Outdoor Advertising

မလေးရှားတစ်နိုင်ငံလုံး ဟိုးလေးတကျော်ဖြစ်ခဲ့တဲ့ McDonald Billboard Campaign

Read 2865 times
မလေးရှားတစ်နိုင်ငံလုံး ဟိုးလေးတကျော်ဖြစ်ခဲ့တဲ့ McDonald Billboard Campaign

၂၀၁၉ ခုနှစ်အတွက် မလေးရှား နိုင်ငံတစ်လွှားမှာ ဘေဘုတ်တွေ ထောင်ပြီး  OOH Campaign ကို မဟာဗျူဟာကျကျ ခင်းကျင်းလိုက်တာ ဟိုးလေးတကျော် ဖြစ်သွားတယ်။ လူမှုကွန်ရက်တွေမှာ တစ်မုဟုတ်ချင်း ပျံ့နှံ့သွားတယ်။ အဲဒီ  OOH Campaign ရဲ့ အဓိကကျတဲ့အချက်က ဘေဘုတ်ထောင်မယ့်နေရာဒေသ တစ်ခုချင်းအရ ဘေဘုတ်ကို ဒီဇိုင်းဖန်တီးခဲ့တာဖြစ်ပြီး ပုံဖော်တာမှာ McDonal ရဲ့ ထုတ်ကုန် စားစရာတွေကိုသာ အသုံးပြုထားတာ ဖြစ်ပါတယ်။ 

မလေးရှားနိုင်ငံရဲ့ မြို့တော်ဖြစ်ပြီး ကေအယ်လ်လို့ အတိုကောက်ဖြင့် လူသိများတဲ့ ကွာလာလမ်ပူမှာ ထောင်မယ့် ဘေဘုတ်ရဲ့ ဒီဇိုင်းမှာ မြို့တော် ကေအယ်လ်ရဲ့ အထင်ကရ အဆောက်အဦးဖြစ်တဲ့ အမြွှာတာဝါ  Twin Towers လို့ လူသိများတဲ့ PETRONAS Towers ကို ရေခဲမုန့် နှစ်ခုနဲ့ ထင်ဟပ်ပြထားပြီး တာဝါနှစ်ခုအကြား ဆက်သွယ် ပေးထားတာကို အာလူးချောင်းကြော်နဲ့ ထင်ဟပ်ပြသထားတယ်။ 

 

ပီနန်ကျွန်းမှာ ထောင်တဲ့ ဘေဘုတ်မှာတော့ ပီနန်ကျွန်းကို ဆက်သွယ်ပေးထားတဲ့ တံတားကို အာလူးချောင်းကြော်တွေနဲ့ ပုံဖော်ပြီး ထင်ဟပ်ပြသထားတာ တွေ့ကြရတယ်။

 

စင်ကာပူနိုင်ငံနှင့် ကပ်လျက် တည်ရှိသော ဂျိုဟိုးဘာရူးပြည်နယ်အတွက် ဘေဘုတ်တွင် ပထ၀ီဆိုင်ရာ ထင်ရှားနေရာအစား ဂျိုဟိုးပြည်နယ်မှ Johor Southern Tigers ဘောလုံးအသင်းကို ဂုဏ်ပြုပေးထားပါတယ်။ ၎င်းဘောလုံးအသင်း၏ slogan ဖြစ်သော Luaskan Kuasamu(Expand power) ကို ရေးသားဖော်ပြေးထားပါတယ်။ 

 

Selangor ပြည်နယ်မှ သမိုင်းဝင် လိုဏ်ဂူဖြစ်သော Batu Caves ကို အာလူးချောင်းကြော်များဖြင့် လှေကားထစ်များကို ပုံဖော်ပြပေးထားတယ်။ 

 

ချမှတ်ထားတဲ့ အစီအစဉ်အရ ဘေဘုတ် စုစုပေါင်း ၅၀ ကျော်ကို မလေးရှားနိုင်ငံ ပြည်နယ်များအနှံ့ တဖြည်းဖြည်းချင်း  တထောင်သွားမှာ ဖြစ်ပြီး ဘတ်ဂျက် မလေးရှား ရင်းဂစ် သုံးသိန်းကျော် သုံးစွဲသွားမယ်လို့ ဆိုပါတယ်။ ဘေဘုတ်တိုင်းဟာ ထောင်ထားတဲ့ ဒေသကို ထင်ဟပ်ပြသပြီး ဂုဏ်ပြုပေးမှာ ဖြစ်ပါတယ်။ အခုလို ဘေဘုတ်တွေ ထောင်ခါစမှာ အထူးအဆန်း ဖြစ်ကုန်ကြတဲ့အပြင် သဘောကျနှစ်ခြိုက်ကြတာကြောင့် Facebook နဲ့ Twitter တို့မှာ ပုံတွေ တင်ကြတယ်။  နေ့ချင်းညချင်း မလေးရှား တစ်နိုင်ငံလုံး ဟိုးလေးတကျော် ဖြစ်သွားတဲ့အထိ လူသိများသွားစေခဲ့ပါတယ်။

 

 

အခုလို နေရာဒေသအလိုက် ဘေဘုတ်ဖန်တီးလုပ်ကိုင်တာဟာ အင်တာနက်မှာ ကြော်ငြာတွေကို ၀က်ဘ်သုံးစွဲသူရဲ့ တည်ရာအရပ်ဒေသနဲ့  ပတ်သက်နှီးနွှယ်တဲ့ဟာမျိုးကို ရွေးချယ်ပြီး ပြသပေးနိုင်တဲ့ ဂုဏ်သတ္တိကို ဘေဘုတ်မှာလည်း ထည့်သွင်း အသုံးပြုလိုက်တာ ဖြစ်ပါတယ်။ 

Read More >>>အေဂျင်စီကိုအပ်ထားတဲ့ Logo ပြန်ရပြီဆိုရင် အဓိကထားပြီးစစ်ဆေးသင့်တဲ့အချက်များ

Myanmar Advertising Directory