြတ်သန်းလာရတဲ့အခါ ကောင်းကောင်း နားလည်လာခဲ့ရပါတယ်။

တကယ်တော့ လူတွေမှာ မိမိကြုံတွေ့နေရတဲ့ အဖြစ်အပျက်တွေထဲက လေ့လာမှတ်သားစရာတွေကို မှတ်သား၊ ရှောင်စရာတွေကို ဆင်ခြင်ရှောင်ကြည်ခြင်းဖြင့် ဘဝကို အမှားတွေနည်းအောင် အေးချမ်းမှုကို ပိုမိုခံစားရရှိနိုင်အောင် ကြိုးစားပိုင်ခွင့် ရှိကြပါတယ်။

လူတွေမှာ တစ်ဦးနဲ့တစ်ဦး ဘဝပေးကံကြမ္မာ မတူညီကြပေမယ့် မိမိကိုယ်ကို အေးချမ်းအောင် ဘယ်လိုနေထိုင်ရမလဲဆိုတာကိုတော့ သဘာဝတရားက တန်းတူအခွင့်အရေး ပေးထားပါတယ်။ ဒါတွေကို လူတွေရဲ့နေ့စဉ်ဘဝမှာ ရှာဖွေသင်ယူ ရရှိနိုင်တာဘဲ ဖြစ်ပါတယ်။

ထပ်ခါ ထပ်ခါ အမှားလုပ်ခြင်းကို ရှောင်ကြဉ်ပါ

လူတွေမှာ အမှားကို ထပ်ခါထပ်ခါ လုပ်မိတတ်ကြတဲ့အခါ မိမိကိုယ်ကို ယုံကြည်မှုနည်းသွားသလို ပတ်ဝန်းကျင် အသိုင်းအဝိုင်းအလယ်မှာ လူတွေရဲ့ ယုံကြည်မှုကိုလည်း ဆုံးရှုံးကြရပါတယ်။ လူတိုင်းဟာ အမှားနဲ့မကင်းကြတာ အမှန်ပါ။ ဒါပေမယ့် အဲဒီအမှားကို အမှားမှန်းသိပြီး ပြင်ဆင်နိုင်လိုက်ရင် မိမိအတွက် များစွာကောင်းကျိုးကို ရရှိစေပါတယ်။ အမြဲတမ်း မိမိကိုယ်ကို လေ့လာဆန်းစစ်ပြီး ဘာကြောင့် ခက်ခဲနေရတယ်၊ ဘာကြောင့် လွယ်ကူချောမွေ့နေရတယ်ဆိုတဲ့အချက်ကို ရှာဖွေပြီး ပြုပြင်ကြိုးစားခြင်းဖြင့် မိမိဘဝ အတွက် လွယ်ကူချောမွေ့တဲ့နေ့ရက်တွေကို ပိုင်ဆိုင်စေမှာဖြစ်ပါတယ်။

ရှုံးနိမ့်မှုကို မကြောက်ပါနဲ့

အောင်မြင်တဲ့ပုဂ္ဂိုလ်တွေရဲ့ ဘဝဖြတ်သန်းမှုပုံစံကို လေ့လာကြည့်လိုက်တဲ့အခါ သူတို့ဟာလည်း လူသားတစ်ယောက်ဖြစ်တာကြောင့် ရှုံးနိမ့်မှုများစွာကို ရင်ဆိုင်ခဲ့ကြရပါတယ်။ လူဖြစ်လာပြီဆိုရင် ဘဝမှာ ရှုံးနိမ့်မှု၊ အောင်မြင်မှု ဆိုတာကို ရင်ဆိုင်ကြုံတွေ့ကြရမှာ ဖြစ်ပါတယ်။

ကမ္ဘာလောကမှာ လူတွေဟာ မတူညီတဲ့ ရှုံးနိမ့်မှုတွေနဲ့ ရှုံးနိမ့်ဖူးကြပါတယ်။ ဒါကြောင့် မရှုံးနိမ့်ဖူးတဲ့ ပုဂ္ဂိုလ်မရှိဘူးဆိုတာကို နားလည်ထားဖို့လိုပါတယ်။ ဒါ့အပြင် ရှုံးနိမ့်မှုဆိုတာ အောင်မြင်မှုရဲ့ အစိတ်အပိုင်းတွေဖြစ်တာကြောင့် ရှုံးနိမ့်မှုထဲက လူတွေကို အောင်မြင်စေဖို့ သော့ချက်ပေးတာတွေ အများကြီးရှိပါတယ်။

ရှုံးနိမ့်မှုဆိုတာ အောင်မြင်ဖို့အတွက် ခြေလှမ်းတွေဖြစ်တာကြောင့် ဘဝမှာ ရှုံးနိမ့်ဖို့ကို မကြောက်ဘဲ အမှားထဲက သင်ခန်းစာယူပြီး ကြိုးစားခြင်းဖြင့် အောင်မြင်မှုရဲ့ အနှစ်သာရကို ချိုမြိန်စွာ ခံစားရနိုင်ပါတယ်။

ပြောင်းလဲခြင်း တရား

လူတွေရဲ့ဘဝဟာ အမြဲတမ်း ပြောင်းလဲဖြစ်ပျက်နေကြတာကြောင့် ဘဝရဲ့နေ့စဉ်စိန်ခေါ်မှုတွေကို သတိရှိရှိ တွေးဆတတ်ဖို့ လိုပါတယ်။ အပြောင်းအလဲတရားအပေါ်မှာ လက်ခံပြီး ဆောင်ရွက်တတ်ဖို့လိုပါတယ်။ အပြောင်းအလဲတွေထဲက မိမိအတွက် ဘယ်လို ကောင်းကျိုးတွေ ရရှိနိုင်မလဲ ရှာဖွေတတ်ဖို့လိုပါတယ်။ မိမိအတွက် သက်ရောက်မှု ရှိသလား၊ မရှိဘူးလား ဆန်းစစ်လေ့လာပြီး ရှောင်ရှားတတ်ဖို့လိုပါတယ်။

မိမိကြုံခဲ့တဲ့ အပြောင်းအလဲအပေါ်မူတည်ပြီး ဘာတွေပြင်ဆင်ဖို့ လိုသလဲ၊ ဘာတွေဆင်ခြင်ဖို့ လိုသလဲ၊ ဘယ်လို ရှောင်ကြဉ်ဖို့လိုသလဲဆိုတာ ဘဝရဲ့နေ့စဉ်မတူညီတဲ့ပြောင်းလဲမှုတွေက ပေးနေတဲ့ သင်ခန်းစာတစ်ခုဖြစ်ပါတယ်။ ငယ်ငယ်တုန်းက ကျောင်းသင်ခန်းစာတွေလို ပါဘဲ။ သင်ခန်းစာတစ်ခု တတ်မြောက်ပြီးသွားရင် နောက်ထပ်သင်ခန်းစာအသစ်တစ်ခုကို သင်ယူရပြီး သင်ခန်းစာကျေညက်တဲ့ ကျောင်းသားတွေဟာ အမှတ်ကောင်းကောင်း ရရှိကြသလိုမျိုး ဘဝသင်ခန်းစာတွေကို ကျေညက်တဲ့လူတွေ ဟာလည်း ဘဝမှာ နေထိုင်မှုပုံစံကောင်းပြီး စိတ်အေးချမ်းမှုကို ပိုင်ဆိုင်နိုင်ကြပါတယ်။

Recommended for u- ဘဝမှာ လုပ်ချင်တာနဲ့ လုပ်သင့်တာ.. ဘယ်အရာကို ရွေးချယ်သင့်လဲ...

Source:Yangon Life