Life Hacks

သူငယ်ချင်းဆီက ပိုက်ဆံပြန်တောင်းဖို့ခက်နေလား..?

Read 337 times
သူငယ်ချင်းဆီက ပိုက်ဆံပြန်တောင်းဖို့ခက်နေလား..?

သင်ကလည်း ငွေကိုပြန်လိုချင်နေပြီ၊ သူငယ်ချင်းလုပ်သူကလည်း ပြန်ပေးဖို့ အရိပ်အယောင်မမြင်ရဘူးဆိုရင် အခင်အမင်လည်းမပျက်စေပဲ ပြန်တောင်းနိုင်ဖို့ လိုပါတယ်။ ဒါ့ကြောင့် သူငယ်ချင်းကို ချေးထားတဲ့ ပိုက်ဆံကို အခင်အမင်ပြန်တောင်းနိုင်ဖို့ နည်းလမ်းတစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။

၁။ အရင်ဆုံး ယဉ်ယဉ်ကျေးကျေး တောင်းပါ။
ပိုက်ဆံပြန်တောင်းရတာနဲ့ ပတ်သက်ပြီး လူအများစုက အားနာတတ်ကြပါတယ်။ သူတို့ ငါ့ကို ဘယ်လိုထင်သွားမလဲ၊ ငါ တောင်းလိုက်လို့ကောင်းပါ့မလား စသဖြင့် စိုးရိမ်တတ်ကြပါတယ်။ သေချာစဉ်းစားကြည့်ရင် သင့်သူငယ်ချင်းက ဒီအဆင့်ကို ကျော်လွန်ပြီး သင့်ဆီက ပိုက်ဆံချေးသွားပြီးပြီ ဖြစ်ပါတယ်။ သင် ပြန်တောင်းရတာက သင့်ပိုက်ဆံဖြစ်ပါတယ်။ ဒါ့ကြောင့် ဘာမှစိုးရိမ်နေစရာမလိုပါဘူး။ သင် ဘယ်လိုပုံစံနဲ့ ပြန်တောင်လဲဆိုတာကပဲ အရေးကြီးပါတယ်။ ငါ့ ပိုက်ဆံဘယ်တော့ပြန်ဆပ်မှာလဲ၊ ချေးထားတာ တော်တော်ကြာပြီလို့ ပြောတာထက် ငါ အသုံးလိုနေလို့ ချေးထားတဲ့ပိုက်ဆံပြန်ပေးနိုင်မလား ဆိုတာက ဆက်ဆံရေးကို မထိခိုက်စေနိုင်တဲ့ အပြောအဆိုမျိုးဖြစ်ပါတယ်။

၂။ ပိုက်ဆံရနိုင်မယ့် အလုပ်ရှာပေးလိုက်ပါ။
ပိုက်ဆံချေးထားတဲ့သူငယ်ချင်းအတွက် ၀င်ငွေရရှိနိုင်မယ့် အလုပ်တစ်ခုခု ပေးလိုက်တာကလည်း သင့်ပိုက်ဆံပြန်ရဖို့ အထောက်အကူဖြစ်စေမှာပါ။ သူက ဂရပ်ဖစ်ဒီဇိုင်နာ လုပ်တယ်ဆိုရင် သင့်အသိမိတ်ဆွေတွေထဲက အလုပ်အပ်ချင်သူတစ်ယောက်နဲ့ ချိတ်ပေးလိုက်ပါ။ ကားပြင်တတ်တယ်ဆိုရင် သင့်ကားကို ပြင်ခိုင်းလိုက်ပါ။ ဘယ်သူ့မှာမဆို ကျွမ်းကျင်မှုအတတ်ပညာတစ်ခုခုရှိကြပါတယ်။ ဒီဟာကို အသုံးချပြီး ငွေရှာနိုင်အောင် လုပ်ပေးလိုက်ပါ။

၃။ သူတို့ ပိုင်ဆိုင်တဲ့ ပစ္စည်းတစ်ခုခုကို ရယူလိုက်ပါ။
သင် ချေးထားတဲ့ ငွေကို ပြန်တောင်းဖို့က ခက်ခဲနေမယ်ဆိုရင် ဒီနည်းလမ်းကိုလည်း အသုံးပြုနိုင်ပါတယ်။ သင့် သူငယ်ချင်းဆီမှာရှိတဲ့ ပစ္စည်းတွေထဲက သင်သဘောကျလိုချင်တဲ့ ပစ္စည်း တစ်ခုခုရှိမလား ကြည့်ပါ။ သင် ချေးထားတဲ့ ငွေနဲ့ တန်ဖိုးတူလောက်ဖြစ်မယ့် ပစ္စည်းမျိုးကို ဆိုလိုပါတယ်။ ငွေ နှစ်သောင်းလောက်ချေးပြီး Flat TV ကြီးလိုချင်နေလို့တော့ မရပါဘူး။ တစ်ခု သတိပြုရမှာက သူတို့ကိုယ်တိုင်က လိုလိုလားလားပေးချင်တဲ့ ပစ္စည်းမျိုးဖြစ်ပါတယ်။ ဒါမှသာ နှစ်ဖက်စလုံး စိတ်အနှောင့်အယှက်ကင်းကြမှာဖြစ်ပါတယ်။

၎။ သတိပေးပါ။
သင့်ရဲ့ သူငယ်ချင်းက အရေးကြီးကိစ္စတစ်ခုခုကြောင့် ငွေချေးသွားပြီး ပြန်ပေးဖို့ မေ့နေတာဆိုရင် သတိပေးတဲ့ နည်းလမ်းက အဆင်ပြေနိုင်ပါတယ်။ ဒါ့ကြောင့် သူငယ်ချင်း မင်း ငွေလိုတဲ့ကိစ္စက အဆင်ပြေသွားပြီလား ဘယ်လိုနေသေးလဲ စသဖြင့် မေးမြန်းတာလေးတွေက သင့်အနေနဲ့ သူ့ဆီကနေ ငွေပြန်ရဖို့ရှိသေးတာကို မမေ့သေးကြောင်း သဘောပေါက်သွားစေနိုင်ပါတယ်။ သူမှာလည်း ပြန်ပေးရမယ့် တာဝန်ရှိကြောင်း သတိပေးပြီးသားဖြစ်စေပါတယ်။

၅။ အတူတူငွေသုံးရမယ့်ကိစ္စတွေ လျှော့ပါ။
သင့်ရဲ့ ပိုက်ဆံပြန်လိုချင်ကြောင်း သိစေနိုင်မယ့် နောက်ထပ်နည်းလမ်းတစ်ခုက ငွေသုံးစွဲရမယ့်ကိစ္စတွေကို လျှော့လိုက်တာပဲဖြစ်ပါတယ်။ ငွေချေးထားတဲ့ သူငယ်ချင်းက နေ့လည်စာအတူသွားစားဖို့ ခေါ်ရင် ငါ့မှာ ပိုက်ဆံပြတ်နေလို့ မလိုက်တော့ပါဘူး ဆိုတာမျိုး၊ အခြားအလည်အပတ်သွားဖို့ခေါ်တာမျိုးမှာ ငါ့မှာ အဲ့ဒီလိုတွေ လုပ်ဖို့ ပိုက်ဆံမရှိသေးဘူးဆိုတာမျိုးတွေ ပြောပါ။ သင့်ရဲ့ သူငယ်ချင်းက အခြေခံလူမှုရေးလောက် နားလည်မယ်ဆိုရင်တောင်မှ သင့်ကို ပိုက်ဆံပြန်ပေးရတော့မယ်ဆိုတာကို သဘောပေါက်ပါလိမ့်မယ်။

၆။ ငွေပြန်ပေးနိုင်မယ့် အစီအစဉ်တစ်ခု ချပေးပါ။
သင့် သူငယ်ချင်းက ငွေကိုတစ်ခါထဲ အကျေပေးနိုင်ဖို့ ခက်ခဲနေမယ်ဆိုရင် နည်းနည်းချင်းစီ ခွဲပေးဖို့ အစီအစဉ်ချပေးလိုက်ပါ။ စကားနဲ့ပဲ ပြောရုံလောက်နဲ့ စိတ်မချရဘူးဆိုရင် စာရွက်ထဲမှာ သဘောတူညီချက် ချရေးပြီး လက်မှတ်ထိုးထားပါ။

၇။ အရေးတကြီးငွေလိုနေကြောင်း ပြောပါ။
ဒီအချိန်မှာ တကယ်ဖြစ်ဖြစ်မဖြစ်ဖြစ် အရေးမကြီးပါဘူး။ သင့်ရဲ့ငွေကို ကို အရေးတကြီး ပြန်လည်လိုအပ်နေကြာင်း သူငယ်ချင်းဖြစ်သူ သိသွားဖို့ပဲ လိုပါတယ်။ သူတို့ သင့်ဆီက ချေးတုန်းကလိုမျိုး အရေးတကြီးငွေလိုအပ်နေတဲ့အတွက် ပြန်ပေးဆပ်ဖို့ ပြောပါ။ သတိပေးလိုက်ပါ။

၈။ သင့်အစား ငွေရှင်းခိုင်းပါ။
သင့်အနေနဲ့ အမှန်တကယ် ငွေလိုအပ်နေပြီဆိုရင် ဘယ်လိုလုပ်မလဲ။ ငွေချေးထားတဲ့တဲ့ သူငယ်ချင်းနဲ့ အပြင်အတူသွား စားကြသောက်ကြ၊ ၀ယ်ကြခြမ်းကြတဲ့အခါကျရင် သင်ဝယ်တဲ့ပစ္စည်းပစ္စယတွေအတွက် သူတို့ကို ငွေရှင်းခိုင်းလိုက်ပါ။ အများစုက ဒီလိုအခြေအနေမျိုးနဲ့ အဆင်ပြေကြပါတယ်။ သူတို့က မရှင်းပေးချင်ဘူးဆိုရင် သင့်အနေနဲ့ ငွေပြန်ရဖို့ အကြာကြီးစောင့်ခဲ့ပြီးပြီဖြစ်တဲ့အတွက် အခုလို မပေးနိုင်တော့တာဖြစ်ကြောင်း ပြောလိုက်ပါ။

၉။ နီးစပ်သူတစ်ယောက်ယောက်ကို သတိပေးခိုင်းပါ။
သင့်အနေနဲ့ ကိုယ်တိုင်တိုက်ရိုက်သွားတောင်းရမှာကို မတောင်းချင်ဘူးဆိုရင် သူတို့နဲ့ နီးစပ်တဲ့လူတစ်ယောက်ယောက်ကို သတိပေးခိုင်းပါ။ အိမ်ထောင်ဖက်ကိုပဲဖြစ်ဖြစ်၊ အခြားသူငယ်ချင်းတစ်ယောက်ယောက်ကိုပဲ ဖြစ်ဖြစ် အကူအညီတောင်းပြီး ငွေပြန်ဆပ်ဖို့ သတိပေးခိုင်းပါ။ ဒီနည်းလမ်းက ငွေချေးထားတဲ့ သူငယ်ချင်းနဲ့ ကူညီပေးတဲ့သူရဲ့ ဆက်ဆံရေးပေါ်မှုတည်ပြီး ထိရောက်မှုရှိပါတယ်။

Source: Gentleman magazine